သတင်း

စစ်ကောင်စီလက်ထက်တွင် ဒေါ်လာမှောင်ခိုဈေးကွက် ပြန်ပေါ်ပေါက်

စစ်တပ်က အာဏာသိမ်းပြီး ၇ လအကြာတွင် ကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းခဲ့သည့်နည်းတူ ၁၀ နှစ်ကြာပျောက်ကွယ်သွားခဲ့သည့် ဒေါ်လာမှောင်ခိုဈေးကွက်လည်း ပြန်လည်ပေါ်ပေါက်လျက်ရှိသည်။ 

စစ်ကောင်စီ၏ ဗဟိုဘဏ်က ငွေလဲကောင်တာများတွင် ဒေါ်လာဈေးကို သတ်မှတ်ရည်ညွှန်းထက် သုည ဒသမ ၈ ရာခိုင်နှုန်းသာ အတိုးအလျှော့ပြုရောင်းဝယ်ရန် သတ်မှတ်ထားသော်လည်း ဗဟိုဘဏ်ရည်ညွှန်းနှုန်းမှာ ပြင်ပဈေးကွက်ထက် များစွာနည်းနေသောကြောင့် မှောင်ခိုဈေးကွက် ပြန်ပေါ်လာခြင်းဖြစ်ကြောင်း ငွေလဲလုပ်ငန်းဆောင်ရွက်နေသူအချို့က သုံးသပ်သည်။ 

“ငွေလဲကောင်တာတွေက ဗဟိုဘဏ်က သတ်မှတ်လိုက်တဲ့ဈေးရဲ့ သုည ဒသမ ၈ ရာခိုင်နှုန်းဘောင်ကနေ ရောင်းဝယ်ရမယ်ဆိုတော့ လာရောင်းတဲ့သူ မရှိတော့ဘူး။ ဒီလိုနှုန်းက အပြင်မှာ ဝယ်ရောင်းဖြစ်နေတဲ့ ဈေးနဲ့ အများကြီးကွာနေတယ်လေ” ဟု ကမာရွတ်မြို့နယ်မှ ငွေလဲကောင်တာပိုင်ရှင်တစ်ဦးက ပြောသည်။

အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်းကို ၂၀၁၁ ခုနှစ်တွင် ရည်ညွှန်းနှုန်းရှင်အဖြစ် စတင်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီး ၇ လအကြာတွင် ၂၀၁၁ ခုနှစ်မတိုင်မီ အခြေအနေဖြစ်သော မှောင်ခိုဈေးကွက် ပြန်ပေါ်ပေါက်လာခြင်းဖြစ်သည်။ 

လတ်တလောတွင် ရန်ကုန်မြို့ရှိ ငွေလဲကောင်တာများ၌ ဒေါ်လာအရောင်းအဝယ် နည်းပါးနေပြီး အခက်ကြုံတွေ့နေရကြောင်း ငွေလဲကောင်တာပိုင်ရှင်အချို့က ပြောသည်။ ကြိုတင်စာရင်းပေးထားရပြီး သတ်မှတ်ပမာဏအတိုင်းသာ အကန့်အသတ်ဖြင့် ပမာဏအနည်းငယ်သာ ရောင်းချပေးနိုင်သည်ဟုလည်း ငွေလဲကောင်တာပိုင်ရှင်တစ်ဦးက ပြောသည်။

“ရောင်းတော့လည်း သူတို့က အဟောင်းတွေ၊ အစွန်းအထေးတွေ ပါတာဆိုတော့ လိုအပ်တဲ့နေရာ ပြန်သွင်းရတာလဲ ဈေးနှိမ်ခံရတယ်။ ဒေါ်လာအရွက်သန့် အသစ်လိုချင်ရင် မှောင်ခိုမှာပဲ ဝယ်လိုရတယ်” ဟု ယခုရက်ပိုင်းအတွင်း ဒေါ်လာဝယ်ယူခဲ့သူ ရန်ကုန်မြို့နေ ဦးမောင်မောင်က ပြောသည်။

ဩဂုတ် ၃၁ ရက်တွင် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ရည်ညွှန်းဈေးအဖြစ် ၁ ဒေါ်လာ ၁၆၇၄ ကျပ် သတ်မှတ်ပေးခဲ့ရာ ငွေလဲကောင်တာများက သုည ဒသမ ၈ ရာခိုင်နှုန်း ဈေးတင်၍ ၁ ဒေါ်လာ ၁၆၈၇ ကျပ်ဖြင့် ရောင်းဈေးဖွင့်ခဲ့ကြသည်။ သို့သော် ထိုနေ့တွင် ပြင်ပမှောင်ခိုဈေးကွက်၌ ၁ ဒေါ်လာ ၁၇၇၀ မှ ၁၇၈၅ အထိ ဈေးပေါက်ခဲ့ကြကြောင်း ငွေလဲလုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

“ဒေါ်လာဈေးအတက်အကျဆိုတာ တိုင်းပြည်စီးပွားရေးပေါ်မူတာ။ တိုင်းပြည်က ရောင်းချစရာ ပို့ကုန်မရှိဘူးဆိုရင် ဒေါ်လာက လိုမှာပဲ။ ဒါကို ကန့်သတ်လိုက်တယ်ဆိုတာ ဈေးနှုန်းတက်တာက ရပ်သွားမှာ မဟုတ်ဘူး။ အခုပုံစံက အရင် နဝတ၊ နအဖ စစ်ဗိုလ်ချုပ်တွေလမ်းစဉ်ကို ပြန်ရောက်သွားတာပေါ့” ဟု အမည်မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အမေရိကန်ဒေါ်လာဈေး ထိန်းမနိုင်သိမ်းမရ မြင့်တက်နေမှုကို ကုစားရန် စစ်ကောင်စီ၏ ဗဟိုဘဏ်က ၇ လတာအတွင်း ဒေါ်လာသန်း ၁၃၀ ခန့် ဆက်တိုက်ထုတ်ရောင်းပေးခဲ့သော်လည်း ဒေါ်လာဈေးမြင့်တက်နေဆဲ ဖြစ်သည်။ ဗဟိုဘဏ်၏ ထုတ်ပြန်ချက်များအရ ပြီးခဲ့သည့် ဩဂုတ်လအတွင်း၌ပင် ၇ ကြိမ်တိုင် ဒေါ်လာထုတ်ရောင်းခဲ့သည်။

ဒေါ်လာများထုတ်ရောင်းနေကြောင်း ဗဟိုဘဏ်က ကြေညာသော်လည်း အမှန်တကယ်ရောင်းချခြင်း ရှိမရှိ မသိရဘဲ စစ်ကောင်စီ၏ ဗဟိုဘဏ်က ရောင်းချသည်ဆိုသော ဒေါ်လာများ ဈေးကွက်အတွင်း မရောက်ရှိကြောင်းလည်း ငွေလဲလုပ်ငန်းရှင်များထံမှ သိရသည်။

စစ်တပ်က အာဏာမသိမ်းမီ  ၂၀၂၀ ဇန်နဝါရီ  ၂၉ ရက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၁၃၃၇ ကျပ်သာ ပေါက်ဈေးရှိခဲ့သော်လည်း စစ်အာဏာသိမ်းပြီး ၇ လတာအတွင်း ဒေါ်လာဈေး ၃၃ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။ 

ဒေါ်လာဈေးနှင့်အတူ ပြည်တွင်းရွှေဈေးလည်း မြင့်တက်လာပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၇ သိန်းအထိ ရောက်ရှိလာသည်။ အာဏာမသိမ်းမီဖြစ်သော ဇန်နဝါရီ  ၂၉ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၃ သိန်းကျော်သာ ရှိခဲ့သည်။

နိုင်ငံခြားငွေလဲနှုန်းမြင့်တက်မှုကို ထိန်းကျောင်းရန် မလိုအပ်သည့် သွင်းကုန်တင်သွင်းမှုကို ကန့်သတ်သွားမည်ဖြစ်ကာ မလိုအပ်ဘဲ ဝယ်စုသူများနှင့် ဈေးကစားသူများကို အရေးယူမည်ဟု စစ်ကောင်စီခန့် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်က ဩဂုတ်လလယ်ပိုင်းတွင် BBC သတင်းဌာနကို ပြောကြားခဲ့သည်။ 

“အခြေအနေအရ လိုအပ်ချက်ရှိရင် တက်မှာပဲ။ ရာသီပေါ်မှာမူတည်ပြီး ဒေါ်လာဈေးက တက်တယ်၊ ကျတယ်ဖြစ်တယ်။ ဒါ သူ့ဘာသာ သွားနေတာ။ အခုဖြစ်တာက ပုံမှန်မဟုတ်ဘူး။ နှစ်ပတ်လောက်အတွင်းမှာ ပုံမှန်မဟုတ်ဘဲ ကျပ် ၄၀၊ ၅၀၊ ၆၀ တက်သွားတာက ဈေးကစားတဲ့ကိစ္စတွေ ပါလာတယ်” ဟု ၎င်းက ဆိုသည်။ 

စစ်ကောင်စီလက်ထက်တွင် ပြည်ပပို့ကုန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားအကူအညီများမှ အမေရိကန်ဒေါ်လာစီးဝင်မှု ကျဆင်းခဲ့သည့်အပြင် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါဆိုင်ရာ ဆေးဝါးနှင့် ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းမှုကြောင့် ဒေါ်လာလိုအပ်ချက် ပို၍မြင့်မားခဲ့သည်။ 

ဒေါ်လာဈေးကျဆင်းပြီး ကျပ်ငွေတန်ဖိုးပြန်တက်လာရန် နိုင်ငံခြားဝင်ငွေရှာဖွေပေးသည့် ပို့ကုန်တင်ပို့မှု ပြန်အားကောင်းလာရန် လိုအပ်ပြီး အထူးသဖြင့် ရှစ်လကျော်ကြာ ရပ်ဆိုင်းနေသည့် တရုတ်နယ်စပ်ကုန်သွယ်မှု ပြန်ဖွင့်နိုင်ရန်လိုကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာစိုးထွန်းက ဆိုသည်။

“ကိုယ့်ငွေတန်ဖိုး ခိုင်မာအောင်ဆိုရင် Export များပြီး Import နည်းရင်တော့ အလိုလျောက်ကျတယ်။ Export တက်အောင်မလုပ်ဘဲနဲ့ ဒေါ်လာရောင်းပေးတယ်တို့၊ ဈေးကစားသူတွေ လိုက်ဖမ်းမယ်တို့ ဒါတွေက နည်းလမ်းအမှန်ကြီးတော့ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button