တနင်္သာရီတိုင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းဝန်းကျင်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် ဖမ်းသွားသည့် ဒေသခံ ၈ ဦး အနက်မှ ၄ ဦး၏ ရုပ်အလောင်းကို တွေ့ရသည်ဟု ဒေသခံများက ယမန်နေ့ (ဇူလိုင် ၅) တွင် ပြောသည်။
ထို ၄ ဦးမှာ ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ် အနောက်ဘက် ဇာဒီကျေးရွာအုပ်မှ သက်လတ်ပိုင်း အမျိုးသားများဖြစ်သော ကိုနိုင်နိုင်၊ ကိုသားသား၊ ကိုအောင်ဇော်ဝင်းနှင့် ကိုကျော်စိန်တို့ ဖြစ်ကြောင်း သိရသည်။
ဇွန် ၁ တွင် ကံပေါက်တိုက်နယ်ဘက်မှ စစ်ကြောင်းထိုးလာသည့် တပ်က ဇာဒီကျေးရွာအုပ်စု ဒိုက်ကော်နှင့်ခေါင်ပြန်ရှိ ရွာသား ၈ ဦး ကို လူသားတံတိုင်း အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားသည်၊ ကျန် ၄ ဦး၏ အခြေအနေကို မသိရသေးဟု ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တာဝန်ခံ ရဲဘော် ဇီဝကက ပြောသည်။
“သူတို့ ဖမ်းသွားတဲ့ ရွာသား ၈ ယောက်လုံးကို သတ်ပစ်လိုက်ပြီလား သေချာမသိသေးဘူး။ လောလောဆယ်တော့ အလောင်း ၄ လောင်းတော့ တွေ့ရပြီ” ဟု သူက ပြောသည်။
စစ်တပ်က သတ်ဖြတ်သည်ဟု ၎င်းတို့က ယုံကြည်ကြပြီး သတ်ရသည့် အကြောင်းရင်းကို မသိရသေးပေ။
စစ်တပ်ကလည်း ထိုဖြစ်ရပ်အကြောင်း သတင်းထုတ်ပြန်ခြင်း မပြုသေးသလို ရွာသူရွာသားများကို ဖမ်းဆီး၊ အနိုင်ကျင့်မှု ဖြစ်ရပ်များနှင့် ပတ်သက်လျှင် သတင်းအမှောင်ချထားတတ်သည်။
ဓားစာခံအရေအတွက်မှာ ၈ ဦးထက်ပိုသည်၊ အမျိုးသမီး အမျိုးသား ဆယ်ဦးထက်မနည်း ရိုက်နှက် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ဒေသတွင်း သတင်းများ တင်ဆက်နေသည့် မွန်သတင်း – IMNA facebook စာမျက်နှာရှိ သတင်းတစ်ပုဒ်တွင် တွေ့ရသည်။
Freedom Kanbauk facebook စာမျက်နှာရှိ သတင်းတစ်ပုဒ်တွင်လည်း ရုပ်အလောင်းများတွင် ဒဏ်ရာဒဏ်ချက်များ ရှိနေသည်၊ သံကြိုးဖြင့် လက်ကို နောက်ပြန် တုတ်နှောင်ထားသည်ဟု ဖော်ပြထားသည်။
စစ်ကြောင်းချီရာတွင် ဒေသခံများကို ဓားစာခံအဖြစ် ခေါ်ထားခြင်းမှာ တော်လှန်ရေးအဖွဲ့များ၏ ခြုံခိုတိုက်ခိုက်မှုကို ကာကွယ်နိုင်ရေးအတွက် ဖြစ်သည်၊ စစ်တပ်က ပြန်လွှတ်ပေးသဖြင့် ပြန်လည်လွတ်မြောက်လာသူများလည်း ရှိတတ်သည်။
ဇွန်လ ၃၀ ရက်နေ့က စတင်ပြီး ရေဖြူမြို့ အနောက်ဘက်ခြမ်းရှိ နဘုလယ်ဒေသကို ရေဖြူနှင့် ကံပေါက်တိုင်နယ်ဘက်မှ စစ်ကြောင်း ၂ ကြောင်း ထိုးနေခြင်းဖြစ်သည်။
ရေဖြူ အခြေစိုက် အမြောက်တပ် (အမတ) ၃၀၄ တပ်က ဦးဆောင်သည့် စစ်ကြောင်းသည် ရေဖြူအနောက်ဘက် ပုဂေါဇွန်းနှင့် ရလိုင်ရွာတို့တွင် တပ်စွဲခဲ့သည်၊ ထို့နောက် ရေနက်ဆိပ်ကမ်းဘက်သို့ ဆက်လက် စစ်ကြောင်းထိုးလာသည်ဟု သူက ပြောသည်။
ကံပေါက် အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၇၃ စစ်ကြောင်းတွင် အင်အား ၁၀၀ ခန့် ရှိသည်၊ ထိုဒေသတွင်ရောက်ရှိနေသည့် ကလိန်အောင် အခြေစိုက် ခလရ ၄၀၈၊ ခလရ ၄၀၉ တပ်များနှင့်ပူးပေါင်းသွားပြီး ထားဝယ်ရေနက်ဆိပ်ကမ်းသို့ ဦးတည် စစ်ကြောင်း ထိုးနေသည်ဟု သူက ဆက်ပြောသည်။
“လောလောဆယ်ကတော့ ရေနက်ဆိပ်ကမ်း ဧရိယာဘက်မှာရှိတဲ့ ကျေးရွာတွေက ရွာသူရွာသားတွေကတော့ ရှောင်ပြေးနေကြတယ်။ သူတို့ရဲ့ နီးစပ် ဆွေမျိုးသားချင်းတွေ ဥယျာဉ်ခြံတွေဘက်ကို ရွှေ့ပြောင်းပြီး ပြေးလွှားနေရတဲ့ အနေအထားရှိပါတယ်”
ဇွန် ၂၇ တွင် ကံပေါက်တိုက်နယ်မှလာသည့် စစ်ကြောင်းသည် ဇာဒီရွာအနီး ဒေသခံ တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ခဲ့သေးသည်။ တိုက်ပွဲတွင် လက်နက်ကြီး ပစ်ကူများအပြင် ရေတပ်သင်္ဘော၏ ပစ်ကူအင်အား ရရှိထားသည့် စစ်ကြောင်းက ဇာဒီရွာကို စီးနင်းခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ဇာဒီကျေးရွာအုပ်စုမှာ လူတောင်သိပ်မရှိတော့ဘူး။ စစ်ကြောင်းထိုးပြီးတော့ နေအိမ်တွေ အိမ်ခြေ ၄၀ လောက် မီးရှို့ခံထားရတယ်ဆိုတဲ့ သတင်းကြားတယ်။ ဒါပေမယ့် သူတို့ ဘက်က ဖုန်းလိုင်းတွေရော၊ အင်တာနက် လိုင်းတွေရော အကုန်လုံး ဖြတ်တောက်ထားတဲ့ အခါကျတော့ သတင်းက ခုထိ တိတိကျကျမရဘဲ ဖြစ်နေတဲ့ အခြေအနေမျိုးတော့ရှိပါတယ်” ဟု သူက ပြောသည်။
ထားဝယ်ရေနက်ဆိပ်ကမ်းရှိရာ လဲရှောင်၊ ပရဒတ်၊ ထိန်ကြီး၊ မူတူး ကျေးရွာများပါဝင်သည့် နဘုလယ်ဒေသတွင် ဒေသခံ တော်လှန်ရေး တပ်ဖွဲ့များက အင်အား ၄၀ ရှိသည့် စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်သည့် သတင်းများလည်း မကြာခဏ ထွက်ပေါ်နေသည်။
ထိုဒေသကို စစ်ကြောင်းထိုးမှုသည် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို ရုရှားနိုင်ငံနှင့် ပူးပေါင်းပြီး ပြန်လည်လည်ပတ်မည့် သဘောတူညီချက်များ ထွက်ပေါ်ပြီးနောက်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်အထူးစီးပွားရေးဇုန်ကို ပူးတွဲအကောင်အထည်ဖော်ရန် စစ်ကောင်စီနှင့် ရုရှားတို့အကြား ကနဦးအဆင့်ဆွေးနွေးနေသည်ဟု ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးက Myanmar Now ကို ပြောဆိုထားသည်။
ထိုဒေသမှာ တော်လှန်ရေးတပ်ဖွဲ့များ၏ စိုးမိုးနယ်မြေသာဖြစ်ပြီး စစ်တပ်က အလွန်အကျွံ အင်အားသုံးလာသည့် စစ်ကြောင်းများကို ပြောက်ကျားစစ်ဖြင့် တန်ပြန်တိုက်ခိုက်နေသည်ဟု ဖက်ဒရယ် စစ်ကြောင်း ဒုစစ်ကြောင်းမှူး ကိုမင်းထက်က ပြောသည်။
“စစ်ကောင်စီနဲ့ ဒီဘက်က တော်လှန်ရေး တပ်တွေကတော့ သူတလှည့်၊ကိုယ်တလှည့်ပေါ့ နယ်မြေ စိုးမိုးမှုရှိတယ်။ သူတို့က အဲဒီ ရေနက်ဆိပ်ကမ်းနေရာမှာ စစ်တပ်နဲ့ ရဲနဲ့ ပေါင်းထားတဲ့ စခန်း တစ်ခု ရှိတယ်။ အင်အား ၃၀ ကျော် ၄၀ နီးပါးရှိတယ်။ အဲဒီ စခန်းကိုလည်း ကျွန်တော်တို့ တော်လှန်ရေး ပူးပေါင်းတပ်တွေက အမြဲတမ်း သွားပြီး တိုက်ခိုက်နေတာရှိတယ်” ဟု သူက ပြောသည်။
တနင်္သာရီတိုင်း အခြေစိုက် ဖက်ဒရယ်စစ်ကြောင်းမှာ အမျိုးသား ညီညွတ်ရေး အစိုးရ ၊ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ PDF တပ်များနှင့် ကရင့်အမျိုးသား အစည်းအရုံး (KNU) တပ်များ၏ ပူးပေါင်း စစ်ကြောင်းဖြစ်ပြီး စစ်ကြောင်းမှူးတာဝန်ကို ကရင့်တော်လှန်ရေးတပ် KNU က တာဝန်ယူထားသည်။
ရုရှား ရင်းနှီးမြှုပ်နှံမည့် ထားဝယ် ရေနက်ဆိပ်ကမ်း
၂၀၀၈ ခုနှစ်က ထိုင်းအခြေစိုက် အီတာလျံထိုင်းနှင့် စစ်အစိုးရတို့အကြားသဘောတူ လက်မှတ်ရေးထိုးခဲ့သည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် အစိုးရအဆက်ဆက် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
စစ်အစိုးရ ဦးဆောင်ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက် ၂၀၁၃ တွင် “စီမံကိန်းအတွက် လိုအပ်သည့်ငွေကြေးကို အချိန်မီ ရှာဖွေဖြည့်ဆည်းခြင်း မပြုနိုင်” ဆိုသည့် အကြောင်းပြချက်ဖြင့် ထိုစီမံကိန်းကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် မြန်မာ၊ထိုင်းနှင့်ဂျပန်အစိုးရတို့ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရန် ထပ်မံ ကြိုးစား နေချိန်တွင် စစ်တပ်အာဏာသိမ်းခဲ့သည်။
ထိုသို့ အစိုးရအဆက်ဆက် ဖော်ဆောင်ရန်ကြိုးပမ်းနေသည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို ရုရှားနိုင်ငံနှင့်ပူးပေါင်းပြီး ပြန်လည်အကောင်အထည်ဖော်မည်ဟု လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင်က မတ်လတွင် ရုရှားသတင်းဌာန တစ်ခုသို့ ပြောဆိုသည်။
ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းနယ်မြေတည်ရှိရာ မြန်မာ-ထိုင်း အဓိက ကုန်သွယ်လမ်းမကြီးဖြစ်သည့် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးသည် တော်လှန်ရေး တပ်ဖွဲ့ များ အားကောင်းရာ ဒေသဖြစ်သည်။
စီးပွားရေးဇုန်တည်ရှိရာဒေသမှာလည်း တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားသွားလာ နေသည့် စိုးမိုးနယ်မြေဖြစ်သည်ဟု ဖက်ဒရယ်စစ်ကြောင်း ဒု စစ်ကြောင်းမှူး ကိုမင်းထက်က ပြောသည်။
“အဲဒီလမ်းတလျှောက်မှာလဲ KNU-PDF ပူးပေါင်း တပ်တွေနဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲတွေတော့ အမြဲဖြစ်နေတာပေါ့။ ဒီရေနက်ဆိပ်ကမ်းကတော့ ဦးသိန်းစိန်ခေတ်ကလဲ လုပ်တာ မအောင်မြင်ခဲ့ဘူး။ သမ္မတ ဦးထင်ကျော်၊ ဦးဝင်းမြင့် ခေတ်မှာလဲ ကြိုးစားတယ်။ မအောင်မြင်ခဲ့ဘူး။ NLD လက်ထက်မှာ တောင် မအောင်မြင်ခဲ့တော့ စစ်ကောင်စီလက်ထက်မှာ အောင်မြင်ဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတောင်ဘက်စွန်း တနင်္သာရီတိုင်း၊ ထားဝယ်မြို့အနီး၊ အမှတ် ၈ ပြည်ထောင်စု လမ်းမ ကြီး၏ အနောက်ဘက်တွင် တည်ရှိသည့် ထားဝယ် အထူးစီးပွားရေးဇုန်မှာ ၁၉၅ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး ၁၉၅ စတုရန်းကီလိုမီတာ နီးပါး ကျယ်ဝန်းသည့် ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ လျှပ်စစ်စွမ်းအင်နှင့် အခြား စီမံကိန်းများပါဝင်သည်။