သတင်း

နိုင်ကျဉ်းဟောင်းတို့၏ နွေဦးတော်လှန်ရေးအသံများ

အာဏာသိမ်းစစ်ကောင်စီကို ဖယ်ရှားနိုင်မှ နိုင်ငံပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်မည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောလိုက်သည်။

နွေဦးတော်လှန်ရေးကာလ ခက်ခဲမှုကိုယ်စီ ရှိနေကြချိန်တွင် အများကောင်းကျိုးအတွက် နားလည်မှုရှိစွာ ဆက်လက် တော်လှန်သွားကြရန်လည်း ၎င်းတို့က တိုက်တွန်းလိုက်သည်။

စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် ပတ်သက်ပြီး နိုင်ကျဉ်းဟောင်းတို့၏ ပြောဆိုချက်များထဲမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။

မရွှေအိ

“လက်နက်ကိုင်တော်လှန်တဲ့လူနဲ့ရော၊ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ မြို့ပြကလူတွေနဲ့ရော တော်လှန်ရေးရေချိန်သည် လုံးဝကျမသွားဘူး၊ လူထု အားလျော့သွားမှာပဲ ကြောက်တာ။ စိုးရိမ်စိတ်ရှိပေမဲ့ လူထုသည် အခုချိန်အထိ ပါဝင်နေတုန်းပါပဲ၊ အသံတိတ်ဆန္ဒပြဆိုလည်း ပါတယ်၊ သံပုံးတီးမယ်ဟေ့ဆိုလည်း တီးမယ်၊ လက်ခုပ်တီးမယ်ဆိုလည်း တီးမယ်၊ ဘက်ပေါင်းစုံက ပါတယ်၊ သူတို့ပါနိုင်တဲ့နေရာက ပါတယ်။  

NUG အစိုးရကိုတော့ အားမရတဲ့ အပိုင်းတွေတော့ အများကြီးရှိတာပေါ့နော်၊ သို့သော်ငြားလည်း ကျွန်မလက်ခံထားတဲ့ NUG အစိုးရအနေနဲ့ လုပ်ဆောင်တဲ့နေရာမှာ သူတို့ကလည်း အခက်အခဲတွေရှိမှာပါ။ သူတို့လုပ်ဆောင်ချက်တွေက ထင်သလောက် ရှေ့မရောက်တဲ့အခါကျတော့ လူထုနဲ့ အခုတော်လှန်ရေးလုပ်နေတဲ့ လူငယ်တွေ စိတ်ဓာတ်ကျမှာပဲ စိုးတယ်၊ နေရိပ်လိုချင်ရင်တော့ နေပူထဲကနေ လျှောက်သွားရမှာပေါ့နော်၊ ဒီဒဏ်ကိုတော့ ကျွန်မ ကြံ့ကြံ့ခံနိုင်ရမယ်၊ ဒီကာလတစ်ခုလေးကိုပဲ။ ညဉ့်နက်လာလေလေ၊ ရောင်နီနဲ့ နီးလာလေလေ၊ အဲလိုပဲ ပြောရမှာပေါ့။

ဒီစစ်အာဏာရှင်ဘက်က ရပ်တည်နေတာ လူတစ်စုပဲရှိတာပါ။ ကျွန်မ သန်းပေါင်းများစွာသော ပြည်သူလူထုသည် ဒီတော်လှန်ရေးမှာ ပူးပေါင်းနေကြတယ်၊ ပါဝင်နေကြတယ်”

၂၀၂၁ မတ်လ ၁ ရက်နေ့ ရှမ်းပြည်နယ် တောင်ကြီးမြို့ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြသူများ

မရီရီ  

“အထဲကလူတွေကိုလည်း မမေ့ကြပါနဲ့။ သူတို့ကိုလည်း အမြန်လွတ်စေချင်ပြီ။ နောက်ပြီး စစ်တပ်ဆိုတဲ့ မကောင်းဆိုးဝါး အာဏာရူးတွေ အပြင်မှာ ရှိနေသေးသရွေ့ လူတွေရဲ့ စိုးရိမ်ထိတ်လန့်စွာ သွားနေရတုန်းပဲ။ စစ်အာဏာရှင်တွေ အပြီးသတ် အမြန်ဆုံးကျဆုံးပါစေ။

အသက်ပေးခဲ့တဲ့လူတွေ၊ မိသားစုစုံစုံလင်လင်မရှိတဲ့အိမ်တွေ အိုးအိမ်ပစ်ပြီးသွားခဲ့ရတဲ့သူတွေ အများကြီး။ ထပ်လောင်းပြီးဆုတောင်းပါတယ် … အရေးတော်ပုံကြီးလည်း အောင်မြင်ပါစေ၊ မြန်မာပြည်ကြီး ပြန်လည်ထူထောင်နိုင်ပါစေ”

မထက်ထက်

“အာဏာသိမ်းတာ ဘာအကျိုးကျေးဇူးတွေရလဲဆိုတော့ ပြည်သူတွေရဲ့ ပူလောင်မှုတွေ၊ ပူလောင်သံတွေ၊ ရင်တွင်းမဆံ့အောင် ငိုကြွေးရတဲ့ ငိုကြွေးသံတွေ၊ ပြီးတော့ သေကွဲကွဲရတဲ့ မိသားစုတွေ၊ ဒါတွေနဲ့ ပြည့်နှက်နေတဲ့ အာဏာသိမ်းလို့ ဘာအကျိုးကျေးဇူးမှ မရှိတဲ့ အခြေအနေကို ထပ်မသွားချင်တော့ပါဘူး၊ အမြန်ဆုံး စစ်အာဏာရှင်ကျဆုံးပါစေ” 

၂၀၂၂ ဖေဖော်ဝါရီ ၁၂ ရက်နေ့က တွေ့ရသော စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသ စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခု (ဓာတ်ပုံ – Black Ko)

ဒေါ်ခင်

“ဒုက္ခတွေခံ၊ သွေးမြေကျခံပြီးတော့ ရဲရဲတောက် မြန်မာနိုင်ငံအတွက် ပြည်သူ့အတွက် စစ်မှန်သော ဒီမိုကရေစီရရှိဖို့အတွက် လုပ်နေတဲ့လူတွေအတွက် အရမ်းကို ဂုဏ်လည်းဂုဏ်ယူတယ်၊ ဝမ်းလည်းသာတယ်၊ နောင်ကိုလည်းပဲ ဒီလိုမျိုးခေတ်အဆက်ဆက်မှာ ဒီလိုမျိုးဆက်သစ်တွေ ဒီလိုသတ္တိတွေနဲ့ စစ်မှန်သော သစ္စာတရားတွေ မေတ္တာတရားတွေနဲ့ ရှိနေပါစေလို့ ဆုတောင်းမိတယ်။

အခု လုပ်နေတဲ့ လူငယ်တွေအားလုံး အန္တရာယ်ကင်းပါစေ ဘေးရှင်းပါစေလို့ ဘုရားရှိခိုးတိုင်း မေတ္တာပို့တယ်”

ကိုဘိုဘို

“ကျွန်တော်တို့ နိုင်မှာပါ၊ (PDF) တွေကိုတော့ ကျွန်တော်တို့ အများကြီးလေးစားပါတယ်၊ သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုကတော့ ဘယ်သူနဲ့မှတော့ ယှဉ်လို့ မရဘူးပေါ့နော်၊ လေးစားတာတော့ အတိုင်းထက်အလွန်ပါပဲ”

ဒေါ်မိငယ် 

“ PDF ကလေးတွေက အရမ်းတာဝန်ကျေတယ်၊ သူတို့မှာ ရည်ရွယ်ချက်ရှိတယ်၊ ပန်းတိုင်ရှိတယ်၊ မဖြစ်ဖြစ်အောင် ဆုတ်နစ်တယ်ဆိုတဲ့ ဇွဲရှိတယ်။.

…… အာဏာရှင်တွေကို ပြောပြစရာစကားလုံးမရှိတော့ဘူး၊ ဆိုစရာစကားလဲ ကုန်ပြီ၊ ဒါပေမဲ့လို့ အာဏာရှင်ဆိုတာ အသေပဲထွက်ရမယ် အရှင်မထွက်ရဘူး၊ ကိုယ့်ရဲ့လားရာကို ကိုယ်မြင်ထားရမယ်၊ တိုင်းသူပြည်သားတွေရဲ့ သွေးတွေဟာ နင်တို့အတွက် ဘာဖြစ်မလဲဆိုတာကို နင်တို့ကြည့်ထား၊ ပြည်သူတွေက မဆုတ်မနစ်သောဇွဲနဲ့ တိုက်မှာပဲ”

၂၀၂၁ ဖေဖော်ဝါရီ ၉ ရက်နေ့ ပဲခူးတိုင်း၊ နတ္တလင်းမြို့ ဆန္ဒပြမှု

မစုဒါလီ  

“တရားဥပဒေစိုးမိုးရေးမပြောနဲ့၊ သူတို့တပ်တွင်းထိန်းချုပ်မှုတောင် မအောင်မြင်ပါဘူး။ ပြည်သူတွေ ဒီထက်ပိုပြီး အရမ်းကို သွေးစည်းကြဖို့လိုပါတယ်၊ လက်သုံးချောင်းနဲ့ ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြပြီးပါပြီ၊ သူတို့ဘက်က အကြမ်းဖက်သတ်ဖြတ် ဖမ်းဆီးကြလို့ လူမစုံတော့တဲ့ မိသားစုတွေ၊ ဘဝတွေ အများကြီး နစ်နာခဲ့ကြရပြီးပြီ၊ အနာဂတ်မျိုးဆက်တွေ ငါတို့လို အာဏာရှင်စနစ်ဆိုး မကြုံအောင် ဒီတစ်ခါ အပြီးသတ်တိုက်ကြမှ ရမယ်ဆိုပြီး အင်းစိန်ကနေ ပြန်လွတ်တော့   လက်နက်ကိုင်အဖွဲ့ထဲ ဝင်ဖြစ်ခဲ့တယ်။ ပင်ပန်းဆင်းရဲမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ သမီးလေးနဲ့ မိသားစုကို လွမ်းတဲ့ဒဏ်တွေကြား နေပူမရှောင် မိုးရွာမရှောင် လေ့ကျင့်ရေးဆင်းကြတယ်။ 

မေဂျာတွေခွဲတော့ ချေမှုန်းရေးဆို ယောက်ျားလေးတွေပဲ အဓိက ရှေ့တန်းထွက်ကြရမှာ၊ ဆေးတပ်သားကျတော့ လူအင်အားလိုရင် မဖြစ်မနေ ရှေ့တန်းထွက်ရမှာပဲဆိုပြီး တိုက်ရင်းကုမယ်၊ ကုရင်းတိုက်မယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားလေ့လာနေပါတယ်”                       

မသော်ဇင်  

“ကိုယ်တွေမက်ထားတဲ့ အိပ်မက်တွေ၊ ကိုယ်လုပ်ချင်တာတွေအကုန်လုံးက ပျက်စီးသွားတယ်။ ကိုယ်က နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သွားတော့ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် မတွေ့ရဘူး၊ ခိုးကြောင်ခိုးဝှက်တွေ့ရတယ်၊ ကိုယ့်ကို စောင့်ကြည့်နေမလားဆိုပြီးတော့ တချို့ဆိုရင် ကိုယ်နဲ့ မတွေ့ချင်တော့ဘူး၊ သူတို့ပါ စောင့်ကြည့်ခံရပြီး အမှုတွဲပါမှာ စိုးကြတယ်လေ၊ နေရတာ အရင်ကလို မလွတ်လပ်တော့ဘူး”

၂၀၂၁ မတ်လ ၁ ရက်နေ့ ရန်ကုန်၊ အင်းစိန်မြို့ ဆန္ဒပြမှုမြင်ကွင်းတစ်ခု

မစိမ့်သန္တာထွန်း*

“အသိတရားလည်း ရစေချင်ပြီ ဒီလောက်ဆိုလို့ရှိရင်။ တစ်နိုင်ငံလုံးအတိုင်းအတာအထိ၊ တခြားနိုင်ငံတွေကပါ လက်မခံဘူးဆိုတာကို သိသင့်နေပြီ လူဆိုရင်တော့။ ပြန်လည်ထူထောင်ရေးတွေ အများကြီးပြန်ဖြစ်စေချင်ပြီ၊ မိတကွဲဖတကွဲဖြစ်နေတဲ့ မိသားစုတွေအားလုံးကို ဆုံစေချင်တယ်”

ဒေါ်ခင်ခင်ကြီး*  

“သူတို့ကိုနိုင်အောင်တော့ တိုက်ရမှာပဲ၊ လုပ်သင့်သလောက်တော့ လုပ်တယ်၊ ကိုယ်လုံးမပြနိုင်လည်း နောက်ကွယ်ကနေ လုပ်တယ်၊ ဝိုင်းဝန်းပံ့ပိုးပေးတယ်ပေါ့နော်။ အခုထိတော့ ကိုယ်တွေက တော်လှန်နေတုန်းပဲ။ အခုဆိုရင် နှုတ်ခမ်းနီတွေ (ကျည်ဆန်တွေ) လိုက်စုပြီး လိုတဲ့နေရာတွေကို ပို့ပေးတာတွေ လုပ်ပေးနေပါတယ်”

ဒေါ်မျိုးမျိုးအေး 

“ဒီတစ်ကြိမ်လောက် ကျွန်မနိုင်ငံစည်းလုံးတာ ရှိမှာမဟုတ်ဘူး၊ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အသက်အရွယ်ပေါင်းစုံ လူတန်းစားပေါင်းစုံက စိတ်က တစ်ထပ်တည်းကျပြီးတော့ ငါတို့အာဏာရှင်ကို လက်မခံဘူး၊ ဒီတစ်ကြိမ်မှာ ငါတို့နောက်ဆုံးအဖြစ် တွန်းလှန်မယ်ဆိုတဲ့ စိတ်နဲ့ လုပ်နေတာ၊ ဒီတစ်ကြိမ်မှာ မရဘူးဆိုရင် နောက်ဘယ်တော့မှ ရတော့မှာမဟုတ်ဘူး၊ မြောက်ကိုရီးယားလိုပဲ အမြဲတမ်း အရှုံးပေးလိုက်ရတော့မယ်၊ ဒါကြောင့် ပြည်သူတွေကို စိတ်ဓာတ်မကျဖို့၊ တစ်ယောက်နဲ့တစ်ယောက် သွေးမကွဲဖို့ အဲလိုမျိုးပြောချင်တယ်ရှင့်”

(*နိုင်ကျဉ်းဟောင်းများထဲမှ ၂ ဦးကို ၎င်းတို့၏ဆန္ဒအရ အမည်လွှဲဖြင့် ဖော်ပြထားပါသည်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button