အတုအယောင်သမ္မတရာထူး ရယူထားသည်မှာ ရက်ပေါင်း ၆၀ ကျော်လာခဲ့သော်လည်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကုလသမဂ္ဂနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တို့က အသိအမှတ်မပြုသေးပါ။ ဇွန်လ ၈ ရက် နောက်ဆုံးထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ၏ နိုင်ငံအကြီးအကဲများနှင့် နိုင်ငံခြားရေးဝန်ကြီးများစာရင်းတွင် မြန်မာနိုင်ငံ၏ နိုင်ငံတော်အကြီးအကဲအဖြစ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်အသိအမှတ်ပြု ဖော်ပြထားဆဲ ဖြစ်သည်။
ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃ နိုင်ငံတွင် ရွေးကောက်ပွဲများမှတဆင့် အစိုးရအဖွဲ့အပြောင်းအလဲများ နှစ်စဉ် ဖြစ်ပေါ်လျက်ရှိပြီး၊ အစိုးရအဖွဲ့သစ်များ ပေါ်ပေါက်သည့်အခါ ကုလသမဂ္ဂစင်မြင့်တွင် နိုင်ငံကိုယ်စားပြုခွင့် အခွင့်အရေးကို အချိန်နှင့်တပြေးညီရရှိနိုင်ရန် ကုလသမဂ္ဂ သံတမန်ရေးရာ ဆက်သွယ်ဆက်ဆံရေးဌာန (The Protocol and Liaison Service) သည် အစိုးရအဖွဲ့သစ်များ၏ အကြီးအကဲများနှင့် နိုင်ငံခြားရေးဝန်ကြီးများစာရင်းတွင် တိကျစွာ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများအတိုင်း နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ပြောင်းလဲထည့်သွင်း ထုတ်ပြန်ကြေညာရသည်။ အဖွဲ့ဝင်နိုင်ငံများတွင် ရွေးကောက်ပွဲကာလများ မတူညီကြသဖြင့် ထိုကဲ့သို့ အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်သည့်အခါတိုင်း ထိုစာရင်းကို တစ်နှစ်တာအတွင်း မကြာခဏ ပြောင်းလဲထုတ်ပြန်လေ့ ရှိသည်။
ကုလသမဂ္ဂ တရားဝင်အသိအမှတ်ပြုထားသော နိုင်ငံအကြီးအကဲများနှင့် နိုင်ငံခြားရေးဝန်ကြီးများစာရင်းတွင် ပါဝင်ခြင်း မရှိသောကြောင့် မင်းအောင်လှိုင် လက်ရှိ ရင်ဆိုင်နေရသောဖြစ်ရပ်သည် ဘောင်းဘီချွတ်ပြီး မောင့်ကျက်သရေခေါင်းပေါင်းနှင့် ရွှေစလွယ်သိုင်းပါသော်လည်း၊ ၎င်း၏ သမ္မတရာထူးကို ကမ္ဘာ့အသိုက်အဝန်းက လက်မခံသဖြင့် အရှက်ကွဲလျက်ရှိနေသည်။ ထိုဖြစ်ရပ်ကြောင့် အာဏာလောဘရမ္မက်ကြီးလှသော မင်းအောင်လှိုင်သည် အလွန်ခံရခက်သော စိတ်ဝေဒနာ ခံစားရပေလိမ့်မည်။
မကြာသေးမီက ဂေါတမဗုဒ္ဓ ဖွားမြင်ရာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ သွားရောက်ခဲ့ချိန် မြန်မာနိုင်ငံအနှံ့ ၎င်းကိုယ်တိုင် မွှေးခဲ့သော စစ်မီးအလျှံတညီးညီး တောက်လောင်နေသောအဖြစ်၊ အပြစ်မဲ့ပြည်သူများအပေါ်ကို နေ့စဉ် ဗုံးကြဲသတ်ဖြတ် နေသောအဖြစ်၊ သန်းပေါင်းများစွာသော စစ်ဘေးသင့်ပြည်သူများ တောထဲတောင်ထဲ ဆင်းရဲဒုက္ခရောက်နေသော အဖြစ်များကို ဆင်ခြင်ပြီး မင်းအောင်လှိုင်သည် “သမ္မာဒိဋ္ဌိ” အမြင် နှင့် “သံဝေဂ” ရရှိခဲ့လိမ့်မည် မထင်ပါ။
စင်စစ် အာဏာသိမ်းစစ်ခေါင်းဆောင် ဖြစ်ခြင်းကြောင့် နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်မပြု ဖယ်ကြဉ်ခဲ့ခြင်းကို အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီး၊ ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သော သမ္မတဖြစ်သယောင် မြွေအရေခွံလဲပြခဲ့သော်လည်း မူလရုပ်သွင် ပြောင်းလဲသွားလေမလား၊ ၎င်းကို အသိအမှတ်ပြု လက်ခံလာကြလေမလား မင်းအောင်လှိုင် မျှော်လင့်ခဲ့ပုံရပါသည်။
သို့သော် မြန်မာ့ပြဿနာ၏ အရင်းခံ အကြောင်းရင်းမှာ စစ်အာဏာသိမ်းမှု ဖြစ်ကြောင်း၊ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်ခဲ့သော ပြဿနာများကို မင်းအောင်လှိုင်အနေဖြင့် အဓိပ္ပာယ်ရှိရှိ မဖြေရှင်းဘဲ၊ အတုအယောင် ရွေးကောက်ပွဲဖြင့် နိုင်ငံတကာကို လှည့်စား၍မရနိုင်ကြောင်း ကုလသမဂ္ဂနှင့် အာဆီယံ၏ မပြောင်းလဲသော ရပ်တည်ချက်များက ရှင်းလင်းစွာ ဖော်ပြလျက်ရှိသည်။
သို့သော် ကုလသမဂ္ဂနှင့် အာဆီယံတွင် အသိအမှတ်ပြုမှု ပြန်လည်ရရှိရန် ရွေးကောက်ပွဲကျင်းပပြီး အာဏာသိမ်း အစိုးရမှ ရွေးကောက်ခံအစိုးရအဖြစ် အပြောင်းအလဲလုပ်ရန် အခါတော်ပေးခဲ့သော အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယ နိုင်ငံကြီးများအားကိုးဖြင့် ၎င်း၏ သမ္မတအတုရာထူးကို နိုင်ငံတကာ အသိအမှတ်ပြုရရှိလာရန် မင်းအောင်လှိုင် အပြင်းအထန် ကြိုးစားနေသည်မှာ ထင်ရှားပါသည်။
သမ္မတအစစ်ကို ဖမ်းဆီးပြီး သမ္မတအတုဖြင့် လူရာဝင်ချင်သော မင်းအောင်လှိုင်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နေပြည်တော် သမ္မတအိမ်တော်ကို စစ်အင်အားသုံး ဝင်ရောက်စီးနင်းပြီး ကုလသမဂ္ဂနှင့် အာဆီယံက တရားဝင်အသိအမှတ်ပြုထားသော ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် သမ္မတဦးဝင်းမြင့်ကို အတင်းအဓမ္မ ဖမ်းဆီးဖယ်ရှား အကျဉ်းချခြင်းက မင်းအောင်လှိုင် ယနေ့ရင်ဆိုင်နေရသော တရားဝင်အသိအမှတ်ပြုမှု (Legitimacy) ပြဿနာ၏ အရင်းခံအကြောင်းရင်း ဖြစ်သည်။
ဧပြီလ ၁၀ ရက် သမ္မတအတုခံယူပြီး ခုနစ်ရက်မြောက်နေ့တွင် လွန်ခဲ့သော ငါးနှစ်ကျော်လုံးလုံး တောင်ငူ အကျဉ်း ထောင်နှင့် အတည်ပြု၍မရသော နေပြည်တော် စစ်တပ်ဝင်းတစ်ခုတွင် လျှို့ဝှက်အကျဉ်းချ ဖမ်းဆီးထားခဲ့သော သမ္မတဦးဝင်းမြင့်ကို မင်းအောင်လှိုင်က ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ကန့်သတ်ချက်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးလိုက်ရုံမျှဖြင့် နိုင်ငံတကာအသိုက်အဝန်းက ၎င်းကို အသိအမှတ်ပြု လာမည်ဟု မျှော်လင့်ခဲ့မည်ဆိုလျှင် မင်းအောင်လှိုင် မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်ခဲ့ရပြီ ဖြစ်သည်။
ယခုအခါ နေပြည်တော်တွင် ကုလသမဂ္ဂက လက်ခံထားသော သမ္မတအစစ်နှင့် သမ္မတအတု နှစ်ဦးလုံး ရှိနေကြသည်။ သို့သော် သမ္မတအစစ်ကို နေပြည်တော်သို့ ရောက်ရှိလာကြသော နိုင်ငံတကာသံတမန်များ တရားဝင် တွေ့ဆုံခွင့် မရကြပေ။ တွေ့ဆုံရန် ကြိုးပမ်းမည်ဆိုလျှင် သမ္မတဦးဝင်းမြင့်ကို မင်းအောင်လှိုင် ချက်ချင်း ပြန်လည် ဖမ်းဆီး ချုပ်နှောင်မည်မှာ သေချာသည်။ အခြားတစ်ဖက်တွင် သမ္မတအတု မင်းအောင်လှိုင်ထံ ကုလသမဂ္ဂ နှင့် အာဆီယံနိုင်ငံများမှ သံတမန်များ မြန်မာပြဿနာ အဖြေရှာရန် သွားရောက်တွေ့ဆုံလျက် ရှိသည်။
ထိုသို့လာရောက်တွေ့ဆုံသည့်အခါတိုင်း မင်းအောင်လှိုင်သည် ကုလသမဂ္ဂ အထွေထွေညီလာခံစင်မြင့်နှင့် အာဆီယံ ထိပ်သီးအစည်းအဝေး စင်မြင့်များထက် မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်နိုင်ရန် အပြင်းအထန် ကြိုးပမ်းလျက် ရှိကြောင်း သံတမန်အသိုက်အဝန်းက ထွက်ပေါ်လာသော သတင်းစကားများအရ သိရသည်။ မကြာသေးမီက နေပြည်တော်သို့ ခြေသံလုံလုံဖြင့် ရောက်လာခဲ့သော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘိရှော့ကို မင်းအောင်လှိုင်က သူနှင့် သူ့အစိုးရကို ကုလသမဂ္ဂက အသိအမှတ်ပြုရန် တောင်းဆိုနိုင်ပါသည်။
အလားတူ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် လာအို စသည့် အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများကို နေပြည်တော်သို့ တစ်ဦးချင်း ဖိတ်ခေါ်၍ ယခုနှစ်နှောင်းပိုင်း ကျင်းပမည့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ ၎င်းကို သမ္မတအဖြစ် အသိအမှတ်ပြု ဖိတ်ကြားရန် တောင်းဆိုနိုင်ပါသည်။ သို့သော် အဆိုပါ နိုင်ငံခြားရေးဝန်ကြီးများသည် သက်ဆိုင်ရာနိုင်ငံကိုယ်စားပြု လာရောက်ခြင်းဖြစ်ပြီး၊ အာဆီယံအဖွဲ့ကိုယ်စားပြု လာရောက်ခြင်းမဟုတ်ပါ။ အာဆီယံရပ်တည်ချက်ကို ပြောင်းလဲနိုင်ရန် တစ်နိုင်ငံချင်းစီ၏ ထောက်ခံမဲ ရရှိရေး မင်းအောင်လှိုင် ကြိုးပမ်းနေခြင်းဖြစ်ပြီး၊ အဓိက အတားအဆီးမှာ အဖွဲ့ဝင်နိုင်ငံအားလုံး၏ ထောက်ခံမဲရရှိမှသာ အာဆီယံရပ်တည်ချက်ကို ပြောင်းလဲနိုင်မည် ဖြစ်သည်။
ထို့ကြောင့် နေပြည်တော်သို့လာသမျှ သံတမန်များကို မင်းအောင်လှိုင် ကြက်တူရွေး နှုတ်တိုက်ရွတ် ပြောကြားနေ သည့် အချက်များက (စစ်တပ်က နည်းပညာဖြင့် ထိန်းချုပ်ထားသော မဲပေးစက်များသုံးပြီး) အတုအယောင် ရွေးကောက်ပွဲကို မဲလိမ်မဲခိုးခြင်းမရှိ သန့်ရှင်းသော ရွေးကောက်ပွဲ ဖြစ်ကြောင်း၊ (စစ်ဗိုလ်ချုပ်များကို အရပ်ဝတ် လဲခိုင်းပြီး) အရပ်သားအစိုးရသစ် ပေါ်ပေါက်နေပြီ ဖြစ်ကြောင်း၊ (စစ်တပ်တစ်ပါတီ ကြီးစိုးသည့်) ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ် စနစ်တကျ လျှောက်လှမ်းနေပြီ ဖြစ်ကြောင်း၊ နိုင်ငံရေးအရ သိသာထင်ရှားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီ ဟူသော အချက်များ ဖြစ်သည်။ ထိုအချက်များကိုပင် ၎င်း၏အစိုးရအဖွဲ့ အစည်းအဝေးတိုင်းတွင် မင်းအောင်လှိုင် အဖန်တလဲလဲ ရေရွတ်နေသဖြင့် ၎င်း၏ အစိုးရအဖွဲ့ဝင်တိုင်းကို မည်သည့် နိုင်ငံခြားသံတမန်နှင့် တွေ့တွေ့ ထိုကဲ့သို့ တညီတညွတ်တည်း “လိမ်” ရန် ညွှန်ကြားနေပုံရသည်။
သို့သော် ကုလသမဂ္ဂနှင့် အာဆီယံသံတမန်များက ထိုမျှ ‘နုံအ’ ကြသူများ မဟုတ်ပါ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ ယနေ့အထိ ကျူးလွန်နေဆဲ စစ်ရာဇဝတ်မှုပေါင်းများစွာကို “ပိန်းကြာရွက်ပေါ် ရေမတင်” သကဲ့သို့ နေ့ချင်း ညချင်း ပြစ်မှုအားလုံးကင်းစင်လျက် ၎င်းတောင်းဆိုသည့်အတိုင်း အလွယ်တကူ အသိအမှတ်ပြုပေးမည် မဟုတ်ပါ။ မင်းအောင်လှိုင် ပြောသော နိုင်ငံရေးအပြောင်းအလဲဆိုသည်မှာ စစ်ယူနီဖောင်းချွတ်ပြီး အရပ်သားအသွင် ပြောင်းလဲခဲ့သည်မှလွဲ၍ ဒီမိုကရေစီတန်ဖိုးများကို သုတ်သင်မည့် “နိုင်ငံရေးသားသတ်ရုံ” သာ ဖြစ်နေသည်။
ကုလသမဂ္ဂနှင့် အာဆီယံ၏ နှစ်ဖက်ညှပ်ဖိအားကို ကျော်လွှားရန်ကြိုးပမ်း
မင်းအောင်လှိုင်သည် အာဆီယံ၏ ဘုံသဘောတူညီမှုစည်းမျဉ်း (Consensus Rule) ကို အလွယ်တကူ မကျော်လွှားနိုင်ကြောင်း ယခုအခါ သဘောပေါက်နေလောက်ပြီ ဖြစ်သည်။ ထို့ကြောင့် ကုလသမဂ္ဂဘက်လှည့်၍ ၎င်းခန့်အပ် သော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်ကို လက်ခံလာစေရန် ကြိုးပမ်းနေပါသည်။ အကယ်၍ ကုလသမဂ္ဂက လက်ခံခဲ့လျှင် ၎င်းကို သမ္မတအဖြစ် တရားဝင် အသိအမှတ်ပြုရာရောက်မည် ဖြစ်ပြီး၊ သမ္မတဦးဝင်းမြင့်နေရာတွင် ၎င်း၏အမည်ကို အစားထိုးနိုင်မည် ဖြစ်သည်။ ကုလသမဂ္ဂလမ်းကြောင်းမှ အာဆီယံကို ပြန်ဖိအားပေးရန် မင်းအောင်လှိုင် ဉာဏ်များခြင်း ဖြစ်သည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေသူမှာ သမ္မတဦးဝင်းမြင့် လက်မှတ်ရေးထိုး ခန့်အပ်ထားသူ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဖြစ်ပြီး၊ ၎င်းသည် စစ်အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်လျက် အမျိုးသားညီညွတ်ရေးအစိုးရကို ကိုယ်စားပြု၍ ကုလသမဂ္ဂတွင် ရပ်တည်နေသူ ဖြစ်သည်။
ကုလသမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံတိုင်း၏ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးများကို တရားဝင်လက်ခံသည့် လုပ်ငန်းစဉ်ရှိပြီး၊ နှစ်စဉ် အထွေထွေညီလာခံအသစ် ကျင်းပသော စက်တင်ဘာလတွင် Credential Committee က အထွေထွေညီလာခံသို့ တက်ရောက်မည့် အဖွဲ့ဝင်နိုင်ငံများကို ကိုယ်စားပြုသော အမြဲတမ်းကိုယ်စားလှယ်စာရင်း တင်သွင်းအတည်ပြုရသည်။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ သက်တမ်းမှာ လက်ရှိကျင်းပနေသော (၈၀) ကြိမ်မြောက် အထွေထွေညီလာခံသက်တမ်း ကုန်ဆုံးချိန်အထိ ဖြစ်သည်။
လာမည့် စက်တင်ဘာလတွင် စတင်ကျင်းပမည့် (၈၁) ကြိမ်မြောက် အထွေထွေညီလာခံတွင် မင်းအောင်လှိုင်က Credential Committee အမြဲတမ်းအဖွဲ့ဝင် တရုတ်နှင့် ရုရှားနိုင်ငံတို့ အားကိုးဖြင့် ကုလသမဂ္ဂအမြဲတမ်း ကိုယ်စားလှယ်နေရာ ပြန်လည်ရရှိရန် Credential စိန်ခေါ်မှုအသစ် ပြုလုပ်လာနိုင်ပြီး၊ Credential Committee သည် မြန်မာအမြဲတမ်းကိုယ်စားလှယ်အရေး လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် မင်းအောင်လှိုင် ခန့်အပ် သော သံအမတ်အသစ် မည်သူ့ကို လက်ခံမည်ဆိုသည့် အဆုံးအဖြတ်ပေးရမည် ဖြစ်သည်။ ထိုအခြေအနေကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရပေလိမ့်မည်။
သို့သော် ဤတစ်ကြိမ် ကုလသမဂ္ဂသည် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော မြန်မာ့ပြဿနာကို အာဆီယံ က ဦးဆောင်ချမှတ်ထားသော “တူညီဆန္ဒ ငါးရပ်” အညီဖြေရှင်းရေး၊ ထိုသို့ဖြေရှင်းရာတွင် အာဆီယံ ဗဟိုပြုမှု (ASEAN Centrality) အရ အာဆီယံဦးဆောင်ဖြေရှင်းရေးကို လက်ခံထားခြင်းကြောင့် အာဆီယံက မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေးသို့ ပြန်လည်တက်ရောက်ခွင့်ပေးခြင်း မပေးခြင်း ရပ်တည်ချက်က ကုလသမဂ္ဂ၏ ရပ်တည်ချက်အပေါ်ကို တိုက်ရိုက်အချိုးကျ သက်ရောက်ပါလိမ့်မည်။
ထို့ကြောင့် အာဆီယံအဖွဲ့ဝင်များထဲမှ သဘောထားတင်းမာသော နိုင်ငံများကို ကုလသမဂ္ဂလမ်းကြောင်းမှတဆင့် ဖိအားပေးရန် တရုတ်နှင့် ရုရှားနိုင်ငံတို့၏ အားကိုးဖြင့် မင်းအောင်လှိုင် ဉာဏ်များမည် ဆိုလျှင်၊ နောက်ဆုံးတွင် ကုလသမဂ္ဂ- အာဆီယံ နှစ်ဖက်ညှပ်ဖိအားကိုသာ ရင်ဆိုင်ရဖွယ် ရှိနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။



