
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ ဌာနဆိုင်ရာ ဝန်ထမ်း ၅ ဦးကို စစ်ကောင်စီအတွက် စစ်သားစုဆောင်းရာတွင် ပါဝင်မှု စွဲချက်ဖြင့် ယနေ့ (မတ် ၂၅) နံနက်ပိုင်းတွင် ဖမ်းဆီးထားသည်ဟု ချင်းပြည်နယ်ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် PDF Zoland က ထုတ်ပြန်သည်။
အသက် ၃၅ နှစ်မှ ၅၇ နှစ်အတွင်း အမျိုးသားများဖြစ်ကြသည့် မြို့နယ်စည်ပင်ဌာန လက်ထောက်အင်ဂျင်နီယာ ကပ်ဆွင်းခွါလ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုကြီးကြပ်ရေးမှူး ခွာလ်လျန်းမုန်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်စုစာရေး လျန်းလမ်ခိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန အငယ်တန်းစာရေး နန်းဆွင့်ဂွမ်တို့ကို ဖမ်းလိုက်ခြင်း ဖြစ်သည်။
စစ်မှုထမ်းစာရင်းကောက်ယူရာတွင် မပါဝင်ကြရန် PDF Zoland ၏ သတိပေးတားမြစ်ချက်ကို မလိုက်နာသည့်အတွက် ဖမ်းဆီးခြင်းဟု တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
“သူတို့က အိမ်တွေမှာ စာရင်းသွားကောက်ပြီးတော့ မိသားစုကို အတင်းအဓမ္မ ဖောင်ဖြည့်ခိုင်းပြီးတော့ လုပ်လိုက်တော့ ကျွန်တော်တို့ရဲ့ နားလည်မှု၊ သတိပေးမှုရဲ့ အကန့်အသတ်ကို ကျော်သွားတယ်” ဟု သူက ပြောသည်။
ဖမ်းထားသူများကို အရေးယူရန် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပအဖ)၊ ကာကွယ်ရေးအဖွဲ့အစည်း၊ ဥပဒေပညာရှင်များ အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ် ဆောင်ရွက်သွားမည်ဟု တီးတိန်ပအဖ အဖွဲ့ဝင်က ပြောသည်။
ထိုဝန်ထမ်းတို့က မြို့နယ်အတွင်း မတ် ၁၈ ရက်နေ့မှ စတင်ပြီး စစ်မှုထမ်းစာရင်းကောက်ယူသည်၊ စစ်မှုထမ်းရန် တိုက်တွန်းချက် လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့သည်ဟု ဆိုသည်။
“သူတို့က စစ်မှုထမ်းတဲ့ လက်ကမ်းစာစောင်တွေ၊ အသိပညာပေးတွေဘာတွေ လုပ်ထားတာရှိတယ်။ အဲ့ဒါကြောင့် လူငယ်အဖွဲ့တွေက ဖမ်းတာ။ သူတို့သွားတဲ့နေရာတွေကို လိုက်တဲ့သူတွေ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထိုသူများ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နံနက် ၈ နာရီဝန်းကျင်မှစတင်ပြီး မြို့ထဲတွင် ကင်းလှည့်သည်၊ သေနတ်များပစ်ဖောက်ခဲ့ပြီး၊ လမ်းသွားလမ်းလာများ၏ ဖုန်းများ စစ်ဆေးခဲ့ကြောင်းသိရသည်။
တီးတိန်မြို့နယ်တွင်း ဖမ်းဆီးမှုအခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းနိုင်ရန် စစ်ကောင်စီခန့် ချင်းပြည်နယ်ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး ဦးအောင်ချိုကို Myanmar Now က ဖုန်းဆက်ရန် ကြိုးပမ်းသော်လည်း အဆက်အသွယ် မရခဲ့ပေ။
နိုင်ငံအနှံ့စစ်မျက်နှာဖွင့်နေရပြီး စစ်သားအင်အားပြုန်းတီးနေသည့် စစ်တပ်သည် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စတင် ကြေညာထားသည်။
တစ်လအတွင်းမှာပင် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ကို ဖွဲ့စည်းပြီး သင်တန်းကျောင်းများ ဖွင့်လှစ်ထားကြောင်း စစ်ကောင်စီက မတ် ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ရန် စာရင်းကောက်ယူခြင်း၊ မဲနှိုက်ရွေးချယ်ခြင်း၊ စစ်မှုထမ်းအသက်အရွယ်ရောက်သူများကို စာရင်းသွင်းရန် ဆင့်ခေါ်ခြင်းတို့ကို ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် နေပြည်တော်ကောင်စီအပါအဝင် မြို့နယ် ၁၇၂ မြို့နယ်တွင် လုပ်ဆောင်နေသည်ဟု အချက်အလက်များ စာရင်းပြုစုနေသည့် Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။
ချင်းပြည်နယ်တွင်လည်း စစ်ကောင်စီ နယ်မြေစိုးမိုးထားရာ မြို့ကြီးများဖြစ်သည့် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ မင်းတပ်၊ မတူပီမြို့နယ်တို့တွင် စာရင်းကောက်ယူခြင်းတို့ လုပ်ဆောင်နေသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ပြည်နယ်မြို့တော် ဟားခါးတွင် စစ်မှုထမ်းဥပဒေ စာရင်းကောက်ယူနေသည့် စစ်ကောင်စီအဖွဲ့တို့ကို CDF Hakha က တိုက်ခိုက်ခဲ့သည်။
ထိုလုပ်ရပ်များတွင် မပါဝင်ကြရန် တော်လှန်ရေးအင်အားအသီးသီးက သတိပေးထုတ်ပြန်ထားသည်။ စစ်မှုထမ်းရမည့်သူစာရင်းကောက်ယူရာတွင် ဆက်စပ်ပါဝင်နေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၅ ဦးထက်မနည်း အသတ်ခံထားရသည်။
စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ၊ အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ အကျုံးဝင်ပြီး အနည်းဆုံး ၂ နှစ်မှ ၅ နှစ်ထိ စစ်မှုထမ်းရမည်ဖြစ်သည်။
စစ်မှုထမ်းနိုင်သူ စုစုပေါင်း ၁၄ သန်းရှိပြီး အပတ်စဉ်တစ်ခုလျှင် ၅၀၀၀ နှုန်းဖြင့် လာမည့် ဧပြီလ သင်္ကြန်အပြီးတွင် စတင်ခေါ်ယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။