စီးပွားရေး

သီလဝါအထူးစီပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုအသစ်မဝင်

မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံး စီးပွားရေးဇုန်ဖြစ်သော ရန်ကုန်မြို့အနီးရှိ သီလဝါအထူးစီးပွားရေးဇုန်၌ စစ်တပ်က အာဏာသိမ်းထားသည့် နှစ်နှစ်ကျော်အတွင်း ရင်းနှီးမြှုပ်နှံမှုအသစ် ဝင်ရောက်လာခြင်း မရှိကြောင်း သီလဝါအများပိုင်ကုမ္ပဏီ၏ နောက်ဆုံးထုတ်အစီရင်ခံစာအရ သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်များအတွက် မြေယာရောင်းချရသည် မရှိဘဲ လည်ပတ်ဆဲလုပ်ငန်းများမှသာ ဝင်ငွေရရှိနေသည်ဟု မြန်မာသီလဝါအထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီ (MTSH) ၏ မေလ ၂၄ ရက်က ဘဏ္ဍာရေးအစီရင်ခံစာတွင် ဖော်ပြသည်။

ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီအနေဖြင့် ဘဏ္ဍာရေးအစီရင်ခံစာ ထုတ်ပြန်ရာတွင် MTSH ဘုတ်အဖွဲ့က မြန်မာနှင့် ဂျပန် ပူးပေါင်းဆောင်ရွက်နေသည့် သန်လျင်မြို့နယ်ရှိ သီလဝါနှင့် ပတ်သက်သော သီးသန့်လေ့လာဆွေးနွေးချက်ကိုလည်း ထုတ်ပြန်ထားသည်။

“သုံးနှစ်တာကာလမျှ ကြာမြင့်နေသော ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုနှင့် အခြားမတည်ငြိမ်သော အခြေအနေများကြောင့်  မြေယာရောင်းချမှုကဏ္ဍတွင် အသစ်ရောင်းချရခြင်းမျိုး မရှိခဲ့ဘဲ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများနှင့် အခြားမှသာ ဝင်ငွေရရှိခဲ့ပါသည်” ဟု ဆိုသည်။ 

သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းကို မြန်မာ-ဂျပန်ပူးပေါင်းထားသည့် MJTD ကုမ္ပဏီက စီမံခန့်ခွဲနေခြင်း ဖြစ်ကာ ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များကိုလည်း ထိုကုမ္ပဏီကပင် မြေယာရောင်းချပေးခြင်းဖြစ်သည်။ 

စီးပွားရေးဇုန်တစ်ခုလုံးကို စီမံခန့်ခွဲသည့် MJTD တွင် မြန်မာအစိုးရကိုယ်စားပြု စီမံခန့်ခွဲမှုကော်မတီက ၁၀ ရာခိုင်နှုန်း၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ၁၀ ရာခိုင်နှုန်း၊ MMS ဆိုသည့် သီလဝါဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက ၂၉ ရာခိုင်နှုန်း၊ MTSH အများပိုင်ကုမ္ပဏီက ၄၁ ရာခိုင်နှုန်းဖြင့် အများဆုံးပိုင်ဆိုင်ထားသည်။ MJTD တွင် ဒါရိုက်တာအဖွဲ့ဝင် ၉ ဦးရှိသည့်အနက် ရှယ်ယာအများဆုံး ပိုင်ဆိုင်သည့် MTSH ကုမ္ပဏီက လေးဦးအထိရှိသည်။

“ဝင်ငွေအနေဖြင့် ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများ၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ရေနှင့် လျှပ်စစ်မီး ဝန်ဆောင်မှုလုပ်ငန်းများမှသာ ရရှိခဲ့ပါသည်” ဟု စတော့အိတ်ချိန်းစာရင်းဝင် MTSH ကုမ္ပဏီ၏ ထုတ်ပြန်ချက်က ဆိုသည်။ 

လွန်ခဲ့သည့် မတ်လ၌ ကုန်ဆုံးခဲ့သည့် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၅ သန်း အသားတင်အမြတ်ရရှိခဲ့ပြီး ယခင်အမြတ် လက်ကျန် ၅၅ ဒသမ ၄၄ သန်းရှိသည်ဟု MJTD ကုမ္ပဏီ၏ အစီရင်ခံစာ၌ ဖော်ပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော အရပ်သားအစိုးရလက်ထက်တွင် ဘဏ္ဍာနှစ်ကို အောက်တိုဘာမှ စက်တင်ဘာအထိ သတ်မှတ်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့လက်ထက်တွင် ဧပြီမှ မတ်လကုန်အထိ ပြောင်းလဲသတ်မှတ်ခဲ့သည်။

မြေယာနှင့်စက်ရုံ ငှားရမ်းရေး စုံစမ်းခြင်းများ လက်ခံရရှိနေပြီဟု MJTD ကုမ္ပဏီက ဆိုသော်လည်း ကိုဗစ်ကပ်ရောဂါဒဏ် ခံနေရချိန် အာဏာသိမ်းသည့်ဖြစ်စ​ဉ်ကြောင့် စီးပွားရေးတုံ့ဆိုင်းသွားရာ သီလဝါအထူးစီးပွားရေးဇုန်၌ ဝန်ထမ်းအချို့သာ ချန်ပြီး စက်ရုံပိတ်သိမ်းခြင်းများရှိခဲ့ရာ လက်ရှိအချိန်ထိ ပုံမှန်မလည်ပတ်နိုင်သေးကြောင်း စောင့်ကြည့်လေ့လာသူတစ်ဦးက ဆိုသည်။

၎င်းမှာ သီလဝါအထူးစီးပွားရေးဇုန် စောင့်ကြည့်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်ကာ စီမံကိန်းအနီးရှိ ရွာခြောက်ရွာမှ ဒေသခံ ၃၆ ဦးဖြင့် ဖွဲ့စည်းထားသည့် ထိုအဖွဲ့မှာ စီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ အပါအဝင် သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ထိတွေ့မှုရှိပြီး လူမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုအခြေအနေကို စောင့်ကြည့်ခြင်းသာမက မြေယာလျော်ကြေးနှင့်ဆိုင်သော ကိစ္စရပ်များတွင်လည်း လိုက်လံဆောင်ရွက်ပေးလေ့ရှိသည်။  

သီလဝါစီမံကိန်းအတွင်း တည်ဆောက်ရေးလုပ်ငန်းအချို့ ပြန်စနေသော်လည်း အင်တိုက်အားတိုက်မရှိသည့်နည်းတူ စစ်ကောင်စီ၏ သွင်းကုန်ကန့်သတ်မှုနှင့် နိုင်ငံခြားငွေပေါ်လစီကြောင့် ကုန်ကြမ်းအခက်အခဲဖြစ်ကာ ကုန်ထုတ်လုပ်လုပ်ငန်းများ ရပ်နားထားရသည်ဟု ထိုစောင့်ကြည့်ရေးအဖွဲ့ဝင်က ဆိုသည်။

“ဒီပတ်ဝန်းကျင်မှာလည်း စက်ရုံတွေ၊ Construction (ဆောက်လုပ်ရေး) တွေပေါ်မှာ မှီခိုနေတဲ့ ရွာသူရွာသားတွေရှိတယ်။ သူတို့တွေလည်း သွားလုပ်စရာ မရှိဘူး။ အဲ့လိုသဘောတော့ရှိတယ်။ အရင်တုန်းကဆိုရင် အလုပ်သမားတွေက သွားလာနေကြတာ။ အခုတော့ အဲ့ဒီအခြေအနေ မဟုတ်ဘူး။ ရပ်နေတယ်။ အလုပ်လက်မဲ့တွေ များနေတယ်” 

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ရင်းနှီးမြှုပ်နှံမှုအသစ် ဝင်ရောက်ခြင်း မရှိကြောင်း၊ ဇုန်အတွင်း စက်ရုံအသစ်များဖွင့်ပါက လူမှုပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုဆန်းစစ်ချက်များကို ဒေသခံလူထုနှင့် ဆွေးနွေးချပြလေ့ရှိပြီး ထိုဆွေးနွေးမှုများမရှိသည်မှာ ကြာပြီဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

၂၀၂၂ ခုနှစ် ဧပြီလအထိ သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၂၀ ကျော်မှ စီးပွားရေးလုပ်ငန်း ၁၂၂ ခုက ဒေါ်လာ ၂ ဘီလျံကျော် ရင်းနှီးမြှုပ်နှံထားသည်ဟု စစ်ကောင်စီထိန်းချုပ် မီဒီယာက ဖော်ပြဖူးသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အထင်ကရ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးများ ထွက်ခွာသွားသည့်နည်းတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်လာခြင်း မရှိပေ။ 

စစ်ကောင်စီလက်အောက်ခံ နိုင်ငံတော်ဗဟိုစာရင်းအင်းအဖွဲ့၏ ၂၀၂၂ ဩဂုတ်လ စာရင်းများအရ အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄ ဘီလျံကျော် ရှိခဲ့သည်။ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် လုပ်ငန်း ၅၉ ခုမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃ ဒသမ ၃ ဘီလျံဝင်ရောက်သည်ဟု ဆိုသော်လည်း အများစုမှာ အရပ်သားအစိုးရလက်ထက် အဆိုပြုခဲ့သည့် လုပ်ငန်းများဖြစ်ကြသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) စာရင်းများ အရလည်း စစ်ကောင်စီလက်ထက်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကျဆင်းနေပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၆ ဘီလျံကျော်သာ ရှိခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button