သတင်း

ဦးကိုနီအမှုမှ ဇေယျာဖြိုးက ဦးရောဘတ်စန်းအောင်ကို တရားစွဲမည်

(ရန်ကုန်) – ဦးကိုနီလုပ်ကြံခံရမှုတွင် တရားရင်ဆိုင်နေရသည့် ဇေယျာဖြိုးက တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်ကို တရားရုံးမထီမဲ့မြင်မှု အပါအဝင် ပုဒ်မ ၃ ခုဖြင့် တရားစွဲရန် စီစဉ်နေကြောင်း သူ၏ရှေ့နေက ပြောသည်။

စကားလုံးအသုံးအနှုန်းတစ်ခုနှင့် ပတ်သက်ပြီး ထိုသို့ စွဲဆိုရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဦးဇေယျာဖြိုး၏ ရှေ့နေ ဒေါ်ပပဝင်းက ဆိုသည်။

“ဦးရောဘတ်စန်းအောင်က ဦးကိုနီကို သတ်တဲ့ ဇေယျာဖြိုးဆိုပြီး တရားရုံးက စီရင်ချက် မချသေးတာကို သူက ပြောတာကြောင့်ပါ” ဟု ဒေါ်ပပဝင်းက ရှင်းပြသည်။

ဦးရောဘတ်စန်းအောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီကို လုပ်ကြံမှုတွင် သေဆုံးခဲ့ရသည့် အငှားယာဉ်မောင်း ဦးနေဝင်း၏ မိသားစုအတွက် အကျိုးဆောင်ပေးလျက်ရှိသည်။

တရားရုံးများ မထီမဲ့မြင်မှု ပုဒ်မ(၃)၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၂၈ တရားရုံးကို မထီမဲ့မြင့် ပြုမှု၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၄ ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်အောင် လုပ်မှုများဖြင့် တရားစွဲရန် စီစဉ်နေကြောင်း ဒေါ်ပပဝင်းက ပြောသည်။

ယနေ့ (သြဂုတ် ၉)တရားခွင်တွင် အထူးခုံရုံးတရားသူကြီးက တရားရုံး မထီမဲ့မြင်ပြုမှုကို တရားလွှတ်တော်ကသာ စီရင်ပိုင်ခွင့်ရှိသည်ဟု အမိန့်ချမှတ်ခဲ့သည့် အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ရုံးပြောင်း လျှောက်ထားရမည် ဖြစ်သည်။

ဦးရောဘတ်စန်းအောင်က လူသတ်မှုဖြင့် စွပ်စွဲခံနေရသူများသည် ၎င်းတို့ကို ခြိမ်းခြောက်နေသည့် သဘောမျိုးရှိနေကြောင်း၊ တရားရုံးမှာလည်း လုံခြုံရေး အားနည်းနေကြောင်း ပြောသည်။

“အစကတည်းက ထမင်းဝအောင်စားထားတို့ ဘာတို့ညာတို့ အကြိမ်ပေါင်းများစွာ လှုပ်ရှားမှုတွေ ရှိခဲ့တယ်။ ရဲက လုံခြုံရေးကို ထိန်းသိမ်းတဲ့အခါ အားနည်းချက်တွေ ရှိတယ်” ဟု ၎င်းက တရားခွင်မှ အထွက်တွင် သတင်းထောက်များကို ပြောသည်။

ပြီးခဲ့သည့် တစ်ပတ်ရုံးချိန်းတွင် တရားလိုရှေ့နေ ဦးနေလက အောင်ဝင်းဇော်ကို စစ်ဆေးရာတွင် ကြည်လင်းမှာ တောသားဖြစ်ခြင်းကြောင့် အောင်ဝင်းဇော်က လေဆိပ်နှင့်ဦးကိုနီနေအိမ်၊ ရုံးခန်များကို လိုက်ပို့ သလားဟု မေးမြန်းခဲ့သည်။ ထိုမေးခွန်းကြောင့် တရားလိုရှေ့နေများနှင့် လူသတ်မှုသံသယဖြင့် ထိန်းသိမ်းခံနေရသူများကြား အပြန်အလှန် စွပ်စွဲပြောဆိုမှုများ ရှိခဲ့သည်။

လုပ်ကြံသတ်ဖြတ်မှုအတွက် ကြေးစားငှားရန် ငွေပေးသူအဖြစ် စွပ်စွဲခံထားရသူ ဦးဇေယျာဖြိုးကို သြဂုတ်လ ၁ဝ ရက်နေ့ မနက်ပိုင်းတွင် စတင် စစ်ဆေးသွားမည်ဖြစ်သည်။

Show More

Related Articles

Back to top button