သတင်း

တီးတိန်မြို့ သိုင်းငင်းစခန်းပြန်ရရန် စစ်ကောင်စီ စစ်ကြောင်းထိုးလာ

စစ်ကိုင်းတိုင်းဘက်မှ စစ်သား ၆၀ ခန့် ချင်းပြည်နယ်ရှိ ဗျူဟာကျ တပ်စခန်းသို့ စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများတိမ်းရှောင်ရန် ချင်းတော်လှန်ရေးအင်အားစုက သတိပေးထားသည်။

စစ်ကောင်စီတပ်က ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာရှိ တပ်စခန်း ပြန်လည်ရရှိရေးအတွက် ယနေ့ (ဇန်နဝါရီ ၁၇) နံနက်တွင် အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ် နယ်စပ် စစ်သားနှင့် ရဲအင်အား ၃၀ နီးပါးရှိသည့် အဆိုပါစခန်းကို ဇန်နဝါရီ ၁၂ မှ ၁၆ ရက်အတွင်း ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့များက သိမ်းယူရရှိခဲ့သည်။

ယခင်က ၅ ကြိမ်ခန့် တိုက်ခိုက်ခဲ့ဖူးသည့် ထိုစခန်းကို သိမ်းရာတွင် နှစ်ဖက်အကျအဆုံးများခဲ့သည်၊ စခန်းသိမ်းပြီးနောက် ချင်းကာကွယ်ရေးအဖွဲ့များ ပြန်ဆုတ်ခွာသွားခဲ့သည်ဟု သိရသည်။ ထိုစခန်းသိမ်းတိုက်ပွဲမှ လက်နက် ၃၀ ရရှိကြောင်း မှတ်တမ်းဓာတ်ပုံ ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။

ယနေ့တွင် သိုင်းငင်းရွာစခန်းနှင့် မိုင် ၃၀ ခန့်အကွာ ကလေးမြို့အခြေစိုက်တပ်များမှ စစ်သားများက တောလမ်းအတိုင်း စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု CDM Siyin တပ်ဖွဲ့က ပြောသည်။

“အင်အား ၆၀ လောက် ခန့်မှန်းရတယ်။ ကလေးမြို့ကနေ မိုင် ၂၀ ဝန်းကျင်လောက် ရောက်လာတယ်လို့ ကြားတယ်။ သိုင်းငင်းရောက်ဖို့ ၁၀ မိုင်လောက် လိုမှာပေါ့။ ဒီမနက်တော့ ထိတွေ့တိုက်ပွဲတော့မရှိဘူး” ဟု CDM (Civic Defense Militia) Siyin အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။

အနီးဝန်းကျင်ရှိ ဒေသခံများ ဘေးကင်းလုံခြုံရာနေရာသို့ ရှောင်တိမ်းရန် CDM Siyin အဖွဲ့က သတိပေးထားသည်။

အိန္ဒိယ – မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ဆက်သွယ်ရေးအရ အချက်အချာကျသည့် သိုင်းငင်းရွာတွင် ၂၀၂၂ ဇန်နဝါရီလဆန်းတွင် စစ်ကောင်စီတပ်ဖွဲ့များ စတင်တပ်စွဲခဲ့ပြီး ဒေသခံနှင့် ခရီးသွားပြည်သူများထံမှ ငွေတောင်းလေ့ရှိသည်ဟု ချင်းကာကွယ်ရေးအဖွဲ့များက ဆိုသည်။

ထိုစွပ်စွဲချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးပေ။

ယခုလအတွင်း ချင်းပြည်နယ်တိုက်ပွဲများအခြေအနေကို စစ်ကောင်စီက သတင်းအမှောင်ချထားသည်ကို တွေ့ရသည်။

ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ထိုစခန်းကို ကြိုးစားသိမ်းပိုက်ရခြင်းမှာ အရေးပါသည့် နေရာတွင် တည်ရှိသောကြောင့် ဖြစ်သည်ဟု ပြောသည်။

“သိုင်းငင်းစခန်းကနေ ဆက်သွားရင် အိန္ဒိယ-မြန်မာ အမှတ် (၂) ကုန်သွယ်ရေးလမ်းအထိ ရောက်တယ်။ ရိဒ်စခန်းကို သိမ်းတော့ အဲ့ဒီအဆက်လမ်းမကြီးဖြစ်တော့ လုံခြုံရေးအရ ပြည်သူလူထု ကုန်သွယ်ကူးသန်းမှု လမ်းကြောင်းပေါ်မှာ ရှိတဲ့အတွက်ကြောင့် တကယ့်တကယ်ကို ဗျူဟာကျတဲ့ စခန်းတစ်ခုဖြစ်တဲ့အတွက်ကြောင့် အဲ့ဒါကို စခန်းသိမ်းတိုက်ပွဲအနေနဲ့ ဖော်ဆောင်ပြီးတော့ သိမ်းခဲ့တာဖြစ်တယ်”

၅ ရက်ကြာ စခန်းသိမ်းတိုက်ပွဲအတွင်း ကလေးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည့်အပြင် လေကြောင်းမှလည်း ၆ ကြိမ် ပစ်ခတ်ခဲ့ကြောင်း CDM Siyin က ထုတ်ပြန်ထားသည်။

ထိုစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ချရန် တိုက်တွန်းသော်လည်း အခိုင်အမာ တည်ဆောက်ထားသည့် ကတုတ်ကျင်းများ၊ ဘန်ကာများမှ ခုခံခဲ့၍ အပြင်းအထန် တိုက်ခိုက်ယူခဲ့ရကြောင်း CDM Siyin ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“စခန်းက လုံးဝအခိုင်အမာဆောက်ထားတာ။ နှစ်ထပ်တွေ၊ သစ်လုံးတွေ၊ သဲအိတ်တွေ၊ပြီးတော့ ကတုတ်ကျင်းကို L ပုံစံတွေနဲ့ အကွေ့အကောက်ဆောက်ပြီးတော့ Overhead ကို ၆ ပေကျော်လောက် ဆောက်ထားတယ်။ ခေါင်းပေါ်ရုံလေးပဲ။ အခိုင်အမာသေချာဆောက်ထားတာ။ အထဲကနေ ထွက်ဖို့လည်း မလွယ်ဘူး။ အပြင်ကနေ သွားထိုးရင်လည်း တိုးဖို့မလွယ်ဘူး” ဟု ၎င်းက ဆိုသည်။

ပြင်းထန်သော စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် တပ်ဖွဲ့ဝင် ၃၀ နီးပါး သေဆုံးခဲ့သလို ကာကွယ်ရေးပူးပေါင်းအဖွဲ့များမှ ၈ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရသူ အများအပြားရှိခဲ့သည်။

သေဆုံးသူများမှာ ပါဝင်တိုက်ခိုက်ခဲ့သည့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) များဖြစ်သော CDF KKG မှ ၄ ဦး၊ CDF ဟားခါး၊ CDF ထန်တလန် CDM Siyin တို့မှ တစ်ဦးစီနှင့် ချင်းအမျိုးသားတပ်မတော် (CNA) မှ တစ်ဦးတို့ ဖြစ်ကြသည်။

“(ချင်းအဖွဲ့တွေ) ဒဏ်ရာရတာတော့ ၄၀ နဲ့ ၆၀ ကြားရှိတယ်။ လေယာဉ်နဲ့ ဗုံးကြဲတယ်။ လက်နက်ကြီးနဲ့ မနားတမ်း ထုတယ်။ ပြီးတော့ နင်းမိုင်းတွေလည်း ရှိတယ်။ စစ် xx တွေက လက်နက် ဘယ်လိုမှ မချဘူး။ အသေထိကို ခုခံတာ” ဟု CDM Siyin ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

လက်နက်ကိုင်ခုခံမှု အစောဆုံးစတင်ခဲ့ရာ ဒေသဖြစ်သည့် ချင်းပြည်နယ်တွင် ရိခေါဒါရ်မြို့၊ လိုင်လင်းပီမြို့နှင့် ရေဇွာမြို့တို့ကို ချင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ထားပြီး၊ ဝေဘူလ၊ နှာရိန်၊ ဆူခွာရ်၊ မကွီအိမ်နူးတို့ကိုလည်း ထိန်းချုပ်ထားသည်။

Show More

Related Articles

Back to top button