သတင်း

ချင်းပြည်နယ်မြောက်ပိုင်း ကနေဒီတောင်ပေါ်ရှိ စစ်စခန်းကို PDF Zoland သိမ်းယူ

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်အတွင်းရှိ ကနေဒီတောင်ပေါ်မှ စစ်တပ်စခန်းကို ယနေ့ (နိုဝင်ဘာ ၂၁) ရက်တွင် PDF Zoland က သိမ်းယူနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိသည်ဟု သိရသည်။

အင်အား ၃၀ နီးပါးခန့်ရှိ စစ်တပ်စခန်းကို နံနက် ၄ နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နာရီပိုင်းအကြာ နံနက် ၆ နာရီခွဲတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု အာဏာသိမ်းစစ်တပ်ကို တော်လှန်နေသည့် ချင်းပြည်နယ်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သော PDF Zoland က ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း PDF Zoland ဘက်မှ တပ်ဖွဲ့ဝင် Tg Kam Lian Pau ဆိုသူ သေဆုံးခဲ့ပြီး၊ စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးပြီး ၁ ဦးကို အရှင်ဖမ်းမိထားကြောင်း ကျန်သူများမှာ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ် တီးတိန်မြို့အကြားရှိ ပေ ၈၀၀၀ ကျော် မြင့်မားသည့် ကနေဒီတောင်ပေါ်မှ စစ်တပ်စခန်းမှာ စစ်ရေးအရ အချက်အချာကျသည့် နေရာတစ်ခုဖြစ်သောကြောင့် တိုက်ခိုက်သိမ်းပိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

“သူတို့က အမြင့်ဆုံးတောင်ဆိုတော့ မြို့ပေါ်မှာ တစ်ခုခုဖြစ်တယ်ဆိုရင် တောင်ပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်မယ်ဆိုရင် ….တီးတိန်မြို့ရော ကလေးမြို့ရော လွတ်လွတ်လပ်လပ် ပစ်နိုင်တဲ့နေရာ။ ကလေးဘက်ကိုလည်း မြင်ရတယ်။ တီးတိန်ဘက်ကိုလည်း မြင်ရတယ်။ အချက်အချာကျတဲ့နေရာ” ဟု တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် Jabez ဆိုသူက ပြောသည်။

စခန်းသိမ်းတိုက်ပွဲတွင်း PDF Zoland ဘက်မှ တပ်ဖွဲ့ဝင် Tg Kam Lian Pau သေဆုံးခဲ့သည်။​ (ဓာတ်ပုံ – ပေးပို့)

စစ်စခန်းကို တိုက်ခိုက်ပြီးနောက် လက်နက်အကြီးအသေး ၁၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိပြီး အသေးစိတ် စိစစ်နေဆဲဖြစ်သည်ဟု သိရသည်။

ကနေဒီတောင်ပေါ်ရှိ စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးချိန်ထိ စစ်ကောင်စီဘက်မှ မြေပြင်စစ်ကြောင်းထိုးလာခြင်းမရှိလည်း Jabez က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင် ၃ ဖွဲ့နှင့် မဟာမိတ်အဖွဲ့များက အောက်တိုဘာ ၂၇ ရက်မှစ၍ ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်နေချိန်တွင် မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း တိုင်းရင်းသားအဖွဲ့များနှင့် ဒေသတော်လှန်ရေးအဖွဲ့များက စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည်။

ချင်းပြည်နယ်တွင် အောက်တိုဘာ ၁၃ ရက်နေ့က ရိခေါရ်ဒါမြို့ရှိ စစ်ကောင်စီစခန်း ၂ ခုကို သိမ်းပိုက်ပြီး ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့များက မြို့ကို ထိန်းချုပ်ထားနိုင်ပြီး အောက်တိုဘာ ၁၄ ရက်ကလည်း ဖလမ်းမြို့နယ် သီးဘွာလ်အခြေစိုက် စစ်ကောင်စီ တပ်စခန်းကို သိမ်းပိုက်ခဲ့သည်။

ထို့ကြောင့် ၁၀ ရက်တာ ကာလအတွင်း ချင်းပြည်နယ်ရှိ ကာကွယ်ရေးအဖွဲ့များက စစ်ကောင်စီ၏ စခန်း ၄ ခုကို သိမ်းပိုက်ထားပြီးဖြစ်သည်။

နွေဦးတော်လှန်ရေးကာလအတွင်း ပေါ်ပေါက်လာသော ချင်းလက်နက်ကိုင်အဖွဲ့များနှင့်အတူ ချင်းအမျိုးသားတပ်မတော် (CNA) ကလည်း ပူးပေါင်းတိုက်ခိုက်နေပြီး မြို့ပေါ်မှအပ နေရာအများစုကို ကာကွယ်ရေးအဖွဲ့များက နယ်မြေစိုးမိုးထားသည်။

တိုက်ခိုက်ခံရသော စစ်ကောင်စီစခန်းနေရာပြမြေပုံ။

Show More

Related Articles

Back to top button