
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ဒေသခံကာကွယ်ရေးအဖွဲ့ဖွဲ့စည်းရန် လူစုနေသည့် စခန်းငယ်တစ်ခုကို အိန္ဒိယ-မြန်မာ နယ်စပ်အခြေစိုက် ဇိုမီးတော်လှန်ရေးတပ်မတော် (Zomi Revolution Army – ZRA) က စက်တင်ဘာ ၂၁ တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ဟွာလ်ငို (Hualngo) မျိုးနွယ်စုလူငယ်တစ်ဦးက တီးတိန်မြို့နယ်အတွင်းရှိ ၎င်းတို့၏ စခန်းငယ် အတိုက်ခံရခြင်းဖြစ်သည်ဟု ပြောသည်။
“ကျွန်တော်တို့အထဲမှာနေတဲ့ တပ်သားတစ်ယောက်က ရွာပြန်သွားတာ။ ရွာထဲကနေ ဖမ်းခေါ်သွားတာ။ ဖမ်းခေါ်သွားပြီးတော့ မေးတယ်။ ရိုက်နှက်တဲ့အခါကျတော့ သူကလည်း နောက်ဆုံးတော့ ပြောမိတာလည်း ဖြစ်မှာပေါ့။ အဲ့ဒီမှာ စခန်း(နေရာ) သိသွားတယ်။ စခန်းသိသွားတယ်လို့ ကျွန်တော်တို့ သိတာနဲ့တစ်ပြိုင်နက် စခန်းထဲက အကုန်လုံးရှောင်ကြတာ” ဟု ၎င်းက ပြောသည်။
အဆိုပါစခန်းတွင် လူဦးရေ ၂၀ ဝန်းကျင်ရှိပြီး ဖွဲ့စည်းရေးအတွက် လူစုနေစဉ် ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း စုပေါင်းလုပ်ဆောင်နေသည့်နေရာဖြစ်သည်။
ထိုစခန်းနေရာအား သိရှိရန်အတွက် စခန်းမှ နေရပ်ရွာသို့ ပြန်လာသည့် Hualnog ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးနှင့် အခြားဒေသခံလူငယ် ၄ ဦးကို ZRA အဖွဲ့က စက်တင်ဘာ ၁၄ တွင် ရွာအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု သိရသည်။
“အဲ့ဒီခေါ်သွားတဲ့အထဲမှာ ၃ ယောက်ကို ရိုက်နှက်ပြီးတော့ ခဏလေးနဲ့ ပြန်လွှတ်တယ်။ နောက် ၂ ယောက် (ဟွာလ်ငိုလူငယ်နှင့် အခြားတစ်ဦး) ကိုတော့ တောထဲကို ခေါ်သွားပြီးတော့ မျက်စိကို ပိတ်ခိုင်းတယ်။ ရိုက်ပြီးတော့ မိုးမချုပ်ခင်လေးမှာပဲ ပြန်လွတ်လာတယ်။ အဲ့ဒီအချိန်မှာ သူတို့ ဘာမှမသိတော့ဘူး။ သတိလစ်နေပြီ။ ရိုက်ထားတာတွေ၊ သွေးထွက်တာတွေ များတယ်။ လမ်းလည်း မလျှောက်နိုင်တော့ဘူး” ဟု အဆိုပါ ဟွာလ်ငိုအမျိုးသားက ပြောသည်။
ထိုလူငယ်နှစ်ဦး ရိုက်နှက်စစ်ဆေးခံရသည့် ဒဏ်ရာများထဲတွင် မျက်နှာကို ဓားဖြင့် မွှန်းခံရမှုလည်း ပါဝင်ပြီး အိန္ဒိယဘက်ခြမ်းရှိ ဆေးရုံမှာ ကုသနေရသည်ဟု ၎င်းက ဆိုသည်။
ဒေသခံလက်နက်ကိုင်အဖွဲ့များကို အကြမ်းဖက်တိုက်ခိုက်သဖြင့် ရှုတ်ချကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) ပြောရေးဆိုခွင့်ရှိသူ ကိုဂျွန်က ပြောသည်။
တီးတိန်မြို့နယ်တွင် ZRA က ဒေသခံကာကွယ်ရေးအဖွဲ့ စခန်းများကို သုံးကြိမ်မြောက်တိုက်ခိုက်ခြင်း ဖြစ်သည်။
မေ ၂၂ က တီးတိန်မြို့နယ်တွင် People Defence Army (Teddim) ဖွဲ့ရန် လူစုနေသည့်စခန်းကို ပထမအကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် သေနတ် ၅ လက်၊ ဖုန်း၊ ကင်မရာ အပါအဝင် သိန်း ၃၀ ဖိုးနီးပါး ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။
ဇွန် ၁၆ တွင် ZFU (Zoland) စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ပြီး တူမီး ၅ လက်၊ စားနပ်ရိက္ခာ၊ မီးစက်၊ ဓာတ်ဆီ၊ ဆေးဝါးများအပါအဝင်၊ အသုံးအဆောင်ပစ္စည်း စုစုပေါင်း ကျပ်သိန်း ၆၀ ဖိုးနီးပါး ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဇိုမီးတော်လှန်ရေးတပ်မတော် (အရှေ့ပိုင်းတိုင်း) က ၎င်းတို့လှုပ်ရှားနယ်မြေအတွင်း သီးခြားလက်နက်ကိုင်အဖွဲ့ ထူထောင်ခြင်းကို လက်ခံမည်မဟုတ်ကြောင်း ဇွန် ၁၇ တွင် ထုတ်ပြန်ထားသည်။
ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) က စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဒေသကာကွယ်ရေးအတွက် လှုပ်ရှားနေသည့် အဖွဲ့များကို နိုင်ငံရေးအမြတ်ထုတ်ရန် ရည်ရွယ်ပြီး ဗိုလ်ကျတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ပါက ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဇွန် ၂၀ တွင် သတိပေးစာထုတ်ပြန်ခဲ့သည်။
“မြန်မာပြည်တစ်ပြည်လုံး အပြောင်းအလဲလုပ်ဖို့ဆိုတာ အားလုံးပူးပေါင်းပါဝင်မှ ဖြစ်တဲ့ကိစ္စဖြစ်တယ်။ ကိုယ့်ရဲ့လက်အောက်ခံ မဖြစ်လို့ဆိုပြီး အချင်းချင်းတိုက်ခိုက်တာတွေကတော့ တကယ်အောက်တန်းကျတဲ့ အလုပ်တွေဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့ ညှိညှိနှိုင်းနှိုင်းနဲ့ပဲ ကျွန်တော်တို့ ဘုံရန်သူကို အမြဲမှတ်ပြီးတော့ တိုက်ပွဲဆင်နွှဲဖို့၊ အရေးတော်ပုံအောင်ဖို့ကိုပဲ ရှေးရှုစေချင်တယ်” ဟု CDF ပြောရေးဆိုခွင့်ရှိသူ ကိုဂျွန်က Myanmar Now ကို ယနေ့ (စက်တင်ဘာ ၂၅) တွင် ပြောသည်။
ဒေသခံကာကွယ်ရေးအဖွဲ့များစခန်းချရာနေရာများကို တိုက်ခိုက်မှုများလုပ်ဆောင်နေသည့် ZRA တာဝန်ရှိသူများကို Myanmar Now အနေဖြင့် အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပေ။
၁၉၉၃ တွင် စတင်ဖွဲ့စည်းပြီး ၂၀၀၅ တွင် အိန္ဒိယနိုင်ငံ၏ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲခဲ့သည့် ZRA သည် မဏိပူရ်တွင် အခြေစိုက်ကာ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ဧပြီလအတွင်း ထုတ်ပြန်ထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p