သတင်း

ရန်ကုန်၊ သီလဝါစက်မှုဇုန်တွင် စက်ရုံအများအပြားပိတ်ထား

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အအောင်မြင်ဆုံး သီလဝါအထူးစီးပွားရေးဇုန်တွင် စက်ရုံအများအပြား၌ ဝန်ထမ်းတချို့သာ ချန်ထားပြီး လုပ်ငန်းလည်ပတ်မှုအားလုံး ယာယီရပ်ဆိုင်းထားကြောင်း သီလဝါအထူးစီးပွားရေးဇုန် စောင့်ကြည့်ရေးအဖွဲ့နှင့် စက်ရုံဝန်ထမ်းများထံမှ သိရသည်။

ရန်ကုန်မြို့၏ အရှေ့တောင်ဘက် သန်လျင်မြို့နယ်တွင် တည်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန်တွင် စီးပွားဖြစ် လည်ပတ်လုပ်ကိုင်နေသည့် စက်ရုံပေါင်း ၁၂၂ ခုရှိခဲ့ပြီး ယာယီပိတ်သိမ်းသည့်စက်ရုံ ၉၀ ရာခိုင်နှုန်းကျော်နိုင်ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စောင့်ကြည့်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးမြလှိုင်က Myanmar Now ကို ပြောသည်။

“အကုန်လုံးပိတ်ပြီးတော့ ကုမ္ပဏီပိုင်ရှင်တွေပါ သူတို့နိုင်ငံကို သူတို့ပြန်ကုန်ကြတယ်။ ဒီမှာက ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ မလေးရှား အများကြီးပဲ၊ အမေရိကန်၊ တရုတ်နိုင်ငံလည်းပါတယ်။ အဲဒီလူတွေ အကုန်ပြန်ကုန်ကြတယ်။ ဒီမှာရှိတာက မြန်မာဘက်ကလူ တာဝန်ခံနည်းနည်းပါးပါးလောက်ပဲ၊ ထိန်းတာသိမ်းတာလောက်ပဲ” ဟု ၎င်းက ပြောသည်။

သီလဝါအထူးစီးပွားရေးဇုန်စောင့်ကြည့်ရေးအဖွဲ့ကို စီမံကိန်းကြောင့်ထိခိုက်သည့် ရွာ ၆ ခုမှ ဒေသခံ ၃၆ ဦးဖြင့် ဖွဲ့စည်းထားပြီး ဇုန်စီမံခန့်ခွဲမှုကော်မတီ၊ အကောင်အထည်ဖော်သည့် ကုမ္ပဏီများနှင့် ထိတွေ့ဆက်ဆံမှုရှိသည်။

ကိုဗစ်ပထမလှိုင်းကတည်းက ယာယီပိတ်သိမ်းသည့်စက်ရုံများရှိခဲ့သော်လည်း ဖေဖော်ဝါရီ ၁ နောက်ပိုင်းတွင် ပိုများလာခဲ့ပြီး သီလဝါအထူးစီးပွားရေးဇုန်တွင် အလုပ်သမားပေါင်းနှစ်သိန်းကျော်ရှိရာမှ ယခုအခါ လုံခြုံရေး၊ လျှပ်စစ် စသည့် ဝန်ထမ်းအပါအဝင် ၅၀,၀၀၀ ဝန်းကျင်သာရှိနိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။

“ကျွန်တော်တို့နယ်က လူတွေက အဲဒီမှာ အလုပ်လုပ်ကြတယ်လေ။ အဲ့ဒီအလုပ်သမားတွေက ပုံမှန်က လုံခြုံရေးလောက်ပဲရှိတယ်။ ကျန်တဲ့လူတွေက လိုအပ်တဲ့အခါလောက်ပဲ သွားရတာလေ။ တချို့စက်ရုံတွေက စားဝတ်နေရေးအတွက် တစ်လကို ၅၀,၀၀၀ တို့၊ ၇၀,၀၀၀ တို့ ထောက်ပံ့ကြတယ်” ဟု ၎င်းက ဆိုသည်။

ကုန်ကြမ်းတင်သွင်းရန်အခက်အခဲနှင့် လုံခြုံရေးအခြေအနေအရ ကုန်ထုတ်စက်ရုံများ ပိတ်ထားခြင်းဖြစ်ပြီး အခိုင်အမာရင်းနှီးမြှုပ်နှံထားသော စီးပွားရေးလုပ်ငန်းများဖြစ်သောကြောင့် အပြီးပိတ်သိမ်းရန်မဖြစ်နိုင်ကြောင်း ဦးမြလှိုင်က ယူဆသည်။

ပုံမှန်လည်ပတ်သည့်စက်ရုံ ရှားပါးပြီး အလုပ်သမားများကို လစာ ၁၀ ရာခိုင်နှုန်းပေး၍ ပိတ်သိမ်းသည့်စက်ရုံ၊ တစ်လလျှင် ၁၅ ရက်အလှည့်ကျ အလုပ်ဆင်းရသည့်စက်ရုံများသာရှိကြောင်း သီလဝါဇုန်ရှိ ဂျပန်စက်ရုံတစ်ခုမှ အမည်မဖော်လိုသည့် အလုပ်သမားတစ်ဦးက Myanmar Now ကို ပြောသည်။

“အလုပ်တွေက ပိုပိုပြီးတော့ အော်ဒါတွေမရကြတော့ဘူး။ မြန်မာနိုင်ငံမှာ ပြည်တွင်းထုတ်တဲ့ကုမ္ပဏီဆိုရင် နည်းနည်းအဆင်ပြေသေးတယ်။ Export ကုမ္ပဏီဆိုရင် လုံးဝအဆင်မပြေတော့ဘူး။ နိုင်ငံခြားက ကုန်ကြမ်းရောက်မှ ကုန်ချောပြန်ထုတ်တယ်ဆိုရင် ပိုဆိုးတယ်” ဟု ၎င်းက ဆက်ပြောသည်။

လစာ လုံးဝမပေးဘဲ ပိတ်သိမ်းသည့်စက်ရုံများလည်းရှိပြီး လုပ်ငန်းလည်ပတ်မည့်အချိန်ကို မမှန်းဆနိုင်သေးကြောင်း အလုပ်သမား ၃၀ ကျော်ရှိသည့် ဂျပန်စက်ရုံတစ်ခုမှ အမျိုးသားဝန်ထမ်း နောက်တစ်ဦးက ပြောသည်။

“ဘယ်လိုဖြစ်လာမလဲဆိုတဲ့ အကျိုးဆက်ကိုမသိရတော့ စမ်းတဝါးဝါးဖြစ်နေတယ်။ ဆူဇူကီးတို့ဘာတို့ဆိုရင် တော်တော်ကြာကြာပိတ်ထားတယ်။ ကျွန်တော် လမ်းမှာ သွားလာရင်းတွေ့နေတာဆိုရင် အခုမှ လူစလူနကို တွေ့ရတယ်။ အရင်ကဆိုရင် တစ်ယောက်မှ မမြင်ဘူး။ ပိတ်ထားတာ တော်တော်ကြာပြီ” ဟု သီလဝါဇုန်တွင် လုပ်သက်တစ်နှစ်ရှိပြီဖြစ်သည့် ၎င်းက ဆိုသည်။

စက်ရုံများ ယာယီပိတ်သိမ်းမှုနှင့် ပတ်သက်၍ စစ်ကောင်စီက ခန့်အပ်သည့် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးဆွေတင့်ကြူးကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း အကူးအပြောင်းကာလဖြစ်၍ ဖြေဆိုရန်အဆင်သင့်မဖြစ်သေးကြောင်း ပြောသည်။

ပိတ်သိမ်းသည့် စက်ရုံအရေအတွက်အတိအကျကို မသိရသော်လည်း အာဏာသိမ်းသည့် ဖေဖော်ဝါရီတွင် သီလဝါဇုန်အတွင်းရှိ ဂျပန် ဆူဇူကီးကားစက်ရုံကို ရပ်ဆိုင်းလိုက်ပြီး နာမည်ကျော် တိုယိုတာကားစက်ရုံဖွင့်လှစ်မည့် အစီအစဉ်ကို  ရွှေ့ဆိုင်းခဲ့သည်။

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သီလဝါဇုန်ရှိ ဆူဇူကီးမော်တော်ကားစက်ရုံကို ၂၀၁၉ ဩဂုတ် ၂၁ က တွေ့ရစဉ်။ (ဓာတ်ပုံ-EPA) 

ထိုနည်းတူပင် ကုန်ကြမ်းရရန်နှင့် ကုန်ချောထုတ်ရန်ခက်ခဲခြင်း၊ ငွေကြေးလည်ပတ်မှု ခက်ခဲခြင်းတို့ကြောင့် သီလဝါဇုန်တွင် စက်ရုံတည်ရှိသည့် Acecook Myanmar အသင့်စားခေါက်ဆွဲလုပ်ငန်းကိုလည်း ဇွန် ၃၀ တွင် ရပ်ဆိုင်းခဲ့ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့သည်။

သီလဝါဇုန်ရှိ ခေတ်မီကုန်သိုလှောင်ရုံမှ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ လက်ကားလုပ်ငန်းငယ်များနှင့် ရုံးများအတွက် အစားအသောက်ဖြန့်ချိနေသည့် ဂျာမနီနိုင်ငံအခြေစိုက် မက်ထရို (Metro)က မြန်မာနိုင်ငံရှိ လုပ်ငန်းလည်ပတ်မှုများအားလုံးကို ​​အောက်တိုဘာအကုန်တွင် အပြီးရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။

သီလဝါအထူးစီးပွားရေးဇုန်ကို မြန်မာနှင့် ဂျပန်မှ ရှယ်ယာရှင် ၄ ဦး ပိုင်ဆိုင်သည့် Myanmar Japan Thilawa Development Limited (MJTD) က အကောင်အထည်ဖော်ခြင်းဖြစ်သည်။

ရှယ်ယာပိုင်ဆိုင်မှုမှာ မြန်မာဘက်မှ ဇုန်စီမံခန့်ခွဲမှုကော်မတီက ၁၀ ရာခိုင်နှုန်း၊ မြန်မာသီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH) က ၄၁ ရာခိုင်နှုန်းနှင့် ဂျပန်ဘက်မှ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA) က ၁၀ ရာခိုင်နှုန်း၊ MMS သီလဝါဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက ၂၉ ရာခိုင်နှုန်းပိုင်ဆိုင်သည်။

မြန်မာသီလဝါအထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီ(MTSH) သည် ရန်ကုန်စတော့အိတ်ချိန်းတွင် ဒုတိယမြောက်စာရင်းဝင်ကုမ္ပဏီဖြစ်ပြီး ၂၀၂၀-၂၁ ဘဏ္ဍာနှစ် ပထမနှစ်ဝက်တွင် သီလဝါအထူးစီးပွားရေးဇုန်မှ ၁ ဒသမ ၆ ဘီလျံ ဝင်ငွေရရှိခဲ့သော်လည်း ယခင်နှစ်ကထက် လျော့ကျခဲ့ကြောင်း ကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်းအရ သိရသည်။ 

ကိုဗစ်နှင့် အာဏာသိမ်းမှုနောက်ဆက်တွဲ အဖြစ်အပျက်များကို ရင်ဆိုင်ရသော်လည်း စွမ်းဆောင်ရည်ထိန်းနိုင်ကြောင်း၊ သို့သော် သီလဝါဇုန်မှ မြေရောင်းအားမှာ ပြီးခဲ့သည့်၆ လအတွင်း နှေးကွေးခဲ့သလို လာမည့် ကျန် ၆လတွင်လည်း ရောင်းအားနည်းနိုင်ကြောင်း အဆိုပါဘဏ္ဍာရေးရှင်းတမ်းတွင် ဖော်ပြထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button