
(The New York Times တွင် သြစတေးလျဝန်ကြီးချုပ်ဟောင်းရေးသားသော Myanmar’s Rohingya Crisis Meets Reality ဆောင်းပါးကို ဘာသာပြန်ထားခြင်းဖြစ်သည်။ ဤဆောင်းပါးပါ ဖော်ပြချက်များသည် Myanmar Now သတင်းဌာန၏ အာဘော်နှင့်သဘောထားမဟုတ်ပါ။ နိုင်ငံတကာတွင် ဖြစ်ပေါ်နေသော မြန်မာပြည်ဆိုင်ရာ ထိပ်တန်းသုံးသပ်ချက်ဆောင်းပါးတချို့ကို မြန်မာစာဖတ်ပရိသတ် ဖတ်ရှုနိုင်ရန် ဖော်ပြပေးနေခြင်းသာဖြစ်သည်။)
လွန်ခဲ့သည့်လများအတွင်း မြန်မာနိုင်ငံအကြောင်း သတင်းဖော်ပြမှုများကိုကြည့်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် လူ့အခွင့်အရေးကိုကာကွယ်ရန်တည်းဟူသော သူ၏တာဝန်များကို ထမ်းဆောင်ရန် ပျက်ကွက်ခဲ့သည်ဟု လူအများအပြားက ကောက်ချက်ချခဲ့ကြသည်။
မြန်မာပြည်အနောက်ပိုင်းတွင် ရာစုနှစ်များစွာ နေထိုင်လာခဲ့သော ရိုဟင်ဂျာလူနည်းစုများအနက်မှ သိန်းနှင့်ချီသော လူပေါင်းများစွာကို စစ်တပ်က မောင်းထုတ်နေသည်။
မည်သည့်ပေတံစံနှုန်းဖြင့်တိုင်းတိုင်း ကျွနုပ်တို့အားလုံး မြင်တွေ့နေရသည်မှာ လူသားတို့၏ အခြေခံအကျဆုံးသော အခွင့်အရေးများကို အဆိုးရွားဆုံး ချိုးဖောက်နေခြင်းဟု ဆိုရမည်ပင် ဖြစ်သည်။
ထိုသို့ ရက်စက်ကြမ်းကြုတ်စွာပြုမှုခြင်းတို့၏ နောက်ကွယ်တွင် ရှုပ်ထွေးလှသော မြန်မာ့နိုင်ငံရေးအခြေအနေများလည်း ရှိနေသည်။ နှစ်ပေါင်း ၅ဝ ခန့် စစ်အာဏာရှင်စနစ် ဖြစ်ပေါ်ခဲ့ပြီးနောက် ၂ဝ၁၅ နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင်အဖြစ် ပေါ်ထွန်းလာခဲ့သည်။ နိုင်ငံတကာက အုတ်အော်သောင်းတင်း ကောင်းချီးပေးခဲ့သည့် ထိုအချိန်ကာလကို ကျွန်ုပ်တို့ အမှတ်သတိရနေရန် လိုအပ်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါသတ်မှတ်ချက်တစ်ခုကို အသုံးပြုပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်မပေးခဲ့ပါ။ အထူးခြားဆုံးမှာ အသွင်သာရှိပြီး အနှစ်သာရအားဖြင့် လိုအပ်နေသေးသည့် ဒီမိုကရေစီစနစ်တစ်ရပ်ကို အသွင်ပြောင်းပြီးနောက်ပိုင်းမှာပင် စစ်တပ်သည် အလွန်ကျယ်ပြန့်သည့် လုပ်ပိုင်ခွင့်အာဏာများကို ဆက်လက် ထိန်းချုပ်နေသည့့် အချက်ဖြစ်သည်။
ရွေးကောက်ခံမဟုတ်ဘဲ လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာဝင်ယူထားသည်မက၊ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်လုံခြုံရေး ဌာနကြီးများကို ထိန်းချုပ်ထားပြီး၊ နိုင်ငံ့ဝန်ထမ်း လောကကြီး တစ်ခုလုံးကိုလည်း လွှမ်းမိုးထားသည့်နှယ်ရှိပါသည်။ ထိုကဲ့သို့ အာဏာခွဲဝေထားရမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်ထိပ်တန်းခေါင်းဆောင် များ၏ အလိုဆန္ဒများကို ဆန့်ကျင်ကာ စစ်တပ်နှင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့များကို စီမံကွပ်ကဲမှုများလုပ်နိုင်မည့် အခွင့်အရေးကို ဥပဒေကြောင်းအရ ပိတ်ပင်တားမြစ်ခံထားရပါသည်။
ယခုဆိုခဲ့သောအချက်အလက်များသည် ရခိုင်ပြည်အရေးနှင့်ပတ်သက်၍ လွန်ခဲ့သည့် တနင်္လာနေ့က ဒေါ်အောင်ဆန်းစုကြည် ပြောကြားသောမိန့်ခွန်း၏ နောက်ကွယ် အခြေအနေများ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်အတွင်း စစ်တပ်၏ ရက်စက်မှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းမရှိဟုဆိုကာ လူအများက သူ့ကို အပြစ်တင်နေကြသည်။
သို့ရာတွင် သူ့မိန့်ခွန်းသည် သူပြည်တွင်းတွင် ရင်ဆိုင်နေရသော နိုင်ငံရေးအကျပ်အတည်းများနှင့် စစ်တပ်ကို ပြောင်ပြောင်တင်းတင်း ဝေဖန်ရမည်ဆိုသည့် အခြေအနေ နှစ်ခုကြားတွင် သိမ်သိမ်မွေ့မွေ့ ထိန်းညှိပြီး ပြောဆိုခဲ့သော မိန့်ခွန်းဟု ဆိုရမည်ဖြစ်သည်။
လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူ မှန်သမျှကို ဥပဒေကြောင်းအရ တိတိကျကျ အရေးယူမည်ဟု သူက ဆိုသည်။ သေနတ်ပြောင်းဝကိုအသုံးပြု၍ အာဏာ ဆက်လက်ရယူထားသော စစ်တပ်၏အခြေအနေကို ထောက်ရှုပါက ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သောအချက်မှာ သတ္တိရှိသည့် ပြောဆိုချက်ဟု ဆိုနိုင်သည်။
မြန်မာစစ်တပ်သည် တုံဏှိဘာဝေနေသော အစိုင်အခဲကြီးမဟုတ်။ သဘောထားပြင်းထန်သည့် စစ်ဗိုလ်ချုပ် အများအပြားသည် အစိုးရ၏အာဏာအရပ်ရပ်ကို ပြန်လည် ရယူလိုသူများ ဖြစ်ကြသည်။
ရိုဟင်ဂျာတို့အတွက် ရေရှည် ပြေလည်စေမည့် အဖြေများကို ကြိုးစားရှာဖွေနေရပြီး၊ တစ်ဖက်တွင်လည်း ဒီမိုကရေစီနည်းဖြင့် တက်လာသော သူ့အစိုးရကို ဆန့်ကျင်၊ အာဏာသိမ်းစေမည့် အခြေအနေများကို ရှောင်ရှားရေးမှာ ဒေါ်အောင်ဆန်းစုကြည်၏ အခက်အခဲဖြစ်သည်။
အန္တရာယ်မှာ တောင်မရောက်၊ မြောက်မရောက် ဒုက္ခဖြစ်နိုင်သည့် အခြေအနေသို့ သူရောက်ရှိနိုင်ခြင်း ဖြစ်သည်။ ပြည်တွင်းတွင် စစ်တပ်က သူ့အား “အမျိုးသားအကျိုးစီးပွား” ပေါ် ရပ်တည်ချက် အလွန်ပျော့လွန်းသည်ဟု ဇာတ်လမ်းသွင်း ပုံဖော်ခံရနိုင်ပြီး၊ နိုင်ငံတကာအသိုင်းအဝိုင်းတွင်မူ လူနည်းစုတစ်စုအပေါ် သူ၏ကာကွယ်ပေးမှုမှာ ဖြစ်ဖြစ်မြောက်မြောက်မရှိဟု ထင်မြင်ခံရနိုင်သည်။
ရခိုင်ပြည်နယ်အရေးတည်ငြိမ်မှုရှိစေရန်အလို့ငှာ ဒေါ်အောင်ဆန်းစုကြည်သည် အကြံပေး ကော်မရှင် ဖွဲ့ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို
ကော်မရှင်တွင် ဦးဆောင်စေခဲ့သည်။
သြဂုတ်လနှောင်းပိုင်းတွင် ထွက်ရှိလာသော ကော်မရှင်၏အစီရင်ခံစာကို ဒေါ်အောင်ဆန်းစုကြည်က ပြည့်ပြည့်ဝဝ ကြိုဆိုခဲ့သည်။ ကော်မရှင်၏အကြံပြုချက်များတွင် ဒုက္ခသည်စခန်းများ ပိတ်သိမ်းရန်၊ လွတ်လပ်စွာ သွားလာခွင့်ပြုရန်၊ နိုင်ငံ့အရေးတွင် လူနည်းစုများ ပါဝင်ခွင့်ပြုရန်၊ ကော်မရှင်၏အကြံပြုချက်များကို အကောင်အထည်ဖော်မည့် အဖွဲ့တစ်ခု ဖွဲ့စည်းရန် စသည်တို့ ပါဝင်သည်။
အစီရင်ခံစာထွက်ပြီးရက်အနည်းငယ်အတွင်း အာရကန်ရိုဟင်ဂျာကယ်ဆယ်ရေးတပ် (ARSA) က နပ်စပ်ကင်းစခန်းများစွာကို တိုက်ခိုက်ခဲ့သည်။ မြန်မာစစ်တပ်က ထိုတိုက်ခိုက်ခံရမှုကို အကြောင်းပြု၍ ယခု ကျွန်ုပ်တို့မြင်တွေ့နေရသည့် လူ့ဒုက္ခကပ်ဘေးကြီးဖြစ်လာစေမည့် ဆိုးရွားသည့် တုံ့ပြန်မှုများ ပြုလုပ်ခဲ့သည်။
လူပေါင်း ၂ သိန်းမှ ၄ သိန်းကြား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်နေသည်။ တချို့က နယ်စပ်ဖြတ်နေဆဲဖြစ်ပြီး တချို့မှာ ထွက်ခွာ၍မရနိုင်ဟု သိရသည်။ ရွာလုံးကျွတ် မီးရှို့ခံရမှုများ၊ သတ်ဖြတ်မှု၊ မုဒိမ်းမှုများအကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ ဖြစ်ပေါ်နေသောအခြေအနေမှာ ရိုဟင်ဂျာတို့နှင့် အတူယှဉ်တွဲ နေထိုင်သူတို့ကိုလည်း ထိခိုက်စေသည်။
လူအများအသက်ဆုံးရႈံးရသည့် ARSA ၏ တိုက်ခိုက်မှုများသည် ထိုဒေသရှိ လူနည်းစု တိုင်းရင်းသားအားလုံး၏ ကံကြမ္မာကို ပိုဆိုးသွားစေသည်။ တစ်ဖက်တွင်လည်း စစ်တပ်၏ ဗျူဟာတစ်ခုမှာ မွတ်စလင်ရိုဟင်ဂျာတို့အပေါ် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နယ်သော ဗုဒ္ဓဘာသာ လူအများစု၏ မကျေနပ်မှုခံစားချက်ကို အသုံးချရေးဖြစ်သည်။
ရိုဟင်များကို မောင်းထုတ်သောကြောင့် စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်ထက် ပိုမို စွမ်းဆောင်နိုင်သည်ဟု ပြည်သူလူထုက မြင်လာသည်။
မြန်မာနိုင်ငံကမဟုတ်ဟု လူအများစုက ရှုမြင်နေသော ရိုဟင်ဂျာတို့ကို ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသား မဆန့်ကျင်၊ တစ်ဖက်တွင်လည်း ဗုဒ္ဓဘာသာ လူများစုအတွက် ခိုင်ခိုင်မာမာ ရပ်တည်မှုမရှိကြောင်း စစ်တပ်က ပုံဖော်ဖို့ ကြိုးစားနေသည်။
နိုင်ငံတကာမျက်နှာစာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အကျိုးယုတ်စေရန် မျှော်လင့်လျက်ရှိသည်။ အကြောင်းမှာ ရိုဟင်ဂျာများအတွက် ဖြစ်ဖြစ်မြောက်မြောက် အကာအကွယ်မပေးဟု ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာအသိုင်းအဝိုင်းတွင် ရှုမြင်မှုများ ရှိနေသည်။
ပကတိနိုင်ငံရေး အခြေအနေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှင့် အခြားသော ဥပဒေကြောင်းများမှ အဘက်ဘက်လှုပ်မရအောင် တုပ်နှောင်ထားသော အခက်အခဲတို့ကို မြင်အောင်ကြည့်မည် ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် မည်သို့မျှ လုပ်မရကိုင်မရ အာဏာမဲ့ အခြေအနေသို့ ဆိုက်ရောက်နေသည်။ ထိုသို့အကျပ်အတည်း ဆိုက်နေခြင်းကြောင့် လုပ်ရကိုင်ရ ခက်ခဲနေခြင်းကို နိုင်ငံတကာက ဝေဖန်နေခြင်းသည် စစ်တပ်အတွက် အောင်ပွဲခံနေခြင်းပင် ဖြစ်သည်။
ဤသို့အကြောင်းများကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းသည်လည်း အကျပ်အတည်းနှစ်ခုကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရသည်။ ပထမအကျပ်အတည်းမှာ ရခိုင်ပြည်နယ်ရှိ ကြီးမားသော လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အခြေအနေဖြစ်သည်။ ဒုတိယအကျပ်အတည်းမှာ စစ်အုပ်ချုပ်ရေးဆီသို့ တစ်ကျော့ပြန်သွားစေရန်၊ ပြည်တွင်းပြည်ပတွင် ဒေါ်အောင်ဆန်းစုကြည် အခက်အခဲဖြစ်ပေါ်စေရန် ဖန်တီးထားသော စစ်တပ်၏ မဟာဗျူဟာဖြစ်သည်။
ရခိုင်ပြည်နယ်အရေးကို ကုလသမဂ္ဂတွင် အဆုံးအဖြတ်ပြုကြရာတွင် အထက်ပါ အကြောင်းခြင်းရာ နှစ်ရပ်လုံးကို မလွဲမသွေ ထည့်သွင်းစဉ်းစားရပါမည်။ ထိပ်တန်းဦးစားပေးအနေဖြင့် ရိုဟင်ဂျာများကို ကာကွယ်ရမည်ဖြစ်သည်။ သို့ရာတွင် မြန်မာပြည်၏ နုနုနယ်နယ် ဒီမိုကရေစီစနစ်ကိုလည်း တစ်ပြိုင်နက်တည်း ထောက်ခံအားပေးရမည်ဖြစ်သည်။
ထိုသို့ပြုလုပ်ရေးအတွက် စစ်တပ်ကို ရိုဟင်ဂျာများအားတိုက်ခိုက်မှုရပ်တန့်စေရန် တောင်းဆိုရုံသာမကဘဲ၊ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံနေမှုများကို မပစ်ပယ်ရန် ဖြစ်သည်။ ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များ အကောင်အထည်ဖော်သည့် အဖွဲ့ကို နိုင်ငံတကာက ပိုမို ကူညီရန်လည်း လိုအပ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူတော်စင် မဟုတ်ပါ။ ထို့အတူ မည်သည့်နိုင်ငံရေးခေါင်းဆောင်မှလည်း သူတော်စင်မဖြစ်သေးပါ။ သို့ရာတွင် ပြဿနာ၏ ရႈထောင့်ပေါင်းစုံအသွယ်သွယ်ကို နိုင်ငံတကာအသိုင်းအဝိုင်းက သေသေချာချာ မသုံးသပ် မလေ့လာလျှင် ရိုဟင်ဂျာတို့၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးကြီးသည်လည်း မပြေလည်ရုံမက၊ မြန်မာပြည်၏ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သည်လည်း နိဋ္ဌိတံသွားမည်ကို ကျွန်ုပ်တို့ တွေ့မြင်ရမည်ဖြစ်ပေသည်။