အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဦးခေါင်းကျည်ထိအမျိုးသမီးငယ်ကို အသက်ရှူပိုက်ဖြုတ်ရန် မိသားစုဆုံးဖြတ်

ရဲတပ်ဖွဲ့ပစ်ခတ်သည့် ကျည်ဆန် ဦးခေါင်းသို့ထိမှန်ခဲ့သည့် အသက် ၂၀အရွယ် မသွဲ့သွဲ့ခိုင်ကို ဦးနှောက်သေဆုံးသွားပြီဟု ဆရာဝန်များက သတ်မှတ်လိုက်ပြီး နောက်တစ်ရက်တွင် အသက်ရှူပိုက်ဖြုတ်လိုက်တော့မည်ဟု မိသားစုက ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

“ဘယ်တော့ဖြုတ်မယ်တော့ မဆုံးဖြတ်ရသေးဘူး”ဟု မသွဲ့သွဲ့ခိုင်၏ ခဲအိုက ယနေ့(ဖေဖော်ဝါရီ ၁၃) နံနက် ၁၁ နာရီခန့်တွင် Myanmar Now ကို ပြောသည်။

မသွဲ့သွဲ့ခိုင်မှာ ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲပိုင်းက နေပြည်တော်၏ အချက်အချာ သပြေကုန်းအဝိုင်း စစ်အာဏာရှင်ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းရာတွင် ဦးခေါင်းကျည်ထိခဲ့ခြင်းဖြစ်သည်။

“ဆေးပညာအရတော့ ဦးနှောက်သေသွားပြီဖြစ်လို့ သေလူလို့ သတ်မှတ်လိုက်ပြီ။ အသက်ရှူစက်တပ်ထားတာကို ဖြုတ်လိုက်ရင်တော့ အချိန်အနည်းငယ်အတွင်း ဆုံးပါးသွားမှာပါ”ဟု နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှ အမည်မဖော်လိုသူ ဆရာဝန်တစ်ဦးက ပြောသည်။

 မသွဲ့သွဲ့ခိုင်၏ မိသားစုက ဦးခေါင်းအတွင်းရှိနေသည့် သေနတ်ကျည်ဆန်ဓာတ်ပုံကို တောင်းခံထားသော်လည်း မှုခင်းဆရာဝန်ကြီး၏ ဆုံးဖြတ်ချက်သာဖြစ်သဖြင့် ၎င်းတို့ခွင့်ပြုပေး၍မရဟု အဆိုပါ ဆရာဝန်က ဆက်ပြောသည်။

“ကျွန်မဆီ အမှုတွဲနဲ့ အကြောင်းကြားချက်မရောက်သေးလို့” ဘာမှပြောလို့မရပါဘူးဟု နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှ မှုခင်းဆရာဝန်ကြီး ဒေါ်တင်မိုးမိုးခိုင်က ယနေ့မွန်းတည့်ချိန်တွင် Myanmar Now ကို မှတ်ချက်ပြုသည်။

ဖေဖော်ဝါရီ ၉ရက် သပြေကုန်းအဝိုင်း၌ ရဲတပ်ဖွဲ့ဖြိုခွင်းမှုအတွင်း မသွဲ့သွဲ့ခိုင်အပြင် အသက် ၂၃နှစ်အရွယ် ကိုဆိုဝေမှာ ရင်ဘတ်ပေါက်ထွက်ဒဏ်ရာ၊ အသက် ၂၆နှစ်အရွယ် ကိုဝင်းထက်မိုးမှာ ဘယ်ဘက်လက်ဖျံ ထုတ်ချင်းပေါက်ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ်ထိခိုက်ခဲ့ခြင်းမရှိဘဲ ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဖမ်းဆီးထားသောနိုင်ငံ့ခေါင်းဆောင်များ ချက်ချင်းလွှတ်ပေးရေး လူသန်းချီဆန္ဒပြမှုများ၊ အစိုးရဝန်ထမ်းများက အလုပ်မဆင်းဘဲ ရုံးမတက်နဲ့ရုန်းထွက်လှုပ်ရှားမှုများ နိုင်ငံတစ်ဝန်း၌ အရှိန်မြင့်နေချိန်တွင် ရဲတပ်ဖွဲ့က ဒေသအချို့တွင် အကြမ်းဖက်ဖြိုခွင်းမှုများပြုလုပ်နေပြီး အဆိုပါ ဖြစ်စဉ်များအတွင်း မသွဲ့သွဲ့ခိုင်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တို့၏ လုပ်ရပ်ကြောင့် ပထမဆုံးသေဆုံးခဲ့ရသူဖြစ်လာသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button