သတင်း

ရန်ကုန်-မန္တလေး ရထားလမ်း ပိန်းဇလုပ်ဘူတာအနီး မိုင်းခွဲခံရ

ပဲခူးတိုင်း ပိန်းဇလုပ်ဘူတာနှင့် ညောင်လေးပင်ဘူတာကြားသို့ မန္တလေးမှ လာသည့် ရထားရောက်မလာမီ ပေါက်ကွဲမှုဖြစ်ပွားရာ ရထားသံလမ်း ပျက်စီးသွားသည်။

ပဲခူးတိုင်း ပိန်းဇလုပ်ဘူတာနှင့် ညောင်လေးပင်ဘူတာကြား ယနေ့ (အောက်တိုဘာ ၁၇) နံနက်ပိုင်းတွင် မိုင်းခွဲခံရခြင်းကြောင့် သံလမ်း ပျက်စီးသွား​ကြောင်း သိရသည်။

မောင်းနှင်လာသည့် ရထားတွဲ ထိခိုက်မှုမရှိဘဲ ကျောက်တံခါးဘူတာအနီး ရပ်နားထားကြောင်း၊ သံလမ်းကို အမြန်ဆုံး ပြုပြင်နေကြောင်း ယင်းလမ်းပိုင်းတွင် တာဝန်ထမ်းထမ်းဆောင်နေသည့် မီးရထားဝန်ထမ်းတစ်ဦးက ပြောသည်။

“ရထားမရောက်ခင် မိုင်းက ကွဲသွားတာ၊ ရထားသွားတဲ့အခါကျတော့ လမ်းကြီးက ကန့်လန့်ကြီးဖြစ်၊ သံလမ်းတွေက ပြုတ်၊ အဲဒါနဲ့ ရထားကို ရပ်ပြီး နောက်ကို ပြန်ဆုတ်တာ၊ လူတွေတော့ ဘာမှမဖြစ်ဘူး” ဟု ပြောသည်။

ပိန်းဇလုပ်မြို့ တောင်ဘက် ၂ မိုင်ခန့်အကွာ ကလိန်ခင်ရွာနှင့် ထိန်တပင်ရွာအကြားတွင် ပေါက်ကွဲခြင်း ဖြစ်သည်။

ရထားသံလမ်း မိုင်းခွဲခံရသည်ကို ဒေသခံတစ်ဦးကလည်း အတည်ပြုသည်။

“ကလိန်ခင်နဲ့ ထိန်တစ်ပင်ရွာကြားက ရထားလမ်း ပျက်စီးသွားတယ်။ လူအထိအခိုက်မရှိဘူး” ဟု ၎င်းက ဆိုသည်။

ပျက်စီးနေသည့် ရထားလမ်းပိုင်းကို ပြင်ဆင်မှု ပြီးစီးမည့် နေ့လယ် ၂ နာရီ နောက်ပိုင်းတွင် ရန်ကုန်သို့ ဆက်လက်ပြေးဆွဲ မောင်းနှင်ရန် စီစဉ်နေကြောင်း ၎င်းက ဆက်ပြောသည်။

ရထားလမ်းကို မည်သည့်အဖွဲ့က မိုင်းခွဲဖျက်ဆီးခြင်း ဖြစ်ကြောင်း မသိရသေးသလို ရထားပေါ်တွင် စစ်ကောင်စီတပ်သားများ ပါဝင်ခြင်းရှိမရှိ မသိရသေးပေ။

ဒေသတွင်း တော်လှန်ရေးအင်အားစုများက လမ်း၊ တံတားများကို ဖျက်ဆီးတိုက်ခိုက်လေ့ရှိသည်၊ အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်၊ ရိက္ခာ၊ စစ်သည်အင်အား သယ်ယူပို့ဆောင်မှုကို ဟန့်တားခြင်း ဖြစ်သည်ဟု ထိုအဖွဲ့များက အကြောင်းပြကြသည်။

စစ်ရေးအခြေအနေကြောင့် ဒေသခံတို့ ပိုမို သတိထား နေထိုင်သင့်သည်ဟု တောင်ငူခရိုင်အတွင်း ချေးငွေလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက သတိပေးသည်။

“အဲဒီလိုမိုင်းတွေ ဗုံးတွေခွဲပြီးရင် ဒီမှာက အပြင်မထွက်တာ ကောင်းတယ်။ ရက်ပိုင်းလောက်ကတော့ မသင်္ကာလို့ ဒေသခံ လူငယ်တွေ ဆွဲခံရတာတွေက အမြဲလုပ်တယ်၊ သွားစရာရှိရင်တောင် ဖြစ်ခဲ့တဲ့ နေရာတွေ မသွားနဲ့” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစ်ရေးအရ အဓိကအချက်အချာကျသည့် စစ်တောင်းမြစ်ဝှမ်းဒေသကို တော်လှန်ရေးအင်အားစုများက ခြေကုပ်ယူနိုင်ရန် ကြိုးစားနေပြီး ညောင်လေးပင်၊ ရွှေကျင်၊ ကျောက်ကြီး၊ ဖြူး၊ ရေတာရှည် စသည့် ဒေသများ၌ တော်လှန်ရေးအင်အားစုက စစ်ကောင်စီကို ခုခံ တိုက်ခိုက်နေသည်။

ယခုနှစ် ဇွန်လအတွင်းတွင် ပဲခူးတိုင်း ကညွတ်ကွင်းမြို့နယ်တွင် ရန်ကုန် – မန္တလေး မီးရထားသံလမ်း ဗုံးပေါက်ကွဲပြီး ရထားတွဲ တစ်တွဲ လမ်းချော်ခဲ့‌သည်၊ ဒဏ်ရာရသူ မရှိခဲ့ပေ။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညောင်လေးပင်မြို့ ရထားဘူတာ မိုင်းပေါက်ကွဲမှုတွင်မူ ခရီးသည် ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည်။ သို့သော်လည်း မည်သည့်အဖွဲ့၏ လက်ချက်မှန်း မသိရပေ။

၂၀၂၁ နှစ်ဆန်းပိုင်း အာဏာသိမ်းမှု ဆန့်ကျင်သူများကို စစ်တပ်က ပစ်သတ်ရာမှ လက်နက်ကိုင်ခုခံမှု ဒေသအများအပြားတွင် ပေါ်ပေါက်လာသည်။

တိုက်ခိုက်ခံရသည့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းပေါ်ရှိ ပဲခူးတိုင်း ပိန်းဇလုပ်ဘူတာနှင့် ညောင်လေးပင်ဘူတာကြားရှိ ရထားသံလမ်း တည်နေရာပြမြေပုံ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button