မြန်မာနိုင်ငံတောင်ဘက်ပိုင်း ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်အထူးစီးပွားရေးဇုန်ကို ပူးတွဲအကောင်အထည်ဖော်ရန် စစ်ကောင်စီနှင့် ရုရှားတို့အကြား ကနဦးအဆင့်ဆွေးနွေးမှုများ စတင်နေပြီဖြစ်ကြောင်း သိရသည်။
ထိုစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း မြန်မာနိုင်ငံရှိ ရုရှားသံတမန်များနှင့် ရုရှားနိုင်ငံ ပုဂ္ဂလိကုမ္ပဏီများက ဆက်သွယ်လာပြီးနောက် နှစ်ဖက်ဆွေးနွေးမှုများပြုလုပ်နေသည်ဟု စစ်ကောင်စီ၏ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးက Myanmar Now ကို ပြောသည်။
ဆွေးနွေးမှုများသည် “ကနဦးအဆင့်” သာ ရှိသေးကြောင်း ၎င်းက ဆိုပြီး ရုရှားဘက်က အဆိုပြုသည့် စီမံကိန်းအပါအဝင် အသေးစိတ်အချက်အလက်များကိုတော့ ပြောကြားရန် ငြင်းဆန်သည်။
“တကယ်တမ်း တိတိကျကျ သဘောတူပြီး အသိပေးလို့ ရပြီဆိုတဲ့အခါကျရင်တော့ သတင်းတွေဘာတွေ ထုတ်ပြန်ပေးမှာပါ” ဟု သူက ပြောသည်။
နိုင်ငံတောင်ပိုင်းတွင် တန်ချိန် နှစ်သိန်းနှင့်အထက် သင်္ဘောများဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတစ်ခုတည်ဆောက်ရန် ရုရှားနှင့် ဆွေးနွေးနေကြောင်း ပြီးခဲ့သည့် မတ်လအတွင်းက ရုရှားသတင်းဌာန ITAR-TASS ကို နေပြည်တော်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
၁၉၅ စတုရန်းကီလိုမီတာနီးပါး ကျယ်ဝန်းသည့် ထားဝယ်အထူးစီးပွားရေးဇုန်သည် မြန်မာနိုင်ငံတောင်ဘက်စွန်း တနင်္သာရီတိုင်း၊ ထားဝယ်မြို့၏ မြောက်ဘက် ကပ္ပလီပင်လယ်ပြင်နှင့် ထိုင်းပင်လယ်ကွေ့အနီး မဟာဗျူဟာကျသည့်နေရာတွင် အကောင်အထည်ဖော်မည့် စီမံကိန်းကြီးဖြစ်ပြီး ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ လျှပ်စစ်စွမ်းအင်နှင့် အခြားစီမံကိန်းများပါဝင်သည်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော်ရန် ၂၀၀၈ ကတည်းက စစ်အစိုးရနှင့် ထိုင်းအခြေစိုက် အီတာလျံထိုင်းကုမ္ပဏီတို့အကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြသော်လည်း ဦးသိန်းစိန်အစိုးရက ၂၀၁၃ တွင် “စီမံကိန်းအတွက် လိုအပ်သည့်ငွေကြေးကို အချိန်မီ ရှာဖွေဖြည့်ဆည်းခြင်း မပြုနိုင်” ဆိုသည့် အကြောင်းပြချက်ဖြင့် အဆိုပါစာချုပ်ကို ရပ်ဆိုင်းခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတင်းထုတ်ပြန်ခဲ့သည်။
၂၀၁၅ တွင် မြန်မာ၊ ထိုင်းနှင့် ဂျပန်အစိုးရတို့ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ထပ်မံသဘောတူခဲ့ကြသော်လည်း စီမံကိန်းသည် ရှေ့မတိုးနောက်မဆုတ်ဖြစ်နေခဲ့သည်။
၁၆ နှစ်နီးပါးကြာသည်အထိ ရုပ်လုံးမပေါ်သေးသည့် စီမံကိန်းကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ရုရှား၏အကူအညီဖြင့် ပြန်လည်အသက်သွင်းရန် ကြိုးစားနေခြင်းဖြစ်သည်။
“လုပ်ငန်းရပ်ဆိုင်းထားရတဲ့အတွက် ကိုယ့်တိုင်းပြည်အတွက် နစ်နာဆုံးရှုံးတယ်လေ။ ဒါကြောင်မို့ တို့ကတော့ လုပ်ငန်းကို မြန်မြန်ပြန်စ၊ လုပ်ချင်တာပေါ့။ နောက်ထပ် တကယ်လုပ်နိုင်မယ့်သူကို ရှာဖွေနေတဲ့ အဆင့်လို့ ပြောရမှာပေါ့” ဟု စစ်ကောင်စီ၏ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးက ဆိုသည်။
စီမံကိန်းတွင် ထိုင်းနှင့် ဂျပန်နိုင်ငံနှစ်ခုလုံးက ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန်မှုမရှိသလို လက်ရှိတွင် စစ်ကောင်စီက ရုရှားကို လုပ်ပိုင်ခွင့်ပေးရန် ဆွေးနွေးနေသော်လည်း စီးပွားရေးအရ အကျိုးအမြတ်ရရန် မသေချာနိုင်ကြောင်း စီမံကိန်းနှင့်ပတ်သက်၍ ထဲထဲဝင်ဝင်သိသည့် အစိုးရအရာရှိဟောင်းတစ်ဦးက ပြောသည်။
“အခု ရုရှားကို ပေးမယ်ဆိုရင် ရုရှားအနေနဲ့ စီးပွားရေးဆန်ဆန်တကယ်လုပ်ဖို့ရာ အဲ့ဒီအခြေအနေတွေ သိပ်ခက်မယ်ပေါ့နော်။ တစ်ခုပဲရှိတယ်ပေါ့ဗျာ။ ပွင့်ပွင့်လင်းလင်းပြောရရင် SEZ (အထူးစီးပွားရေးဇုန်) နာမည်ခံပြီးတော့ ရုရှားကို ရေနက်ဆိပ်ကမ်းထူထောင်ရေးနဲ့အတူ သင်္ဘောတွေ ဝင်ထွက်ရင်းကနေ သူတို့ စီးပွားရေးအမည်ပြပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရေတပ်သင်္ဘောတွေ အဝင်အထွက်လုပ်တာမျိုး၊ အရှေ့တောင်အာရှဘက်မှာ လာပြီး အခွင့်အလမ်းဖော်တဲ့ဟာမျိုးပဲရှိနိုင်မယ်” ဟု သူက ပြောသည်။
ထိုစီမံကိန်းကို မြန်မာ၊ ထိုင်း၊ ဂျပန် သုံးပွင့်ဆိုင်အကောင်အထည်ဖော်မည်ဟု မူလက ကတိပြုထားသော်လည်း ထိုနိုင်ငံများကလက်တွေ့ ရင်းနှီးမြှုပ်နှံမှုမရှိသေးသလို ဥပဒေကြောင်းအရ ခိုင်မာသည့် သဘောတူညီမှုများမရှိကြောင်း စစ်ကောင်စီက ရုရှားကို လုပ်ပိုင်ခွင့်ပေးရာ၌ ထိုင်းနှင့် ဂျပန်တို့က ကန့်ကွက်ရန် အခွင့်အာဏာမရှိကြောင်းလည်း သူက ဆိုသည်။
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းသည် ရှုပ်ထွေးသည့် စီမံကိန်းဖြစ်ခြင်းကြောင့် စစ်ကောင်စီက သဘောတူစာချုပ်ချုပ်ဆိုရန် လွယ်ကူသော်လည်း လက်တွေ့အကောင်အထည်ဖော်ရန် ခက်ခဲမည်ဖြစ်ကြောင်းလည်း သုံးသပ်မှုများရှိသည်။