သတင်း

ဦးကိုနီအမှု တရားခံများကို အကြမ်းဖက်ဥပဒေဖြင့် မစွဲတော့ဟု တိုင်းလွှတ်တော်ဆုံးဖြတ်

(ရန်ကုန်) — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေကြီး ဦးကိုနီကိုလုပ်ကြံသတ်ဖြတ်မှုတွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့သူနှင့် တခြားအမှုတွဲအဖြစ် စွပ်စွဲခံထားရသူများအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုရန် လျှောက်ထားသည့်အပေါ် ရန်ကုန်တိုင်းဒေသကြီးတရားရုံးက ယနေ့ (ဇွန်လ၁၈ရက်) ပလပ်လိုက်သည်။

ဦးကိုနီအား ကိုယ်ထိလက်ရောက်လုပ်ကြံခဲ့သူ ကြည်လင်း အပါအဝင်လေးဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရပါ စွဲချက်တင်ထားခြင်းမှာ ကျူးလွန်သည်ဟု ပေါ်ပေါက်ခြင်းမရှိသောကြောင့် ပလပ်လိုက်သည်ဟု ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ တရားခွင် (၇) တွင် တရားသူကြီးဦးအောင်နိုင်က ဆုံးဖြတ်ခဲ့သည်။

၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၃ (ခ) ပုဒ်မခွဲ (၁) မှ (၁၈) ထိ ကျူးလွန်သည်ဟု ပေါ်ပေါက်ခြင်းမရှိ၊ ပုဒ်မ(၄၁)၊ (၄၉)၊ (၅၄) တို့နှင့်လည်း ငြိစွန်းခြင်းမရှိသောကြောင့် ပလပ်လိုက်သည်ဟု တရားသူကြီး ဦးအောင်နိုင်က ပြောသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ဆက်တင်မည်

အဆိုပါဆုံးဖြတ်ချက်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ပြင်ဆင်ခွင့်ဆက်လက်တင်သွင်း သွားမည်ဟု တရားလို ရှေ့နေဦးရောဘတ်ဆန်းအောင်ကပြောသည်။

မြန်မာနိုင်ငံ၏အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုတွင် ပထမဆုံးဖြစ်ပွားခဲ့သည့် ရာဇဝတ်မှုဖြစ်ခြင်းကြောင့် ၎င်းအမြင်အရ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်ပါ စွဲချက်တင်သင့်သည်ဟု ထင်မြင်သဖြင့် လျှောက်ထားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်အထိ ဆက်တက်မည်ဖြစ်သည့်အတွက် အမှု စစ်ဆေးရန် အချိန်ကြာနှောင့်နှေးနိုင်မည်ဖြစ်သော်လည်း မစိုးရိမ်ကြောင်း၊ အမှုနှင့်ထိုက်တန်သည့် ပြစ်ဒဏ်များ ရရှိဖို့ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း ဦးရောဘတ်ဆန်းအောင်ကပြောသည်။

အောင်ဝင်းဇော်ကို လက်နက်မှုက ပယ်ဖျက်

ထို့ပြင် ရာဇဝတ်ပုဒ်မပြင်ဆင်ချက်များကိုလည်း ရန်ကုန်တိုင်း တရားလွှတ်တော်က အမိန့်ချမှတ်ခဲ့သည်။

သေနတ်သမား ကြည်လင်းကို ခိုင်းစေသူဟု စွပ်စွဲခံထားရသည့် အောင်ဝင်းဇော်ကို ၁၈၇၈ ခုနှစ် လက်နက်ဥပဒေ ပုဒ်မ ၁၉(ဃ)(စ) တို့ဖြင့် စွဲချက်တင်ခံထားရခြင်းမှ ပယ်ဖျက်ပေးခဲ့သည်။

မူလစစ်ဆေးချက်များတွင် အောင်ဝင်းဇော်နှင့်ကြည်လင်းတို့ ကရင်ပြည်နယ်မှ လက်နက်များဝယ်ယူခဲ့သည်ဟု ပေါ်ပေါက်ခဲ့သော်လည်း ပြန်တင်တရားလိုပြသက်သေများ၏ သက်သေခံချက်များတွင် မပေါ်ပေါက်ခဲ့ခြင်းကြောင့် အောင်ဝင်းဇော်ကို လက်နက်မှုမှ ပယ်ဖျက်ရခြင်းဖြစ်သည်ဟု တရားသူကြီးဦးအောင်နိုင်က အမိန့်ချမှတ်စဉ် ပြောသည်။

ဦးကိုနီကို မလုပ်ကြံခင် ၂မိနစ် အလိုအထိ အောင်ဝင်းဇော်နဲ့ကြည်လင်း ဖုန်းပြော

အဓိကတရားခံ ကြည်လင်းကို လေဆိပ်သို့ ခေါ်ဆောင်လာသူမှာ အောင်ဝင်းဇော်ဖြစ်ပြီး သက်သေခံချက်များအရ ဦးကိုနီကို သေနတ်နှင့်မပစ်မီ နှစ်မိနစ်အလိုအထိ ကြည်လင်းနှင့် အောင်ဝင်းဇော်တို့ ဖုန်းအဆက်အသွယ်ရှိခဲ့သည်ဟု အမိန့်ချမှတ်သည့်  တရားသူကြီး ဦးအောင်နိုင်က တရားခွင်တွင် ပြောသည်။

၎င်းက အခင်းဖြစ်ပွားချိန်တွင် အောင်ဝင်းဇော်မှာ ကြည်လင်းနှင့်အတူရှိနေပြီး ပူးပေါင်းကြံစည်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းကြောင့် မူလတရားရုံး၏ တရားစွဲဆိုချက် မှားယွင်းခြင်းမရှိဟု ရာဇဝတ်ပြင်ဆင်ချက်များကို အမိန့်ချမှတ်ရာတွင် ပြောသည်။

ကြည်လင်းကို ခိုင်းစေရာတွင် ငွေကြေးထောက်ပံ့သူဟု စွပ်စွဲခံထားရသူ ဇေယျာဖြိုးကို မူလ ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁)(ခ)/၃၄ အစား  ၃၀၂(၁)(ခ)/၁၀၉ အဖြစ် ပြင်ဆင်စေခဲ့သည်။

ဇေယျာဖြိုးကို စွဲဆိုထားသော မူလပုဒ်မ ၃၀၂(၁)(ခ)/၃၄မှာ တစ်စုတစ်ဖွဲ့တည်းက အစီအစဉ်တကျ အကွက်ချလုပ်ကြံမှုဖြစ်ပြီး ၃၀၂(၁)(ခ)/၁၀၉ မှာ လူသတ်ရာတွင် ပူးပေါင်းကြံစည်မှုဖြစ်ကာ အခင်းဖြစ်ချိန်တွင် ဇေယျာဖြိုးသည် အနီးအနားတွင်မရှိခြင်းကြောင့် ပုဒ်မ ပြောင်းရခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းတရားလွှတ်တော် ပြန်ကြားရေးအရာရှိ ဒေါ်မြသွေးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေကြီးဦးကိုနီသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က အင်ဒိုနီးရှားခရီးစဉ်မှ အပြန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေနတ်ဖြင့် အနီးကပ် ပစ်ခတ် လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။

Show More

Related Articles

Back to top button