သတင်း

ဒေါ်လာသုံးစွဲမှုကို ထိန်းချုပ်ရန် စစ်ကောင်စီက ကားတင်သွင်းခွင့်ပိတ်ရန် စီစဉ်နေ 

စစ်အာဏာသိမ်းပြီးနောက် အမေရိကန်ဒေါ်လာဈေးထိန်းမနိုင်သိမ်းမရ မြင့်တက်လာခြင်းကို ထိန်းချုပ်ရန် စစ်ကောင်စီက ပြည်ပမှကားတင်သွင်းခွင့်ကို ပိတ်ပင်ရန် စီစဉ်နေကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်များထံမှ သိရသည်။ 

လူတစ်ဦးချင်း နိုင်ငံခြားငွေစာရင်းဖွင့်လှစ်၍ ကားတင်သွင်းခွင့်ကို ၂၀၁၂ ကတည်းက စတင်ခွင့်ပြုထားခဲ့သော်လည်း အာဏာသိမ်းပြီး ရှစ်လအကြာတွင် စစ်ကောင်စီက ပိတ်ပင်လိုက်ပြီး အခြားကားတင်သွင်းခွင့်အစီအစဉ်များကိုလည်း ပိတ်ပင်ဖွယ်ရှိကြောင်း မော်တော်ယာဉ်တင်သွင်းဖြန့်ဖြူးရောင်းချသူတစ်ဦးက Myanmar Now ကို ပြောသည်။

“(တစ်ဦးချင်းတင်သွင်းမှု) သောကြာနေ့က ပိတ်လိုက်တယ်ပြောတယ်။ ကျန်တာတွေကတော့ မထွက်သေးဘူး။ ဒါပေမဲ့ ပိတ်မယ်လို့တော့ ကျယ်ကျယ်လောင်လောင်ကြားနေရတယ်။ ကားဈေးကတော့ ပိတ်ရင် တက်မှာပဲ။ ဒါပဲရှိတယ်” ဟု ၎င်းက ပြောသည်။

အမေရိကန်ဒေါ်လာစီးထွက်မှုကို လျှော့ချရန် ကားတင်သွင်းမှုကိုသာမက အခြားသွင်းကုန်များကိုလည်း ပိတ်ပင်ဖွယ်ရှိကြောင်းလည်း အဆိုပါ လုပ်ငန်းရှင်က ယူဆသည်။

တရားဝင်အမိန့်ညွှန်ကြားချက် မထွက်သေးသော်လည်း ကားတင်သွင်းမှုကို ကန့်သတ်ရန် စစ်ကောင်စီကို စီးပွားကူးသန်းဝန်ကြီးဌာနက တင်ပြသည့် မှတ်တမ်းတစ်ခု Facebook လူမှုကွန်ရက်တွင် ပြန့်နေသည်။ 

ဒေါ်လာဈေးနှင့် စက်သုံးဆီဈေးမြင့်တက်မှုကြောင့် တစ်ဦးချင်းနှင့် ယာဉ်အိုဟောင်းစလစ်ဖြင့်တင်သွင်းမှုကို ဩဂုတ် ၂၇ တွင် ရပ်ဆိုင်းထားပြီး ကားအရောင်းစင်တာနှင့် ပြခန်းများအတွက်တင်သွင်းမှုကို အောက်တိုဘာ ၁ တွင် ရပ်ဆိုင်းမည်ဟု စီးပွားကူးသန်းဝန်ကြီးဌာန၏ တင်ပြမှုတွင် ပါရှိသည်။

ကားအရောင်းစင်တာဖွင့်လှစ်ခွင့်နှင့် ကားအသစ်တင်သွင်းခွင့်ကို ရပ်ဆိုင်းမည်ဖြစ်ပြီး ရောက်ပြီးကားများကို အပြောင်ရှင်းရန်၊ ဝန်ထမ်းကောင်းအမှတ်တံဆိပ်ရှိသည့် ဝန်ထမ်းများကိုခွင့်ပြုသည့် ကားတင်သွင်းခွင့်ကိုလည်း အောက်တိုဘာ ၁ ရက်မှ နှစ်ကုန်အထိ ယာယီရပ်ဆိုင်းမည်ဟု ဖော်ပြထားသည်။

ငွေရှိသူများက ကားဝယ်ယူမှုဘက် လှည့်လာပြီး တင်သွင်းမှုပိတ်ပင်ခြင်းကြောင့် ကားဈေးတက်နိုင်သည့်အပြင် ဝယ်ယူရန် ကားရှားသွားနိုင်ကြောင်း ရန်ကုန်တိုင်းမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ဦးရန်မျိုးအောင်က ပြောသည်။

အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထားမှာ ဈေးကွက်ပျက်သည်အထိ မြင့်တက်နေပြီး စစ်အာဏာမသိမ်းမီ ဇန်နဝါရီအတွင်းက တစ်ဒေါ်လာ ၁,၃၃၇ ကျပ်ရှိသော်လည်း အာဏာသိမ်းပြီးရှစ်လအကြာ ယနေ့ (စက် တင်ဘာ ၂၈) ညနေပိုင်း ဈေးကွက်ပိတ်ချိန်တွင် တစ်ဒေါ်လာ ၂၄၂၀ ကျပ်အထိ ပေါက်ဈေးရှိကာ ၇၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာကြောင်း ငွေလဲကောင်တာများ၏ ငွေလဲလှယ်နှုန်းများအရ သိရသည်။

‌အမေရိကန်ဒေါ်လာနှင့်အပြိုင် အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ၂,၂၁၃,၀၀၀ ကျပ်ရှိလာပြီး စက်သုံးဆီ (92 ဓာတ်ဆီ) တစ်လီတာလျှင် ၁,၃၀၀ ကျပ်အထိ ဖြစ်လာသည်။

ပို့ကုန်ဝင်ငွေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းခြင်းကြောင့် နိုင်ငံခြားဝင်ငွေကျဆင်းသော်လည်း စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါးများတင်သွင်းရန် နိုင်ငံခြားငွေ မဖြစ်မနေသုံးစွဲနေရသဖြင့် ဒေါ်လာလိုအပ်ချက် မြင့်မားကာ ဒေါ်လာဈေးမြင့်တက်နေသည်။ 

ကျပ်ငွေအပေါ်ယုံကြည်မှုကျဆင်းခြင်းကြောင့်လည်း ဒေါ်လာဈေးတက်ကာ ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေသည်။ ဒေါ်လာဈေးမြင့်တက်မှုကို ထိန်းကျောင်းရန် ဗဟိုဘဏ်က ဈေးကွက်အတွင်း ဒေါ်လာသန်းချီထုတ်ရောင်းသော်လည်း အရာမရောက်ဖြစ်နေ‌သည်။

နိုင်ငံခြားငွေလဲနှုန်းမြင့်တက်မှုကို ထိန်းကျောင်းရန် သွင်းကုန်တင်သွင်းမှုကို ကန့်သတ်သွားမည်ဖြစ်ကာ မလိုအပ်ဘဲဝယ်စုသူများနှင့် ဈေးကစားသူများကိုလည်း အရေးယူမည်ဟု စစ်ကောင်စီခန့် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်က ဩဂုတ် ၁၆ တွင် BBC သတင်းဌာနကို ပြောကြားခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်ကားထုတ်လုပ်ရေးနှင့် မြေအောက်ရထားလမ်းစီမံကိန်းများအထိ အကောင်အထည်ဖော်ဆောင်ရွက်ရန် မကြာခဏ ထုတ်ဖော်ပြောကြားလျက်ရှိသည့် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့သော အစည်းအဝေးတွင် နိုင်ငံခြားသုံးစွဲမှုကို လျှော့ချနိုင်ရေး မဖြစ်မနေဆောင်ရွက်ရန် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံခြားသုံးငွေဖြင့် ဝယ်ယူတင်သွင်းရသည့် စက်သုံးဆီသုံးစွဲမှုလျှော့ချနိုင်ရေး နေရောင်ခြည်စွမ်းအင်၊ လေအားနှင့် ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများအကောင်အထည်ဖော်ရန်လည်း အာဏာသိမ်းခေါင်းဆောင်က တိုက်တွန်းထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button