အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကနေဒီတောင်ပေါ်စခန်းမှ ထွက်ပြေးသည့် ဗိုလ်မှူးနှင့် စစ်သား ၁၀ ဦးကို ဖမ်းမိ

စခန်းကို စွန့်ခွာထွက်ပြေးသည့် စစ်သားများအနက် ဗိုလ်မှူးအဆင့်ရှိ အရာရှိအပါအဝင် စုစုပေါင်း ၁၂ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သည်ဟု PDF Zoland ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်ရှိ ကနေဒီတောင်ပေါ် တပ်စွဲထားသည့် စစ်တပ်စခန်းကို PDF Zoland က ဝင်ရောက်တိုက်ခိုက်စဉ် ထွက်ပြေးသွားသည့် ဗိုလ်မှူးနှင့် စစ်သား ၁၀ ဦးကို ယမန်နေ့ (နိုဝင်ဘာ ၂၁) ညပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

အမြင့်ပေ ၈၀၀၀ ကျော်ရှိ တောင်ထိပ်ပေါ်မှ စစ်စခန်းကို ယမန်နေ့ နံနက်ပိုင်းတွင် PDF Zoland က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ အင်အား ၃၀ ခန့်ရှိ စစ်စခန်းကို ဝင်တိုက်စဉ် စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးကာ တစ်ဦးကို အရှင်ဖမ်းမိခဲ့သည်။

စခန်းကို စွန့်ခွာထွက်ပြေးသည့် စစ်သားများကို လိုက်လံဖမ်းဆီးစဉ် ပြန်လည်ခုခံသူတစ်ဦး ထပ်မံ သေဆုံးခဲ့ကာ ဗိုလ်မှူးအဆင့်ရှိ အရာရှိအပါအဝင် စုစုပေါင်း ၁၂ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သည်ဟု PDF Zoland ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

“စစ်သုံ့ပန်းတွေဆိုတော့ ဂျီနီဗာကွန်ဗန်းရှင်းအတိုင်းပဲ ဆက်လုပ်သွားဖို့ရှိပါတယ်” ဟု တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်သည့် Jabez က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အမှတ် ၂၆၆ ခြေလျင်တပ်ရင်း (ခလရ-၂၆၆) လက်အောက်ခံ တပ်ဖွဲ့ဝင်များ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့် တပ်စွဲထားသည့် ကနေဒီတောင်ထိပ်ပေါ်မှ စခန်းကို ယမန်နေ့ နံနက် ၄ နာရီတွင် စတင်တိုက်ခိုက်စဉ် နှစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

စခန်းကို သိမ်းပိုက်ပြီးနောက် ၆၀ မမအမျိုးအစား လက်နက်ကြီးတစ်လက်အပါအဝင် စုစုပေါင်း သေနတ် ၂၄ လက်၊ ဆက်သွယ်ရေးလိုင်းဖြတ် ဂျန်ဘာ (Jammer) ၁ ခု၊ ၆၀ မမ ကျည် သေတ္တာနှစ်ခုနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု PDF Zoland က ယနေ့ (နိုဝင်ဘာ ၂၂) ထုတ်ပြန်သည်။

စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးကာ ၎င်းတို့ဘက်မှ တစ်ဦးသေဆုံးသည်ဟုလည်း PDF Zoland က ဆိုသည်။

“တိုက်ပွဲတွင်းမှာ ၂ ယောက် အသေရတယ်။ ဖမ်းတဲ့အချိန်မှာ တစ်ယောက် အသေရတော့ စုစုပေါင်း အသေ ၃ ယောက်” ဟု PDF Zoland ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ထိုစခန်းမှ ထွက်ပြေးနေသည့် ကျန်စစ်သားများကို ဆက်လက်ရှာဖွေနေသည်ဟုလည်း ဆိုသည်။

ချင်းပြည်နယ်မြောက်ပိုင်းမှ အမြင့်ဆုံးတောင်ထိပ်တစ်ခုဖြစ်သော ကနေဒီတောင်ပေါ်ရှိ စစ်တပ်စခန်းကို သိမ်းပိုက်ပြီးနောက် PDF Zoland အလံကို လွှင့်ထူနေစဉ်။ (ဓာတ်ပုံ – PDF Zoland)

ချင်းပြည်နယ်မြောက်ပိုင်းတွင် အမြင့်ဆုံးတောင်ထိပ်တစ်ခုဖြစ်ပြီး ဗျူဟာကျသည့် ကနေဒီတောင်ထိပ်ရှိ စစ်တပ်စခန်းကို သိမ်းပိုက်ပြီးနောက် PDF Zoland အလံကို လွှင့်ထူခဲ့သည်ဟု သိရသည်။

တောင်ထိပ်ပေါ်ရှိ စစ်တပ်စခန်းနှင့် ဘန်ကာများကို ဖျက်ဆီးခဲ့သော်လည်း ဆက်သွယ်ရေးတာဝါတိုင်ကို ဖျက်ဆီးခြင်းမပြုဘဲ ဆက်လက်ထားရှိသည်ဟု PDF Zoland ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စခန်းသိမ်းခံရစဉ် စစ်ကောင်စီဘက်က လေကြောင်းမှ လာရောက်ပစ်ခတ်သော်လည်း ၎င်းတို့တပ်ဖွဲ့ဝင်များ ဘေးလွတ်ရာတိမ်းရှောင်နိုင်ခဲ့သည်ဟုလည်း သိရသည်။​

အောက်တိုဘာလ ဒုတိယပတ်မှ လက်ရှိအချိန်ထိ ၁၀ ရက်တာ ကာလအတွင်း ချင်းပြည်နယ်တွင် စစ်ကောင်စီလက်အောက်ခံ စခန်း ၄ ခုကို ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားသည်။

ချင်းပြည်နယ်အတွင်းရှိ စစ်တပ်ခန်းများကို ချင်းတော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ချိန်တွင် စစ်ကောင်စီဘက်က စခန်းစွန့်ခွာထွက်ပြေးမှုများ ဆက်တိုက်ဖြစ်နေသည်ဟုလည်း သိရသည်။

အိန္ဒိယ-မြန်မာနယ်စပ်ရှိ ရိခေါရ်ဒါမြို့ အခြေစိုက် စစ်ကောင်စီစခန်း ၂ ခုကို နိုဝင်ဘာ ၁၃ ရက်နေ့တွင် ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ ဦး နယ်စပ်ဖြတ်ကျော် ထွက်ပြေးပြီး အိန္ဒိယ အာသံရိုင်ဖယ်တပ်ထံ လက်နက်ချ အဖမ်းခံခဲ့သည်။

နိုဝင်ဘာ ၁၄ ရက်နေ့က မြန်မာ-အိန္ဒိယနယ်စပ်ရှိ သီးလ်ဘွာစခန်းကို CNDF က ဝင်ရောက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦး အိန္ဒိယသို့ ထပ်မံထွက်ပြေးခိုလှုံခဲ့သည်။

အိန္ဒိယနိုင်ငံဘက်သို့ တိမ်းရှောင်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရဟတ်ယာဉ်များဖြင့် သယ်ဆောင်ပြီး မိုရေးမြို့မှတစ်ဆင့် မြန်မာဘက်သို့ ပြန်လည်လွှဲပြောင်းပေးအပ်သည်ဟု အိန္ဒိယသတင်းများတွင် ဖော်ပြသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles