ရန်ကုန်၊ အင်းစိန်သား အသက် ၃၉နှစ်အရွယ် ကိုငြိမ်းချမ်းမှူးသည် အာဏာသိမ်းစစ်ကောင်စီကို ပြန်တိုက်ရန် နယ်စပ်ဒေသ လွတ်မြောက်နယ်မြေတစ်နေရာတွင် စစ်ရေးလေ့ကျင့်နေသည်။
အကြမ်းဖက်နည်းမျိုးစုံ၊ လက်နက်မျိုးစုံသုံး၍ ပြည်သူကို နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်နေသည့် စစ်ကောင်စီနှင့် ရင်ဆိုင်ရမည့်ပွဲ၊ အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင်လှဲမည်ဟု ရည်ရွယ်ပြင်ဆင်ထားသည့်ပွဲအတွက် တစ်ထောင့်တစ်နေရာမှာ ပါဝင်ရန် ဖြစ်သည်။
“လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက အာဏာရှင်တွေကို မကြိုက်လို့ သေနတ်တွေ ချိန်ထားတဲ့ပြောင်းကို ကျွန်တော်တို့ ညီအစ်ကိုတွေပေါင်းပြီး တော်လှန်ခဲ့တယ်။ အခု နောက်ထပ် နှစ် ၂၀ မှာ ထပ်ဖြစ်လာတယ်” ဟု ကိုငြိမ်းချမ်းမှူးက ပြောသည်။
၎င်းသည် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၂၀၀၂ ၌ ပြင်ဦးလွင် တပ်မတော်နည်းပညာကောလိပ် (MTC) ကို လုံးဝ ပိတ်ပစ်ကာ အရာရှိဖြစ်လာမည့် သင်တန်းသား ၃၀၀၀ ဝန်းကျင်ကို တပ်မှ ထုတ်ပစ်ရသည်အထိ ဖြစ်ခဲ့သည့် သူပုန်ထမှုတွင် အဆိုပါ ကျောင်း၏ နောက်ဆုံးအတန်းအဖြစ် မှတ်တမ်းဝင်ခဲ့သော အပတ်စဉ် ၄ တွင် Mechatronic ဘာသာရပ်ဖြင့် တက်ရောက်ခဲ့သူ ဖြစ်သည်။
ထိုမှ နောက်ထပ် နှစ် ၂၀ အကြာတွင် အာဏာရှင်လက်သစ်ဖြစ်ရန် တာစူနေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ခြေလှမ်းကို အမြစ်ဖြတ် ရိုက်ချိုးနိုင်ရန်အတွက် မိသားစုကိုစွန့်ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ဝင်တစ်ဦးအဖြစ် ကိုယ့်ကိုယ်ကိုယ် သွတ်သွင်းထားသူဖြစ်သည်။
စစ်ခေါင်းဆောင်များက ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှားသည်ဟု အကြောင်းပြကာ ရလဒ်ကို လက်မခံဘဲ နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးအာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ နံနက်ခင်းသည် စစ်အာဏာရှင်စနစ်ကို တပ်တွင်း သင်တန်းသားဘဝဖြင့်ပင် တော်လှန်ဖူးသူ ကိုငြိမ်းချမ်းမှူးအတွက် ဆောက်တည်ရာမဲ့ခံစားချက်ကို ပေးခဲ့သည်။
“ဝမ်းနည်းတယ်။ ဒေါသလည်း တော်တော်ဖြစ်ခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုဖြစ်သွားပြီဆိုကတည်းက အာဏာသိမ်းခဲ့တဲ့ အစိုးရအဆက်ဆက်ရဲ့အခြေအနေတွေကို ကိုယ်သိသလောက် ဖတ်သလောက် မှတ်သလောက် ပြန်တွေးမိတယ်ဆိုရင်တောင်မှ တစ်ချက်မှ ကောင်းခဲ့တယ်ဆိုတာ မရှိဘူး”ဟု ၎င်းက ပြောသည်။
၎င်းသည် ရွေးကောက်ပွဲအနိုင်ရပြီးနောက် စစ်တပ်က ငြင်းပယ်ကာ အာဏာသိမ်းခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်မဟုတ်သလို လွန်ခဲ့သော နှစ် ၂၀ တပ်တွင်း၊ ကျောင်းတွင်းသူပုန်ထမှု ပြီးကတည်းက နိုင်ငံရေးတက်ကြွလှုပ်ရှားမှုများနှင့် ခပ်ကင်းကင်းနေခဲ့သူဖြစ်သည်။
ဘဝအတွေ့အကြုံနှင့် ဖြတ်သန်းမှုများအရ အာဏာသိမ်းမှုသည် တိုင်းပြည်ကို အမှောင်ခတ်ဆီသို့ ပြန်လည်ပို့ဆောင်တော့မည်ကို ခန့်မှန်းခဲ့ပြီး ငြိမ်းချမ်းသောနည်းဖြင့် တောင်းဆိုသည့် လူထုဆန္ဒပြမှုများတွင် တတ်နိုင်သည့်ဘက်မှ ပါဝင်ရန် ကိုငြိမ်းချမ်းမှူးက ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် အာဏာသိမ်းပြီး ခြောက်ရက်အကြာမှစ၍ ရန်ကုန်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများတွင် အစာရေစာပေးလှူခြင်း၊ ဆေးဝါးပေးလှူခြင်း၊ လုံခြုံရေးယူပေးခြင်း နည်းလမ်းများဖြင့် ရက်ပေါင်း ၂၀ခန့် ၎င်းက ပါဝင်ကူညီခဲ့သည်။
သို့သော် ဆန္ဒပြသည်ကိုပင် လက်မခံသော အာဏာသိမ်းစစ်ကောင်စီ၏ အညှာအတာမဲ့ ဖိနှိပ်အကြမ်းဖက်မှုများကြောင့် ငြိမ်းချမ်းစွာဖြေရှင်းသည့် နည်းလမ်းအပေါ် ကိုငြိမ်းချမ်းမှူး သံသယဝင်လာသည်။
“ကျောက်တုံးကို ကြက်ဥနဲ့ပစ်ဖို့က အဆင်မပြေဘူးဗျ။ လက်နက်ရှိတဲ့သူတွေကို လက်နက်မရှိတဲ့သူတွေက ရေရှည်ရင်ဆိုင်မယ်ဆိုရင် အခက်အခဲတွေ အများကြီးဖြစ်မယ်။ ဆုံးရှုံးမှုတွေ အများကြီးဖြစ်မယ်”ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီ ၂၈ က စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ညီညီအောင်ထက်နိုင် သေဆုံးခဲ့ရသည့် လှည်းတန်းဆန္ဒပြမှုတွင် အသက်လုပြေးခဲ့ရပြီးနောက် ဧပြီလကုန်တွင် PDF ထဲ ဝင်တော့မည်ဟူသော ဆုံးဖြတ်ချက်ကို မိသားစုက သဘောမတူသည့် ကြားမှပင် ကိုငြိမ်းချမ်းမှူးက ခက်ခဲစွာချလိုက်တော့သည်။
“ကျွန်တော့်ဆုံးဖြတ်ချက်ကို သူတို့(မိသားစု)အနေနဲ့ သဘောမတူကြဘူး။ အကုန်လုံးကလည်း ခါးခါးသီးသီးဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်ကလည်း လုပ်ချင်တဲ့အလုပ်က ဒီလိုဖြစ်နေတော့ ရွေးစရာလမ်းက သိပ်မရှိဘူး။ နောက်ဆုံး ဒီလမ်းကပဲ အကောင်းဆုံးဖြစ်မယ်လို့ တွေးပြီးတော့ ဒီလမ်းကို ကျွန်တော်လျှောက်ခဲ့တာ”ဟု ၎င်းက ပြောသည်။
ကိုငြိမ်းချမ်းမှူး၏ မိသားစုကလည်း ပြတ်သားသည်။ ၎င်းကို အမွေပြတ်စွန့်လွှတ်ကြောင်း ဩဂုတ် ၁၈ ထုတ် မြန်မာ့အလင်းသတင်းစာတွင် မိခင်ဖြစ်သူက ကြေညာသည်။
“ဒီအပေါ်(အမွေဖြတ်ကြေညာခြင်း)မှာတော့ သားတစ်ယောက်အနေနဲ့ ဘာမှမပြောချင်ဘူး။ တစ်ချိန်ကျရင်တော့ မိဘတစ်ယောက်အနေနဲ့ သားရွှေအိုးထမ်းလာတာလေး မြင်စေချင်တယ်။ ကျွန်တော် အောင်အောင်မြင်မြင်နဲ့ ပြန်လာတာကို ကျွန်တော့်မိဘတွေ မြင်စေချင်တယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။
ငယ်စဉ်ကတည်းက ခေါင်းမာမာနှင့် ယုံကြည်ရာကို တစိုက်မတ်မတ်လုပ်တတ်သည့် အကြီးဆုံးသားအဖြစ် ဗီဇကို ပြခဲ့ပြီးဖြစ်သည့် ကိုငြိမ်းချမ်းမှူးနှင့် ၎င်း၏ မိသားစုအတွက် ယခုကဲ့သို့ အယူအဆမတူခြင်းမှာ အဆန်းတကြယ်တော့မဟုတ်ခဲ့ပါ။
ဆယ်တန်းအောင်ပြီးစတွင် အင်ဂျင်နီယာတစ်ဦးဖြစ်လိုသူ၊ ကျောင်းစရိတ်အတွက် မိသားစုကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေလိုသူ ကိုငြိမ်းချမ်းမှူးမှာ နေစား၊ စရိတ်ငြိမ်းသည့် MTC ကောလိပ်ကို ရွေးချယ်ခဲ့သည့် လွန်ခဲ့သော နှစ် ၂၀ကတည်း စစ်အာဏာရှင်၏ လှည့်ကွက်၊ ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုတို့ကို သတိပြုမိခဲ့သူ၊ ဆန့်ကျင်ခဲ့သူလည်းဖြစ်သည်။
MTC ၏ နောက်ဆုံး အပတ်စဉ် ၄၌ တက်ရောက်ရသည်မှာ တစ်နှစ်ပင်မကြာလိုက်သော်လည်း အပတ်စဉ် ၁၊ ၂၊ ၃ နောင်တော်ကျောင်းသားများ၏ မတရားမှုကို ညီညွတ်စွာ ဆန့်ကျင်မှုကြောင့် အရည်အသွေးမပြည့်မီ၊ စစ်သားစုဆောင်းရုံသာ ဟန်ပြထူထောင်ထားသည့် စစ်အာဏာရှင်၏ ယန္တရားကြီးတစ်ခုလုံး ရပ်ဆိုင်းပေးလိုက်ရသည့် သင်ခန်းစာကို ကိုငြိမ်းချမ်းမှူးက ယနေ့တိုင် ကိုင်စွဲထားသည်။
သင်တန်းသားခေါ်ချိန်တွင် အင်ဂျင်နီယာ ဘာသာရပ် ၁၆ ခု သင်ရမည်ဟုဆိုသော်လည်း လက်တွေ့တွင် ဘာသာရပ် ၆ ခုနှင့် ပတ်သက်သည့် သင်ရိုးညွှန်းတမ်းများသာရှိခြင်း၊ တပ်တွင်း ဆင့်ကဲဖိနှိပ်ခံရခြင်း၊ MTC ကျောင်းသားများ၏ အနာဂတ်နှင့် ပတ်သက်၍ ရှင်းလင်းပြတ်သားစွာ မသိရခြင်းတို့ကို အကြောင်းပြုသည့် တော်လှန်ရေးတစ်ခုသည်ပင်လျှင် စုစည်းမှု၊ ပန်းတိုင်တူညီမှုရှိလျှင် အောင်မြင်သည်ကို ၎င်းက သိထားသည်။
“အဲ့ဒီအတွက်လည်း ကျွန်တော်တို့မှာ အကျိုးဆက်တွေ အများကြီးရှိခဲ့တယ်။ ထောင်ကျခဲ့သူတွေလည်း အများကြီးရှိတယ်။ ဘဝပျက်ခဲ့တဲ့သူတွေလည်း ရှိတယ်။ အခြေအနေအမျိုးမျိုးကြောင့် ပညာဆက်ပြီး မသင်ရတဲ့သူတွေလည်း ရှိတယ်။ “အဲဒီအချိန်ကတည်းက ကျွန်တော်တို့က မတရားတဲ့အမိန့်တွေကို မကြိုက်ခဲ့တဲ့ကောင်တွေပေါ့ဗျာ”ဟု ကိုငြိမ်းချမ်းမှူးက ပြောသည်။
အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် စစ်အစိုးရခေတ် ၂၀၀၂တွင် MTC ကျောင်းသား ၆၀ ခန့်ကို တော်လှန်ရေးဦးဆောင်သူဟု စွပ်စွဲပြီး အလုပ်ကြမ်းနှင့် အမြင့်ဆုံးထောင် ၇ နှစ်အထိ ချခဲ့ရုံမျှအပ ကျောင်းတော်ကြီးကို ရှေ့ဆက်ရန် စစ်ခေါင်းဆောင်များ မည်သို့မျှ မတတ်နိုင်ခဲ့ပေ။
“အခွင့်အရေးဆိုတာ အရပ်သားတစ်ယောက်အနေနဲ့ ဆုံးရှုံးရတာမျိုးမဟုတ်ဘဲနဲ့ စစ်သားတစ်ယောက်အနေနဲ့ရော၊ လူငယ်တွေအနေနဲ့ရော၊ နောက် အနာဂတ်ပါ ဆုံးရှုံးရမယ့်အခြေအနေတွေ အများကြီး မြင်ရတယ်။ ဒါကြောင့်မို့လို့ ဒီဟာကို ကျွန်တော်တို့ တော်လှန်ခဲ့ကြတာ”ဟု ထိုဆန္ဒပြမှုကြောင့် ထောင်၇နှစ်ကျခဲ့သူ ကိုကျော်သူစိုးက ပြောသည်။
ထိုဖြစ်စဉ်ကို မှတ်တမ်းတင်ထားသည့် “ကောလိပ်သူပုန်”စာအုပ်ကို ၂၀၁၆ခုနှစ်တွင် ထုတ်ဝေခဲ့သူလည်းဖြစ်သည့် အပတ်စဉ် ၃ ကျောင်းသားဟောင်း ကိုကျော်သူစိုးက MTC ကျောင်းသားဟောင်းများထဲမှ ခေတ်ဝန်ကို ဆက်ထမ်းနေသူများရှိခဲ့လျှင် ဂုဏ်ယူကြောင်းပြောသည်။
ကိုငြိမ်းချမ်းမှူးကလည်း သူနှင့် အခြားMTC ကျောင်းသားဟောင်းများ၏ လွန်ခဲ့သော နှစ် ၂၀ က စစ်အာဏာရှင်၏ ရည်ရွယ်ချက်ဆိုးကို အမြစ်လှဲ၊ အလဲထိုးနိုင်ခဲ့သည့် စိတ်ဓာတ်မျိုးဖြင့် ၂၀၂၁ နွေဦးတော်လှန်ရေးတွင် အတိုင်းအတာတစ်ခုဖြင့် အကျိုးပြုနိုင်ရန် မျှော်လင့်ထားကြောင်းပြောသည်။
“ကျွန်တော်တို့မှာ စိတ်တစ်ခုပဲ ရှိတယ်။ ရအောင်တိုက်မယ်။ နိုင်အောင်တိုက်မယ်။ အသက်သေလည်း သေသွားနိုင်တယ်။ သေမှာလည်း ဂရုမစိုက်ဘူး” ဟု ၎င်းက ပြောလိုက်သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pen