
အာဏာသိမ်းပြီး ၁၉၈ ရက် (ဩဂုတ် ၁၇) အကြာတွင် စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့သည့် အရပ်သားပြည်သူပေါင်း ၁၀၀၁ ဦးအထိ ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ မှတ်တမ်းက ဆိုသည်။
စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့ရသူများစာရင်းတွင် အသက် ၁၈ နှစ်မပြည့်သေးသူ ၈၀ ဦးနှင့် အမျိုးသမီး ၇၀ ဦးပါဝင်ပြီး ရန်ကုန်နှင့် မန္တလေးမှ အများဆုံးဖြစ်ကြောင်း တွေ့ရသည်။ ထို့ပြင် ခြောက်လတာအတွင်း အသေအပျောက်အများဆုံးလမှာ မတ်လဖြစ်ပြီး စုစုပေါင်း ၅၄၉ ဦးရှိသည်။
“လက်လှမ်းမီသလောက် အနေအထားပဲ။ တစ်နိုင်ငံလုံးကို မလွှမ်းခြုံနိုင်ဘူး။ ဒီစာရင်းထက် ပိုများဖို့ပဲ ရှိတယ်။ ဒီစာရင်းထက် မလျော့ဘူး” ဟု AAPP မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီ ၁ ရက် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ပထမဆုံးသတ်ဖြတ်ခံရသူမှာ ကိုညီညီဦး (ခ) ငပွားဖြစ်ပြီး ဖေဖော်ဝါရီ ၈ က မန္တလေးမြို့တွင် ကားဖြင့် တိုက်သတ်ခံရသည်ဟု AAPP က ဆိုသည်။
စစ်ကောင်စီက ပထမဆုံး သေနတ်ဖြင့် ပစ်သတ်ခဲ့သူမှာ မသွဲ့သွဲ့ခိုင်ဖြစ်ပြီး ဖေဖော်ဝါရီ ၉ က နေပြည်တော် သပြေကုန်းအဝိုင်းအနီး ဆန္ဒပြပွဲတွင် ဦးခေါင်းကို ကျည်ထိမှန်ကာ သေဆုံးခဲ့သည်။
စစ်ကောင်စီက သတ်ဖြတ်ခဲ့သူစာရင်းတွင် ၁၀၀၀ မြောက်ပါဝင်သူမှာ မင်းကင်းမြို့၊ ကျွန်းတောအနောက်ရွာ၌ နေထိုင်သူ အီလက်ထရွန်နစ်ပြုပြင်ရေးလုပ်ကိုင်သည့် ၃၉ နှစ်အရွယ် ကိုဇော်မျိုးမြင့် ဖြစ်သည်။
ဩဂုတ် ၁၇ ရက်၊ နေ့လယ် ၂ နာရီခန့်တွင် မင်းကင်းမြို့ဆိပ်ကမ်း၌ ကွမ်းဝါးနေသည့် ကိုဇော်မျိုးမြင့်ကို အရက်မူးနေသော စစ်သားနှစ်ဦးက နှာခေါင်းစည်းတပ်ရန် စေခိုင်းစဉ် မချေမငံဖြစ်ပြီးနောက် စစ်သားနှစ်ဦးက နားထင်ကို သေနတ်ဖြင့် တေ့ကာ အနီးကပ်ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု အခင်းဖြစ်ပွားရာတွင် ရှိနေခဲ့သူက Myanmar Now ကို အတည်ပြုထားသည်။
အဆိုပါဖြစ်စဉ်အတွင်း ကိုဇော်မျိုးမြင့်နှင့်အတူ ရှိနေပြီး ကျည်ထိမှန်သေဆုံးခဲ့သည့် မဇင်မာဝေကို စစ်ကောင်စီက သတ်ဖြတ်သူများစာရင်းတွင် ၁၀၀၁ ဦးမြောက်အဖြစ် မှတ်တမ်းရေးသွင်းမည်ဖြစ်ကြောင်း အထက်ပါ AAPP တာဝန်ရှိသူက ပြောသည်။
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်း၍ ရွေးကောက်ပွဲနည်းဖြင့် အနိုင်ရသည့် ပြည်သူ့အစိုးရ ပြန်လည်အုပ်ချုပ်သည့်အခါတွင် ယခုကဲ့သို့ ပြုစုနေသောစာရင်းကို “အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရှာဖွေရေး”လုပ်ငန်းစဉ်တွင် သက်သေအဖြစ် အသုံးပြုရန် AAPP က မျှော်မှန်းထားသည်။
“တစ်ချိန်မှာ တရားမျှတမှုရရှိဖို့ဆိုရင် ဒီလိုအထောက်အထားတွေ မရှိဘဲနဲ့ ဘာမှလုပ်လို့ မရဘူး။ ဒီလိုအထောက်အထားတွေ ရှိတော့မှ ဘယ်တုန်းက ဘယ်သူက ဘယ်လိုဖြစ်သွားတယ်။ ဘယ်သူက ကျူးလွန်လိုက်တယ်ဆိုတဲ့ဟာတွေ၊ တကယ့် သက်သေသက္ကာယ ခိုင်ခိုင်မာမာနဲ့ လုပ်နိုင်မှာ ဖြစ်တယ်” ဟု AAPP တာဝန်ရှိသူက ပြောသည်။
မြန်မာနိုင်ငံတွင် ယခင်က ပေါ်ပေါက်ခဲ့သည့် ၁၉၈၈၊ ၂၀၀၇ ဒီမိုကရေစီရေးလှုပ်ရှားမှုများတွင် ယခုကာလကဲ့သို့ သတင်းစီးဆင်းမှု မမြန်ဆန်ခြင်း၊ ဆက်သွယ်ရခက်ခဲခြင်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများကို မှတ်တမ်းမတင်နိုင်ခဲ့ကြောင်း၊ ၂၀၂၁ တွင်မူ အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ရပ်နှင့် လက်ချက်များကို သက်သေ၊ အချက်အလက် အတိအကျဖြင့် ကမ္ဘာသိတင်ပြနိုင်ရန် ဆက်လက်စုဆောင်းမည်ဟု AAPP က ပြောသည်။
AAPP ၏ စာရင်းမှတ်တမ်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF)ဝင် (သို့မဟုတ်) စစ်ကောင်စီနှင့် နှစ်ဖက်တိုက်ပွဲအတွင်း သေဆုံးသူများ မပါဝင်ပေ။
သို့သော် စစ်ကောင်စီက ဖမ်းသွားပြီးနောက် စစ်ကြောရေးတွင် သေဆုံး/အသတ်ခံရသူ ၈၄ ဦးရှိပြီး စာရင်းတွင် ထည့်သွင်းထားသည်ဟု AAPP မှ အခြားတာဝန်ခံတစ်ဦးက ရှင်းပြသည်။
AAPP ကထုတ်ပြန်သည့် ယမန်နေ့(ဩဂုတ် ၁၇) စာရင်းအရ ခြောက်လကျော်အတွင်း စစ်ကောင်စီဖမ်းထားသူ ၇၀၀၀ ကျော်ရှိပြီဖြစ်ပြီး ထိုအထဲတွင် အလိုရှိသူကို မမိ၍ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုပါမချန် ဓားစာခံအဖြစ် ဖမ်းထားသူများပါဝင်သည်။
စာရင်းများမှာ ချဲ့ကားလွန်းသည်၊ AAPP မှာ တရားမဝင်အသင်းအဖွဲ့ဖြစ်သည်ဟု ခွန်းတုံ့ပြန်လေ့ရှိသည့် စစ်ကောင်စီကမူ ၎င်းတို့လက်ချက်ဖြင့် သေဆုံးသူ၊ ၎င်းတို့ဖမ်းဆီးထားသူ အရေအတွက်အတိအကျကို ထုတ်ဖော်ပြောဆိုလေ့မရှိပေ။
စစ်ကောင်စီ၏ ပြည်သူအပေါ် ရာဇဝတ်မှုမြောက်ကျူးလွန်မှုများကို ကမ္ဘာသိအောင် ကြိုးပမ်းသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။
“အနာဂတ်မှာ နောက်တစ်ခါ ဒါမျိုး ဘယ်တော့မှ မဖြစ်အောင် ပြင်ဆင်လျက်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။ အသေးစိတ်ကိုမူ မသိရပေ။