စာသင်နှစ် တစ်နှစ်မနစ်နာရေးဟု ဆိုကာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများကို နိုဝင်ဘာတွင် ပြန်ဖွင့်ရန် စစ်ကောင်စီက စိုင်းပြင်းနေကြောင်း ပညာရေးဝန်ထမ်းများထံမှ စုံစမ်းသိရှိရသည်။
အာဏာသိမ်းပြီးနောက် ပြန်ဖွင့်သည့် ကျောင်းများကို ကိုဗစ်နိုင်တင်း (Covid-19) တတိယလှိုင်းကြောင့် ဇူလိုင် ၉ မှစ၍ ပိတ်ထားခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ထုတ်ချေးပေးထားသည့် နှစ်လစာအတိုးမဲ့ချေးငွေကို ပြန်တောင်းနေကြောင်း၊ အသက် ၁၂ နှစ်အထက် ကျောင်းသားများကို ကိုဗစ်ကာကွယ်ဆေးထိုးပြီးပါက ကျောင်းပြန်ဖွင့်နိုင်သည်ဟု စစ်ကောင်စီဘက်က အကြောင်းကြားထားကြောင်း မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်မှ အမည်မဖော်လိုသည့် ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ နိုဝင်ဘာလဆန်း၌ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းတွင်း၊ ကျောင်းပြင်သန့်ရှင်းရေးနှင့် စာသင်ခန်းများပြင်ဆင်နိုင်ရန် မြို့နယ်ပညာရေးမှူးကို ညွှန်ကြားသည့် အကြောင်းကြားစာလည်း Facebook လူမှုကွန်ရက်တွင် ပြန့်နေသည်။
၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်ကာကွယ်ဆေးထိုးရန်၊ ကပ်ဘေးကြိုတင်ကာကွယ်ရန်၊ ကာကွယ်ရေးပစ္စည်းများ ဝတ်ဆင်စေရန်၊ အပူချိန်တိုင်းတာရန်၊ စာသင်ခန်းအတွင်း ခပ်ခွာခွာနေထိုင်ရန် စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာ မြန်မာ့အလင်းသတင်းစာက ယမန်နေ့ (အောက်တိုဘာ ၁၁) တွင် အသိပေးကြေညာထားသည်။
စာသင်ကျောင်းများပြန်ဖွင့်မည့် အခြေအနေနှင့် ပတ်သက်ပြီး မေးမြန်းရန် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကို Myanmar Now က ဆက်သွယ်သော်လည်း တုံ့ပြန်မှုမရသေးပေ။
စီမံအုပ်ချုပ်မှုကို ၎င်းတို့ ကျွမ်းကျင်ကြောင်း ဗိုလ်ချုပ်ကြီးများက ပြသလိုဟန်ရှိသည်ဟု လေ့လာသူများ၊ ပညာရေးဝန်ထမ်းများက ဝေဖန်ကြသည်။
စစ်ကောင်စီသည် တစ်နှစ်လျှင် ၂ တန်းသင်မည်ဟုပင် ပြောဆိုထားဖူးကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည် မူလတန်းပြဆရာမ ဒေါ်နီလာဝင်းက မှတ်ချက်ပြုသည်။
ပုံမှန်အားဖြင့် သီတင်းကျွတ်ကျောင်းပိတ်ရက်မတိုင်မီ သင်ခန်းစာများကို ဖိဖိစီးစီးသင်ကြားလေ့ရှိသောကြောင့် နိုဝင်ဘာတွင် ဖွင့်လှစ်မည်ဆိုပါက ထိရောက်မှုမရှိသည့်၊ လုံခြုံစိတ်ချရသည့်စာသင်ခန်း မဖြစ်မည်ကို စိုးရိမ်ကြောင်း ၎င်းက ဆိုသည်။
အခြေခံပညာသင်ရိုးညွှန်းတမ်းမှာ ၃၆ ပတ်စာဖြစ်ပြီး မည်ကဲ့သို့ ဖြတ်တောက်သင်ကြားမည်ကို မသိရကြောင်း ဆရာ၊ ဆရာမများကိုလည်း သင်ရိုးညွှန်းတမ်းများအတွက် လေ့ကျင့်ပညာပေးသည်ကို မကြားမိကြောင်း ၎င်းက ဆက်ပြောသည်။
“အွန်လိုင်းကနေ ဆွေးနွေးတယ်။ မြေပြင်မှာပဲ သင်တန်းပေးပြီး ဆွေးနွေးတယ်။ ဒီသင်ရိုးညွှန်းတမ်းကို သင်ကြားဖို့ သင်ရိုးညွှန်းတမ်းပြင်ဆင်မှုတွေကို လုပ်သံလည်း မကြားဘူး။ အဲဒီလို လုပ်သံလည်း မကြားဘဲနဲ့ အခု ကျောင်းထဖွင့်မယ်ဆိုတော့ တကယ်ပဲ ကလေးတွေရဲ့ ထိရောက်တဲ့ သင်ယူမှုကို ဦးစားပေးသလား။ ဘာအတွက် ဦးစားပေးသလဲတော့ မသိဘူး။ မေးခွန်းထုတ်စရာတော့ရှိတယ်” ဟု ၎င်းက ဆိုသည်။
စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ ဗုံးကွဲခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်း၊ ကပ်ဘေးကူးစက်နိုင်ခြေရှိခြင်းတို့ကြောင့် မငြိမ်မသက်ဖြစ်နေသည့် အခြေအနေတွင် စစ်ကောင်စီက ဇွန် ၁ တွင် အခြေခံပညာကျောင်းများကို ဖွင့်လှစ်ခဲ့သော်လည်း ကျောင်းမတက်ရေးလှုပ်ရှားမှုများနှင့် ကြုံခဲ့ရကာ စစ်ပွဲများရပ်တန့်ခါစ ရခိုင်ပြည်နယ်မှလွဲ၍ အခြား တိုင်းနှင့် ပြည်နယ်များတွင် ကျောင်းအပ်နှံသူ နည်းပါးခဲ့သည်။
အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို နှိမ်နင်းရန် စေလွှတ်ထားသော စစ်တပ်က စာသင်ကျောင်းများတွင်လည်း စခန်းချတပ်စွဲနေတတ်သည်။
မြို့အသီးသီးတွင် လမ်းပေါ်ထွက် ဆန့်ကျင်ကန့်ကွက်သူ၊ လက်နက်ကိုင်အန်တုသူတို့ကို အလွန်အကျွံနှိမ်နင်းသဖြင့် မြို့ပြက စစ်မြေပြင်ဖြစ်နေသော အခြေအနေတွင် ကျောင်းပြန်ဖွင့်ရန် စီစဉ်လာခြင်း ဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)


