သတင်း

ထားဝယ်မြို့ မူလတန်းကျောင်း ပေါက်ကွဲမှုတွင် ကလေး ၁ ဦးသေ၊ ၂၇ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ မူလတန်းကျောင်း ပေါက်ကွဲမှုတွင် ကလေး ၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသွားသည်။ ကောက်ရသည့်ဗုံးသီးပေါက်ကွဲခြင်းဖြစ်သည်ဟု ဆိုသည်။

ဇွန်လ ၄ ရက် နေ့လယ်ပိုင်းက တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက် မူလတန်းကျောင်းဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခြင်းကြောင့် အသက် ၉ နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရသွားသည်။

သေးဆုံးကလေးငယ်မှာ မောင်ထက်မြက်အောင်ဖြစ်သည်။ ဒဏ်ရာရသူတို့မှာ ကျောင်းသူ ၁၅ ယောက်၊ ကျောင်းသား ၁၁ ယောက်နှင့် ကျောင်းသားမိခင်တစ်ဦးတို့ ဖြစ်သည်။

ဒဏ်ရာရကလေးများမှာ အသက် ၇ နှစ်မှ ၁၀ နှစ်ကြား ကလေးများ ဖြစ်သည်။

ပေါက်ကွဲမှုကို လောင်းလုံး PDF များ၏ ပစ်ခတ်မှုဟု စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

အဆိုပါကျောင်းပရဝဏ်အတွင်း တွေ့ရသည့် ဗုံးသီးတစ်လုံးကို ကလေးများ ကိုင်တွယ်နေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“ကျောင်းသားက အဲဒါကို ကောက်လာတာ၊ ကောက်လာပြီးတော့ လမ်းတစ်ဝက်မှာ အောက်ပြုတ်ကျသွားတဲ့နောက်မှာ ပေါက်ကွဲမှုဖြစ်ပြီး သယ်လာတဲ့ကလေးကလည်း ခေါင်းကြေပြီး သေသွားတယ်” ဟု သူက ပြောသည်။

အိမ်ရှေ့ပြင် မူလတန်းကျောင်းအနီး စစ်တပ်စစ်ဆေးရေးဂိတ်တစ်ခုရှိပြီး ထိုဂိတ်ကို တော်လှန်ရေးအင်အားစုက တိုက်ခိုက်တတ်သည်ဟု သိရသည်။

“တိုက်ခိုက်ခံရတာ နှစ်ခါ သုံးခါရှိနေပြီဆိုတော့ အဲနေရာက လုံခြုံရေးလည်း ပုံမှန်ထက်ချထားတယ်၊ ကျောင်းအနီးအနား ပတ်ဝန်းကျင်တွေမှာလည်း ကင်းပုန်းတွေရှိတယ်ဗျ၊ ဒီနေ့ထိရှိတယ်၊ အဲ့နေရာ လုပ်စရာလည်း အကြောင်းမရှိဘူး၊ လာလုပ်ဖို့လည်း မလွယ်တဲ့နေရာဖြစ်နေတယ်” ဟု လောင်းလုံပကဖ တာဝန်ရှိသူက ဆိုသည်။

ကျောင်းအနီး တိုက်ပွဲငယ်များဖြစ်ပွားရာမှ မပေါက်ကွဲသည့် လက်နက်ကြီးကျည် ကျောင်းဝင်းအတွင်း ကျန်ရှိနေရာမှာ ပေါက်ကွဲခြင်းဖြစ်နိုင်သည်ဟုလည်း ထားဝယ်ဒေသခံတစ်ဦးက ပြောသည်။

“တိုက်ခိုက်ကြတော့ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ စာသင်ကျောင်းထဲကို ကျတာတွေရှိတယ်။ နှစ်ဖက်ပစ်ခဲ့တဲ့ဟာတွေပေါ့၊ ကျောင်းထဲ ကျန်ခဲ့တာ” ဟု အဆိုပါ ဒေသခံက ပြောသည်။

ပေါက်ကွဲမှုဖြစ်ခဲ့သည့် မူလတန်းကျောင်းကို ယနေ့ (ဇွန်လ ၅ရက်) တွင်လည်း ပိတ်ထားပြီး စစ်တပ်က မိုင်းရှင်းလင်းရေးလုပ်ဆောင်နေသည်ဟု သိရသည်။

ကလေးအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် သားသမီးများ ကျောင်းပြန်တက်ခိုင်းရန် စိုးရိမ်နေကြသည်ဟုလည်း ထားဝယ်ဒေသခံက ပြောသည်။ 

ဒဏ်ရာရသူများ ထားဝယ်မြို့ အမှတ်၁၂ စစ်တပ်ဆေးရုံ (ခုတင်-၁၀၀) နှင့် ထားတယ်ပြည်သူ့ဆေးရုံကြီးတို့တွင် ကုသမှုခံယူနေသည်။

Show More

Related Articles

Back to top button