သတင်း

ဘူးသီးတောင်တွင် အချင်းချင်းပစ်ခတ်မှုကြောင့် နယ်ခြားစောင့်ရဲသေဆုံး

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ညောင်ချောင်းကျေးရွာ နယ်ခြားစောင့်ရဲစခန်းတွင် ယမန်နေ့ (အောက်တိုဘာ ၁၉) ညနေ ၃ နာရီခွဲခန့်က အချင်းချင်းပစ်ခတ်မှုကြောင့် တပ်သားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ည ၇ နာရီခွဲခန့်တွင် ရုပ်အလောင်းကို စခန်းနောက်ဘက် ခြံစည်းရိုးအပြင်ဘက်တွင် ထားရှိကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက Myanmar now ကို ပြောသည်။

“သူတို့အချင်းချင်း ပြဿနာတက်လို့ ပစ်ခတ်မှုဖြစ်တယ်လို့ သိရတယ်။ ပစ်တဲ့သူကိုတော့ စခန်းမှာ ဖမ်းထားတယ်လို့ ပြောတယ်။ နာမည်တွေကိုတော့ မရဘူး” ဟု သူက ပြောသည်။

စခန်းအနီး နေထိုင်သူတစ်ဦးကလည်း အလားတူပြောသည်။ 

“အချင်းချင်း သေနတ်ပစ်ကြတယ်လို့ ထင်တယ်။ အသံတော့ တစ်ချက်ကြားလိုက်ရတယ်။ သူတို့ငြင်းတာက လက်ပစ်ဗုံးတစ်လုံးကို ဖြုတ်လိုက်၊ တပ်လိုက်လုပ်တဲ့အချိန် ပေါက်ကွဲသွားတာလို့ ပြောတယ်” ဟု စခန်းအနီး နေထိုင်သော ဒေသခံ အမျိုးသားက ဆိုသည်။

ယနေ့ (အောက်တိုဘာ ၂၀) နေ့ခင်း ၂ နာရီခန့်တွင် သေဆုံးသူ၏ ရုပ်အလောင်းကို စခန်းအပြင်ဘက် ရေကန်ဘေးတွင် သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ထင်းတွေနဲ့ တာယာခွံတွေနဲ့ မီးသင်္ဂြိုဟ်လိုက်တယ်။ ပြီးတော့ အဲဒီရေကန်ဘေးမှာ မြေမြှုပ်လိုက်တာကို မြင်နေရတယ်” ဟု ၎င်းမျက်မြင်သက်သေက ပြောသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

အဆိုပါ ရဲစခန်းသည် ၂၀၁၉ ဇူလိုင် ၂၆ တွင် တိုက်ခိုက်ခံရဖူးသည်။ ရက္ခိုင့်တပ်တော်(AA) က ဝင်ရောက်တိုက်ခိုက်စဉ် ဒေသခံအရပ်သား ၄ ဦး ဒဏ်ရာရခဲ့သည်။

လက်ရှိ ညောင်ချောင်း နယ်ခြားစောင့်ရဲစခန်းတွင် ရဲအင်အား ၄၀ ခန့်ရှိကြောင်း၊ အာဏာသိမ်းစစ်ကောင်စီတပ်၏ တပ်မ ၂၂ မှ စစ်သည်အင်အား ၁၀၀ ခန့်လည်း ၎င်းစခန်းတွင် တပ်စွဲနေသည်မှာ ၆ လခန့်ရှိပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာ ၆ ရက်နေ့ကလည်း အချင်းချင်းပစ်ခတ် သေဆုံးမှု ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ပေါ်တွင် ပေါ်ပေါက်ခဲ့ဖူးသည်ဟု ပလက်ဝမြို့ခံများက ပြောသည်။

စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် ဘာသာရေးအဆောက်အအုံတွင် သေဆုံးခြင်းဖြစ်သည်ဟု ရပ်မိရပ်ဖတစ်ဦးက Myanmar Now ကို ပြောသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button