သတင်း

မိသားစုဝင်များကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးနှိပ်စက်နေသည့် စစ်ကောင်စီ 

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့အလိုရှိနေသော အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းမမိသဖြင့် မသန်စွမ်းသူများပါမချန် မိသားစုဝင်များကို ဓားစာခံအဖြစ် မဆီမဆိုင်ဖမ်းဆီးနှိပ်စက်လျက်ရှိသည်။ 

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ရှမ်းရေကျော်ကျေးရွာတွင် ကိုကျော်ကျော်ထွန်းဆိုသူကို ဖမ်းမမိသဖြင့် အစ်ကိုဖြစ်သူ အသက် ၃၅ နှစ်အရွယ် ကိုကျော်သူကို စစ်ကောင်စီက ဇွန် ၂ ရက်တွင် ဖမ်းဆီးခဲ့သည်။ ဉာဏ်ရည်မသန်စွမ်းသူတစ်ဦးဖြစ်သည့် ကိုကျော်သူမှာ ဖမ်းဆီးခံရပြီး နှိပ်စက်ခံရသည်။

“(ကိုကျော်သူ) သူ့လက်မောင်းမှာ နွေဦးတော်လှန်ရေးလို့ ထိုးထားတဲ့တက်တူးကို ဓားနဲ့ မွှန်းခံရတယ်။ ပြီးတော့ တစ်နေ့လုံးရိုက်တယ်။ ပြီးတော့ အဲဒီတက်တူးကို အပ်ချွန်တွေနဲ့ပေါက်တာတဲ့” ဟု ကိုကျော်ကျော်ထွန်းနှင့်အတူ ထွက်ပြေးလွတ်မြောက်နေသူတစ်ဦးက Myanmar Now ကို ပြောသည်။

နှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် ဖမ်းဆီးခံရပြီး နောက်တစ်ရက်တွင် ကိုကျော်သူ ပြန်လည်လွတ်မြောက်လာသော်လည်း ၎င်းနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် ကိုစိုးဦးဆိုသူနှင့် ပတ်သက်၍ ယနေ့တိုင် သတင်းအစအနမရသေးကြောင်း သိရသည်။ 

အထက်ပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ စစ်ကောင်စီထံ စုံစမ်းမေးမြန်း၍မရသေးသလို စစ်တပ်နှင့် ရဲက အလိုရှိနေသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသူများသည်လည်း ၎င်းတို့ကို မည်သည့်ပုဒ်မဖြင့် အလိုရှိနေသည်ကို မသိရှိဟု ဆိုသည်။ 

စစ်ကောင်စီက ၎င်းတို့အလိုရှိသူများကို ဖမ်းမမိသဖြင့် မိသားစုဝင်များကို ဖမ်းဆီးလျက်ရှိရာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်မှ ဇွန် ၄ ရက်အထိ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူပေါင်း ၇၆ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းထားသူများတွင် အသက်နှစ်နှစ်အရွယ်ကလေးငယ်မှစ၍ အသက် ၇၅ နှစ်အရွယ်အထိပါဝင်ပြီး ၎င်းတို့အနက် ၃၆ ဦးမှာ အမျိုးသမီးများဖြစ်ကြသည်ဟု AAPP က ဆိုသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ပဲခူးတိုင်း သာယာဝတီမြို့နယ် ပြန်ကြားရေးတာဝန်ခံ ကိုဂျာလေးကို ဖမ်းဆီးရမိခြင်းမရှိသဖြင့် နှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် ၆ ဦးကို စစ်ကောင်စီက ဧပြီ ၅ ရက်တွင် ဖမ်းဆီးခဲ့သည်။

အသက် ၇၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုပင် စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သည်။ 

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ခေါင်းဆောင် ဦးမြငြိမ်းကို ဖမ်းမမိသဖြင့် ဇနီးဖြစ်သူ အသက် ၇၅ နှစ်အရွယ် ဒေါ်ငြိမ်းငြိမ်းနှင့် ညီမဖြစ်သူ ၆၅ နှစ်အရွယ် ဒေါ်ဝိုင်းတိုင်းကို စစ်ကောင်စီက ဖမ်းဆီး​ကာ နေအိမ်အကျယ်ချုပ်ချထားသည်ဟု AAPP က ဆိုသော်လည်း အသေးစိတ်ကို အတည်မပြုနိုင်သေးပေ။

လွတ်မြောက်လာခြင်းမရှိသေးသည့် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူ ၄၅ ဦးအနက် မြောက်ဥက္ကလာပမြို့နယ်မှ အသက် ၆၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို စစ်ခုံရုံးက ပုဒ်မ ၅၀၅-ကဖြင့် မေ ၂၈ ရက်တွင် ထောင်သုံးနှစ်ချမှတ်ခဲ့သည်ဟု AAPP မှတ်တမ်းတွင် တွေ့ရသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြသည့် ဆန္ဒပြခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းများ၏ မိသားစုဝင်များကို ဓားစာခံအဖြစ် ဖမ်းဆီးရန် စစ်ကောင်စီက ပစ်မှတ်ထားနေသည်ဟုလည်း AAPP က ဆိုထားသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ဆန္ဒပြခေါင်းဆောင် ကိုသုတကို ဖမ်းမမိ၍ ညီဖြစ်သူကို ဓားစာခံအဖြစ် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ ကိုသုတမှာ ပုဒ်မ ၅၀၅-က ဖြင့် ဧပြီလဆန်းပိုင်းတွင် အမှုဖွင့်ခံထားရသူဖြစ်သည်။ ဧပြီ ၁၂ ရက်က ပြည်မြို့၊ (၃)ရပ်ကွက်ရှိ နေအိမ်တွင် လာရောက်ဖမ်းဆီးစဉ် ကိုသုတကို မတွေ့သဖြင့် ညီဖြစ်သူ အသက် ၂၈ အရွယ် ကိုအောင်ကိုဖြိုးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ 

“ဒလန်ကြောင့်လို့ ထင်ပါတယ်၊ အိမ်ကို ဝင်ဆွဲတာ။ အိမ်နာမည် အငယ်လေး(ကိုသုတ) နဲ့ ဓာတ်ပုံပြပြီး ဝင်တာ။ အဲ့ဒီမှာ ကျွန်တော့်ညီက ထွက်ပြေးတော့ ဝိုင်းဖမ်းပြီး သေနတ်ဒင်တွေနဲ့ မျက်နှာကို ထုရိုက်ပြီး ခေါ်သွားတယ်တဲ့” ဟု ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်ခံထားရပြီး လွတ်မြောက်နေသူ ကိုသုတ Myanmar Now ကို ပြောသည်။

ညီဖြစ်သူ ကိုအောင်ကိုဖြိုးမှာ အကျဉ်းထောင်၌ ချုပ်နှောင်ခံရပြီး တစ်လကျော်ကြာသည်အထိ မည်သည့်အမှုနှင့် တရားစွဲဆိုခံရကြောင်း မသိရသလို ပြန်လွတ်မြောက်လာခြင်းလည်း မရှိသေးကြောင်း ကိုသုတက ပြောသည်။

“အဲ့ဒီထောင်ကြီးထဲမှာ ရှိနေတယ်။ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေရှိတယ်။ နံရိုးတစ်ချောင်း ရောင်နေတယ်။ လက်မှာလည်း တစ်ပတ်လုံး ကြိုးတုပ်ခံထားရတော့ အရာတွေရှိတယ်။ မျက်နှာမှာ ဖူးရောင်ကိုင်းနေတယ်လို့ ကြားရတယ်” ဟု ညီဖြစ်သူ ဖမ်းဆီးနှိပ်စက်ခံရသည့်အကြောင်း ကိုသုတက ပြောသည်။ 

စစ်ကောင်စီသည် အရပ်သားမိသားစုဝင်များကိုသာ ဓားစာခံဖမ်းသည်မဟုတ်၊ တပ်မိသားစုဝင်များကိုပါ ထိုသို့ပြုမူနေသည်ဟု CDM ၌ ပါဝင်နေသူ တပ်မတော်အရာရှိတစ်ဦးဖြစ်သူ ဗိုလ်ကြီးလင်းထက်အောင်က Myanmar Now ကို ပြောသည်။

CDM တွင် ပါဝင်သော တပ်မတော်သား အရာရှိစစ်သည် ၈၀၀ ခန့်ရှိသည့်အနက် မိသားစုဝင်ဦးရေ ၅၀ ခန့်မှာ သက်ဆိုင်ရာ တပ်ဝင်းများအတွင်း ဓားစာခံအဖြစ် ဖမ်းခံထားရကြောင်း ၎င်းက ပြောသည်။

“တချို့တွေဆို ခြောက်လလောက် အထဲမှာ ပိတ်ထားမယ်။ ပြန်မလာမချင်း မလွှတ်ပေးဘူးဆိုတာမျိုး၊ နင်တို့ ယောက်ျားတွေကိုပြော ပြန်မလာဘူးဆိုရင် နင်တို့တွေကို ဖမ်းဆီးထားမယ်။ ပြန်မလွှတ်ဘူးဆိုတာမျိုးတွေ။ ဒါတွေက စစ်အာဏာရှင်တွေဆီက တိုက်ရိုက်အမိန့်တွေနဲ့ သွားနေတာ။ ဒါတွေက ကမ္ဘာမှာရော မြန်မာမှာပါ ဘယ်နေရာမှာပဲဖြစ်ဖြစ် စစ်သားတစ်ယောက်အနေနဲ့ လုံးဝမလုပ်သင့်တဲ့ လုပ်ရပ်ပါ” ဟု ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။

၎င်းသည် စစ်တက္ကသိုလ်အပတ်စဉ် ၅၄ ကျောင်းဆင်းသူဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းပြင်းမြို့နယ်ရှိ ခြေမြန်တပ်ရင်း ၅၂၈ တွင် တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ဧပြီလဆန်းပိုင်းတွင် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူဖြစ်သည်။

“တစ်ယောက်ယောက်ကို ဖမ်းသွားတယ်။ ပြီးတော့ ငွေကြေးနဲ့ ပြန်ရွေးခိုင်းတယ်။ ဓားပြထက် ကြီးတာတော့ သူပုန်ပေါ့။ အခု ကျွန်တော်တို့နိုင်ငံမှာ သူပုန်က မြန်မာ့တပ်မတော်တစ်ခုပဲရှိတယ်။ တပ်မတော်မဟုတ်တော့ပါဘူး။ အကြမ်းဖက်စစ်တပ်ဖြစ်နေပြီ။ ဓားပြလိုလို သူပုန်လိုလိုဖြစ်နေပြီ” ဟုလည်း ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။ 

Show More

Related Articles

Back to top button