သတင်း

ကားနှင့်တိုက်ပြီး ဖြိုခွဲခံရသည့် ရန်ကုန်ဆန္ဒပြပွဲတွင် အမျိုးသမီး ၃ ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့ (ဧပြီ ၂၀) ညနေပိုင်းက ပြုလုပ်ခဲ့သော စစ်အာဏာရှင်ဆန့်ကျင်ရေးပြောက်ကျားသပိတ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားဖြင့် ဝင်တိုက်ကာ အကြမ်းဖက်ဖြိုခွဲခဲ့ပြီး အမျိုးသမီး ၃ ဦး ဖမ်းဆီးခံလိုက်ရသည်ဟု သပိတ်တွင် ပါဝင်ခဲ့သူများထံမှ သိရသည်။

ညနေ ၄း၂၅ တွင် သံသုမာလမ်းပေါ် ဆန္ဒပြစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် Double Cup အမျိုးအစားကားက အရှိန်ဖြင့် ဝင်တိုက်ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး အချိန်မီလူစုခွဲလိုက်နိုင်၍ ထိခိုက်ဒဏ်ရာရခဲ့သူမရှိဟု သပိတ်တွင် ပါဝင်ခဲ့သူ လူငယ်များသမဂ္ဂမှ ကိုဇော်ထက်က ပြောသည်။

“သပိတ်စပြီး မိနစ်ပိုင်းအတွင်းမှာပဲ နောက်ကနေ အရှိန်နဲ့ ဝင်လာတယ်၊ အဲဒီအချိန်မှာ ကျွန်တော်တို့က ချက်ချင်း အလယ်ကို ရှဲပြီး လူစုခွဲလိုက်နိုင်လို့ ပန်းပင်ကြီးလမ်းသပိတ်တုန်းကလို မဖြစ်တာ” ဟု ၎င်းက ပြောသည်။

သပိတ်စတင်ပြီး ၁ မိနစ်ခန့်အကြာတွင် စစ်သားနှင့် အရပ်ဝတ် ၁၀ ဦးခန့် လိုက်ပါလာသည့် စစ်ကောင်စီ၏ကားက ဆန္ဒပြလူအုပ်၏နောက်၊ မေတ္တာလမ်းဘက်ခြမ်းမှ မောင်းဝင်လာခြင်းဖြစ်ပြီး သပိတ်လူစုကို မတိုက်မိသော်လည်း ပြေးရန်ပြင်နေသည့် ဆန္ဒပြအမျိုးသမီး (၃) ဦး၏ ကားကို ဘေးတိုက် တိုက်ချပြီး ဖမ်းဆီးခဲ့သည်ဟု ကိုဇော်ထက်က ဆက်ပြောသည်။

“အမျိုးသမီးတွေကို သေနတ်ထောက်၊ ထွက်ခိုင်းပြီး ပုံစံထိုင်ခိုင်းထားတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

ဖမ်းဆီးခံရသူတို့သည် အသက်၂၃၊ ၂၅ နှင့် ၃၀ ကျော်အရွယ်တို့ဖြစ်ပြီး မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးဟု ကိုဇော်ထက်က ပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစုသည် ရန်ကုန်ရှိ ကျောင်းသားသမဂ္ဂများ၊ လူငယ်အဖွဲ့အစည်းများ စုပေါင်းထားသည့်အဖွဲ့ဖြစ်ပြီး ယနေ့ တောင်ဥက္ကလာပမြို့နယ်တွင် “အဓမ္မဘက်က ယုတ်မာနေပြီ၊ ဓမ္မသားတွေ ပြတ်သားကြလော့” ကြွေးကြော်ဆန္ဒပြရာတွင် ပါဝင်သူ ၃၀ ခန့် ရှိသည်ဟု သိရသည်။

“အကြမ်းဖက်အာဏာသိမ်းစစ်တပ်က ကျွန်တော်တို့ပြည်သူတွေရဲ့ အခြေခံရပိုင်ခွင့်တွေ၊ လိုအပ်ချက်တွေကို မဖြည့်ဆည်းဘဲ သူတို့အုပ်ချုပ်ခွင့်ရရေးကိုပဲ လုပ်နေတယ်ဆိုတာကို ပြည်သူကို နှိုးဆော်တာပါ” ဟု ကိုဇော်ထက်က ယနေ့ဆန္ဒပြသည့် အကြောင်းရင်းကို ပြောပြသည်။

မဲစာရင်းအကြောင်းပြ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများကို စစ်ကောင်စီတပ်က ခေါင်းကို ချိန်ရွယ် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ 

အာဏာသိမ်းမှုတစ်နှစ်ကျော်ရှိလာပြီဖြစ်သော်လည်း ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင်ပင် လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများကို ပြောက်ကျားပုံစံဖြင့် ဆက်လက်အန်တုနေဆဲဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button