သတင်း

သိုင်းငင်းကျေးရွာ စစ်တပ်စခန်းကို ချင်းကာကွယ်ရေးအဖွဲ့များ သိမ်းပိုက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ အကြိမ်ကြိမ် တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်စခန်းတစ်ခုကို ၅ ရက်ကြာ တိုက်ပွဲအပြီးတွင် သိမ်းယူနိုင်ခဲ့သည်ဟု ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ (ဇန်နဝါရီ ၁၆) နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ဘက် မိုင် ၂၀ ခန့်အကွာ ကလေး-တီးတိန်-ဖလမ်းလမ်းပေါ်ရှိ သိုင်းငင်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီ ၁၂ က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကလေး- ကဘော်ဒေသ အခြေစိုက် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF- KKG) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီမနက်ပိုင်း သိမ်းနိုင်တာပါ။ ၇ နာရီခန့်လောက်ကပါ” ဟု တိုက်ခိုက်ရာတွင် ပါဝင်သည့် အဆိုပါ တာဝန်ရှိသူက Myanmar Now ကို ပြောသည်။

ပူးပေါင်းတိုက်ခိုက်သည့် အဖွဲ့များထဲတွင် ချင်းအမျိုးသားတပ်မတော် (CNA)၊ CDM (Chin Defense Militia) Siyin နှင့် CDF KKG စသည့်အဖွဲ့များ ပါဝင်ကြောင်း၊ တော်လှန်ရေးအဖွဲ့ဘက်မှ ၈ ဦး သေဆုံးပြီး ထိုအထဲတွင် CDF KKG မှ ၄ ဦး ပါဝင်ကြောင်း သိရသည်။

၁၀ ဦးထက်မနည်း  ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ထိခိုက် ဆုံးရှုံးမှု အခြေအနေများကို သိရှိနိုင်ရန် ဆက်သွယ် မေးမြန်းနေဆဲဖြစ်သည်။

ထိုးစစ်ဆင်ခံနေရသော သိုင်းငင်းရွာဘက်သို့ ကလေးမြို့အခြေစိုက် စစ်ကောင်စီ တပ်စခန်းများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို လေကြောင်းတိုက်ခိုက်မှုလည်း ရှိခဲ့ကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

သိုင်းငင်းရွာသည် ချင်းပြည်နယ် တီးတိန်နှင့် ဖလမ်းသို့ သွားသည့် ကလေး-တီးတိန်- ဖလမ်း လမ်းဆုံတွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျသည့်နေရာဖြစ်သည်။

“သူတို့က တပ်စွဲထားပြီး ပြည်သူလူထုဆီမှာ ဆက်ကြေးကောက်တာ။ အခွန်ကောက်တာ။ ချင်းပြည်နယ်မှာ ဟားခါးရယ်၊ တီးတိန်၊ ဖလမ်းရယ် တကယ်သုံးနေကြတဲ့လမ်းဖြစ်တော့ အရေးပါတယ်” ဟု တီးတိန်မြို့နယ်တွင် လှုပ်ရှားသည့် ချင်းကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဟားခါးဆိုရင်လည်း အဲ့ဒီလမ်းပဲ ဖြတ်ရတယ်။ တီးတိန်ဆိုရင်လည်း အဲ့ဒီလမ်းပဲ ဖြတ်ရတယ်။ ဖလမ်းဆိုလည်း အဲ့ဒီလမ်းပဲဖြတ်ရတာ”

လူထုထံမှ ဆက်ကြေးကောက်သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် မရသေးပေ။

သိုင်းငင်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယခင်က ၅ ကြိမ်ခန့် တိုက်ခိုက်ခဲ့သော်လည်း လက်နက်ခဲယမ်းမလုံလောက်မှုကြောင့် ပြန်ဆုတ်ခွာခဲ့ရပြီး ယခုတစ်ကြိမ် ၅ ရက်ကြာ တိုက်ခိုက်ပြီးနောက် စစ်တပ်စခန်း သိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်တွင် မြို့ပေါ် ရပ်ကွက်အများစုနှင့် ခိုင်ကမ်းမြို့မှအပ ကျေးရွာများ အပါအဝင် နေရာအများစုတွင် ချင်းကာကွယ်ရေးအဖွဲ့များက နယ်မြေစိုးမိုးထားကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု အစောဆုံးစတင်ခဲ့သည့် ချင်းပြည်နယ်တွင် ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့များက နယ်မြေအများစုကို စိုးမိုးထားပြီး နိုဝင်ဘာလဆန်းမှ စတင်ကာ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများ အရှိန်မြင့်လာခဲ့သည်။

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိရာ ရိခေါဒါရ်မြို့၊ လိုင်လင်းပီမြို့နှင့် ရေဇွာမြို့တို့ကို ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့များက ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ထားပြီး မကွီအိမ်နူး၊ နှာရိန်၊ ဆူခွာနှင့် ဝေဘူလမြို့တို့ကိုလည်း တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။

စစ်တပ်က စခန်းများ ဆုတ်ခွာပေးလိုက်ရသည့် အခြေအနေများကို သတင်းအမှောင်ချထားသည်။

သိုင်းငင်းကျေးရွာအား ၂၀၂၃ ဒီဇင်ဘာလဆန်းက တွေ့ရစဉ်။ (ဓာတ်ပုံ- Taingen)

Show More

Related Articles

Back to top button