အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တစ်ဒေါ်လာ ကျပ် ၃၀၀၀ အထိ ခေါ်စျေး ရှိနေ

စစ်တပ်အာဏာသိမ်းပြီး ၈ လအကြာတွင် ယနေ့ (စက်တင်ဘာ ၂၉) တွင် အခေါက်ရွှေတစ်ကျပ်သားကို ၂၂ သိန်း ၂ သောင်းနှင့် အမေရိကန်တစ်ဒေါ်လာလျှင် ၃၀၀၀ ကျပ် (ခေါ်ဈေး) အထိ စံချိန်တင်မြင့်တက်လာကြောင်း ငွေလဲကောင်တာများနှင့် ရွှေဆိုင်များထံမှ စုံစမ်းသိရှိရသည်။

ကျပ်ငွေအပေါ် လူထုက ယုံကြည်မှုလျော့နည်းလာခြင်း၊ နိုင်ငံတစ်ဝန်းစစ်ရေးတင်းမာနေခြင်း၊ ပို့ကုန်နည်းပြီး သွင်းကုန်နည်းကာ ပြည်တွင်းငွေကြေးဈေးကွက်တွင် ဒေါ်လာနည်းပါးပြီး ဝယ်လိုအားများခြင်း၊ အာဏာသိမ်းစစ်ကောင်စီအပေါ် ယုံကြည်မှုမရှိခြင်း စသည်တို့ကြောင့် ဒေါ်လာဈေးကွက် ပျက်သွားပြီး ဈေးအဆမတန် မြင့်တက်လာခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်များက သုံးသပ်သည်။

“မြန်မာကျပ်ငွေက Inflation (ငွေကြေးဖောင်းပွမူ) အဆင့်ကို ကျော်ပြီး Hyperinflation (အလွန် ငွေကြေးဖောင်းပွမူ) အဆင့်ကို ရောက်ဖို့ တာစူနေပြီ။ ဒီဟာက နိုင်ငံရေးအရဖြစ်လာတာ၊ ဈေးကွက်ကို ဘယ်လိုမှ ထိန်းချုပ်လို့ မရနိုင်ဘူး ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စက်တင်ဘာ ၂၈ နံနက်ပိုင်းတွင် တစ်ဒေါ်လာ ၂,၅၅၀ ကျပ်၊ ရွေတစ်ကျပ်သား ကျပ် ၂,၀၅၀,၀၀၀ ဖြင့် ဈေးဖွင့်ခဲ့သည်။ ညနေပိုင်းမှာပင် တစ်ဒေါ်လာလျှင် ၂၈၀၀ ကျပ်နှင့် ရွှေတစ်ကျပ်သားလျှင် ၂၂သိန်းအထိ ဈေးခုန်တက်သွားခြင်း ဖြစ်သည်။

သို့သော် ဒေါ်လာကို ပမာဏအများအပြားရောင်းဝယ်သော ဈေးကွက်တွင် ယမန်နေ့ ညနေပိုင်းက တစ်ဒေါ်လာလျှင် စံချိန်တင်လေလံဈေး ၃၂၀၀ ကျပ်အထိ ပေါက်ခဲ့ကြောင်းလည်း လုပ်ငန်းရှင်တချို့က ပြောသည်။

“ဈေးကွက်ထဲမှာ ဒေါ်လာလိုအပ်ချက်ကြီးလာတဲ့ ရောင်းတဲ့သူက ဘယ်ဈေးရမှာဆိုရင် ဝယ်တဲ့သူလည်း သူလိုချင်မှ ဝယ်တဲ့အနေအထားဖြစ်သွားပြီ။ ဘယ်သူမှ ဈေးမဖွင့်နိုင်တော့ဘူး။ ဒေါ်လာဈေးကွက် အခု ပျက်သွားပြီ”ဟု ကမာရွတ်မြို့နယ်မှ ငွေလဲလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

ဒေါ်လာဈေး ကမောက်ကမဖြစ်နေခြင်းကြောင့် ငွေလဲကောင်တာအချို့ပိတ်ခဲ့ရပြီး ရွှေဆိုင်တချို့လည်း အရောင်းအဝယ်ရပ်ထားရသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

ရန်ကုန်မှ အမည်မဖော်လိုသော လုပ်ငန်းရှင်တစ်ဦးကလည်း စစ်ကောင်စီသည် ဒေါ်လာဈေးကို ထိန်းချုပ်ရန် စွမ်းဆောင်ရည်နှင့် ငွေကြေးအင်အား မရှိကြောင်း၊ နိုင်ငံအနှံ့ စစ်ရေးအရတော်လှန်မှုများ ဖြစ်ပေါ်လာခြင်းကြောင့် ကျပ်ငွေတန်ဖိုး အလျင်အမြန်ကျဆင်းနေရခြင်းဖြစ်ကြောင်း ပြောသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ဒေါ်လာဈေးကျဆင်းစေရန် အာဏာသိမ်းခဲ့သည့် ၈ လ အတွင်း ဒေါ်လာသန်း ၂၀၀ ခန့်ကို ထုတ်ရောင်းပေးခြင်း၊ နိုင်ငံခြားပို့ကုန်ရငွေမှ ဒေါ်လာများကို အတင်းအဓမ္မရောင်းချစေခြင်း စသည်တို့တို့ကို ပြုလုပ်ခဲ့သော်လည်း ဒေါ်လာစျေးမကျဘဲ စံချိန်တင်တက်နေခြင်းဖြစ်သည်။

စစ်တပ် အာဏာမသိမ်းခင်က ဇန်နဝါရီ ၂၉ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၃ သိန်းနှင့် တစ်ဒေါ်လာကို ၁,၃၃၇ ကျပ်ရှိခဲ့သည်။ ထို့ကြောင့် အာဏာသိမ်းပြီး ၈လအကြာတွင် ရွှေတစ်ကျပ်သားကို ကျပ် ၉ သိန်းနှင့် တစ်ဒေါ်လာကို ကျပ် ၁,၅၀၀ ခန့် တန်ဖိုးတက်ပြီး ကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းနေခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်က အားလုံးဝိုင်းဝန်းကြိုးစားလျှင် ၁၀ နှစ်အတွင်း အာဆီယံတွင် ထိပ်တန်းအဆင့်ရောက်နိုင်သည်ဟု စက်တင်ဘာ ၂၇ စစ်ကောင်စီအစည်းအဝေးတွင် ပြောသည်။ ထိုသို့ ပြောနေစဉ်မှာပင် နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေဆိုးများကြောင့် ကျပ်ငွေတန်ဖိုးက ဇောက်ထိုးကျဆင်းနေသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button