သတင်း

ပွင့်ဖြူတွင် ရဲစခန်းမှူးကားနှင့် စစ်ကား မိုင်းဆွဲခံရ 

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် ရဲစခန်းမှူး မောင်းလာသော မော်တော်ယာဉ်နှင့် လုံခြုံရေးလိုက်ပါလာသော စစ်တပ်သုံး FAW ကားတစ်စီးတို့ကို ယမန်နေ့ (အောက်တိုဘာ၂၀) ညပိုင်း၌ မိုင်းဆွဲတိုက်ခိုက်ရာ အနည်းဆုံး ၄ ဦး သေဆုံးခဲ့သည်ဟု People Revolution Association (PRA) မကွေးအဖွဲ့ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ယက္ခက ပြောသည်။

ည ၁၁ နာရီခန့်က ရှောက်တော-မဲဇလီလမ်းတွင် ဖြတ်သန်းသွားသည့် ယင်းကား ၂ စီးကို ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စခန်းမှူးကား မိုင်းဆွဲခံရပြီးနောက် စစ်ကားပေါ်မှ စစ်သားများက ဆင်းလာပြီး ရမ်းသန်းပစ်ခတ်နေစဉ် ထပ်မံမိုင်းခွဲခဲ့သည်ဟု ၎င်းက ဆိုသည်။

“ပထမဆုံးအလုံး ခွဲတဲ့အချိန်မှာတော့ စခန်းမှူးကားသေးကတော့ ဆိုးဆိုးရွားရွားပျက်စီးသွားတာ တွေ့ရတယ်။ နောက်က FAW ကားကတော့ အနည်းငယ်ပဲ ထိတာ။ အဲဒီကားပေါ်ကနေ စစ်သားတွေ ဆင်းလာပြီး ပစ်ခတ်တာ ရှိတာပေါ့။ နောက်ထပ်ထောင်ထားတဲ့(မိုင်း) အလုံးနားရပ်ပြီး ပစ်နေတာတွေ့တော့ ခွဲချလိုက်တာ။ ၄ ဦးကျတာ မြင်ခဲ့ရတယ်” ဟု သူက Myanmar Now ကို ပြောသည်။

ပြောက်ကျားတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

စခန်းမှူးကား တိုက်ခိုက်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းရန် ပွင့်ဖြူမြို့နယ်ရဲစခန်းကို Myanmar Now က အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် တုံ့ပြန်ချက် မရခဲ့ပေ။ 

ပြီးခဲ့သည် အောက်တိုဘာ ၁၄ ညကလည်း စလင်းမြို့မရဲစခန်း၊ စည်ပင်သာယာရုံး၊ လျှပ်စစ်ရုံးများကို PRA မကွေးအဖွဲ့က ဗုံးပစ်လောင်ချာ M 79 ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအပြီး စလင်း၊ မကွေး၊ ပွင့်ဖြူမြို့များတွင် လုံခြုံရေးတင်းကျပ်ထားပြီး အရပ်သားများကို သံသယဖြင့် ဖမ်းဆီးနေကြောင်း ဗိုလ်ယက္ခက ပြောသည်။

“အရပ်ဝတ်နဲ့ တပ်ဖြန့်ပြီး လုံခြုံရေးဆောင်ရွက်နေတာတွေလည်း ရှိတယ်။ မဆိုင်တဲ့လူတွေ ဖမ်းတာတွေ အမြောက်အမြားရှိတယ်။ စစ်ကောင်စီက ဘယ်လိုလဲဆိုတော့ တစ်ခုခုဖြစ်ပြီဆို ဆိုင်ဆိုင်မဆိုင်ဆိုင် တော်လှန်ရေးအင်အားစုတွေ အပြစ်မြင်အောင် လုပ်လေ့ရှိတယ်။ မင်းတို့ကြောင့် ဒီလိုဖြစ်ရတာဆိုတဲ့ အမြင်မျိုးပေါ်လာအောင် လုပ်တယ်။ ရမ်းသန်းဖမ်းဆီးနှိပ်စက်တာတွေကတော့ တောက်လျှောက်ဖြစ်နေတယ်”ဟု ဗိုလ်ယက္ခက ပြောသည်။

PRA မကွေးအဖွဲ့နှင့် ဒေသဆိုင်ရာ ကာကွယ်ရေးအဖွဲ့များသည် ပြောက်ကျားတိုက်ပွဲများကို အရှိန်မြှင့်တော့မည်ဖြစ်သောကြောင့် ပြည်သူလူထုများအနေဖြင့် စစ်ကောင်စီအဆောက်အအုံ၊ ယာဉ်တန်းနှင့် စစ်ကောင်စီအုပ်စုများအနီးတွင် ရောယှက်နေထိုင်သွားလာခြင်း၊ ဘာသာရေးအကြောင်းပြချက်ဖြင့် လူစုလူဝေးများမပြုလုပ်ရန် ၎င်းအဖွဲ့က သတိပေးထားသည်။

ဧပြီ ၂၉ တွင်လည်း PRA (မကွေး) အဖွဲ့က မကွေးမြို့လေတပ်စခန်းဌာနချုပ်အတွင်း ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံး ပစ်ခတ်ခဲ့သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button