သတင်း

သေတွင်းမှ လွတ်လာသူ၏ ပန်းပင်ကြီးလမ်းဖြစ်စဉ် ပြောပြချက်

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းအတွင်း ၂၀၂၁၊ ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် လူငယ်များကို စစ်ကား (Double-Cup) တစ်စီးက အနားသို့ ရောက်ခါနီးမှ အရှိန်မြှင့်ဝင်တိုက်သည့် ဖြစ်စဉ်ပေါ်ပေါက်သည်။

ထို့နောက် စစ်သားများက လမ်းပေါ်တွင် အတုံးအရုံးလဲကျနေသူများ၊ ဝရုန်းသုန်းကားပြေးလွှားနေသူများကို သေနတ်ဒင်နှင့်ရိုက်၊ ထိုးကြိတ်ခဲ့သလို သေနတ်ဖြင့်ပင် ပစ်ကာ ဖမ်းဆီးသည်ဟု မျက်မြင်သက်သေနှင့် ကိုယ်တွေ့ကြုံရသူတို့က ပြောထားသည်။

စစ်ကောင်စီကမူ လူငယ်တို့ကို စစ်ကားဖြင့် ဝင်တိုက်သည့် ရုပ်သံသက်သေရှိလျက်နှင့်ပင် အကြမ်းဖက်မှုနှိမ်နင်းရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုင်တွယ်ခဲ့သည်ဟု ဒီဇင်ဘာ ၁၀ ရက်ထုတ် ၎င်းတို့ ထိန်းချုပ်ထားသည့် သတင်းစာများတွင် ဖော်ပြသည်။

ထိုသို့ ဝါဒဖြန့်သည့် စစ်ကောင်စီက ထိုဖြစ်စဉ်အတွင်း ဒဏ်ရာရသူ ၃ ဦးအပါအဝင် ၁၁ ဦးကို ဖမ်းဆီးထားသည်ဟု သတင်းထုတ်သည်။

ဒဏ်ရာရသူများထဲမှ အမျိုးသမီးသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းဆိုလျှင် ဦးခေါင်းဒဏ်ရာ အပြင်းအထန်ရပြီး ဒဏ်ရာအရှင်းမပျောက်သေးဘဲ စစ်ကြောရေးစခန်းသို့ စစ်ကောင်စီက ခေါ်သွားသည်ဟု မိသားစုဝင်နှင့် လုပ်ဖော်ကိုင်ဖက်အချို့က သတင်းဌာနအချို့ကို ပြောထားသည်။

ကိုယ်တွေ့ကြုံရသူနှင့် မျက်မြေသက်သေတို့ကမူ စစ်တပ်၏ အကြမ်းဖက်မှုကြောင့် သေဆုံးသူ ၅ ဦးထက်မနည်းရှိမည်ဟု ခန့်မှန်းသည်။ သေဆုံးသူ၊ ဖမ်းဆီးခံရသူ အရေအတွက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုဖြစ်စဉ်အတွင်း ကားနှင့် အတိုက်ခံရ၊ သေနတ်ဒင်နှင့် ထုထောင်းခံရသည့် ကြားမှ ပြည်သူတို့၏ အကူအညီဖြင့် စစ်သားတို့လက်မှ လွတ်အောင် ထွက်ပြေးနိုင်ခဲ့သူများထဲတွင် ရန်ကုန်မြို့နေ အသက် ၁၈ နှစ်ကျော်အရွယ်ရှိ ကိုဇက်(အမည်လွှဲ)လည်း ပါဝင်သည်။

ဦးခေါင်း၊ ခါး၊ ခြေထောက်နှစ်ဖက်၊ လက်နှင့် နှုတ်ခမ်းတို့တွင် ဒဏ်ရာအပြင်းအထန်ရခဲ့သည့် ကိုဇက်က လုံခြုံရေးအရ ချန်လှပ်ရမည့် ကိစ္စအချို့မှအပ ပန်းပင်ကြီးလမ်းဖြစ်စဉ်အတွင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ပြောပြထားပါသည်။

မေး – ဆန္ဒပြပွဲကို ဘယ်လိုပါဝင်ဖြစ်တာလဲ။

ဖြေ – ကျွန်တော်တို့အဖွဲ့က အဲဒီနေ့သပိတ်မှာ အဖွဲ့သားတွေ ပူးပေါင်းကြမယ်ဆိုပြီးတော့ စီစဉ်ထားကြတာပေါ့။ ကျွန်တော် အိမ်ကနေ မနက် ၇ ခွဲလောက်ကတည်းက ထွက်တယ်။ အဲဒီနေရာကို ၈ နာရီ ၁၀ မိနစ်လောက်မှာ ရောက်တယ်။ တစ်ခုခုစားပြီးတော့ လမ်းကြောင်းကြည့်ပြီး သပိတ်ကို ပူးပေါင်းခဲ့တာ။

မေး – စုရပ်ကို ရောက်တဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အရိပ်အယောင်တွေ့မိသေးလား။

ဖြေ – မတွေ့မိဘူးဗျ။ ကျွန်တော်တို့ တောက်လျှောက်ကြည့်နေတာပဲ။

မေး – ဘယ်နှယောက်လောက် ဆန္ဒပြခဲ့ကြလဲ။

ဖြေ – အားလုံးပေါင်းဆိုရင် ကျွန်တော့်အထင် ၅၀ – ၆၀ ဝန်းကျင်ရှိမယ်။

မေး – ဆန္ဒပြပွဲမှာ သပိတ်စစ်ကြောင်းရဲ့ ဘယ်နေရာမှာ ရှိနေခဲ့တာလဲ။

ဖြေ – သပိတ်စစ်ကြောင်းနောက်ပိုင်းရဲ့ အလယ်မှာ။ ကြွေးကြော်သံစတော့ ကျွန်တော်ပြေးထွက်သွားတဲ့အချိန်မှာ နောက်ကို ရောက်သွားတယ်။ အလယ်ကြောမှာပေါ့။

မေး – စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကားဝင်လာတာကို ဘယ်အချိန်မှာ သိလိုက်လဲ။

ဖြေ – ကင်းထောက်သမားတစ်ယောက်ရှိတယ်၊ သူက အော်ပြီး ပြေးလာတယ်။ ဒါပေမဲ့ သိပ်သတိမထားမိကြဘူး။ ရှေ့ကလူတွေ ပြေးကြတော့မှ သတိထားမိတာ။ သတိလဲထားမိရော သူတို့က ကျွန်တော့်ကို တိုက်တဲ့အချိန်နဲ့ တန်းပြီးတိုးတာပဲ။

မေး – ကားနဲ့ ဝင်တိုက်ခံရတဲ့ဖြစ်စဉ်ကို မြင်သာအောင် အသေးစိတ်ပြောပြနိုင်မလား။

ဖြေ – ကြွေးကြော်သံအော်ပြီး ဘယ်လောက်မှတောင် မကြာဘူး။ တိုက်ပေါ်က လူတွေက ပြေးတော့ ပြေးတော့ ဆိုပြီးတော့ သူတို့ကလဲ အော်ကြတယ်။ အကုန်လုံး ပြေးကြတယ်။ ဘယ်လောက်မှ မကြာဘူး ၄ စက္ကန့်လောက်ပဲ ကြာမယ်။ ကျွန်တော့်နားကို ကားတစ်စီး အရှိန်နဲ့ရောက်လာတဲ့ အသံလိုမျိုး ကြားလိုက်ရတယ်။ ကြားလိုက်ပြီး နောက်ကိုလဲ ပြန်လှည့်မကြည့်နိုင်ဘူး။ ပြေးနေတဲ့အချိန်ဆိုတော့ အဲဒီကားက ကျွန်တော့်ကို ဝင်တိုက်တယ်။ တိုက်တဲ့အချိန်မှာ ကျွန်တော် ရှေ့ကိုလွင့်သွားတယ်။

မေး – ကားနဲ့ တည့်ဝင်တိုက်ခံရတာလား။ ပွတ်ဆွဲခံရတာလား။

ဖြေ – ခါးကို တည့်ဝင်တိုက်ခံရတယ်ပဲ ပြောရမှာပေါ့။

မေး – အတိုက်ခံရပြီးချိန်မှာ သတိရနေသေးလား။

ဖြေ – ဟုတ်ကဲ့။ သတိရနေတယ်။

မေး – အတိုက်ခံရပြီးတော့ ဘာဆက်ဖြစ်လဲ။

ဖြေ – အဲဒီအချိန်မှာ ကျွန်တော့်ရှေ့မှာ ဗီဒီယို (စစ်ကားဖြင့် လူအုပ်ကို တိုက်သည့် ဗီဒီယိုမှတ်တမ်း) ပြန်ကြည့်လိုက်တာတော့ တချို့တွေဆို တစ်ခါတည်း တန်းပြီးလဲကျသွားတာတွေ ရှိတယ်။ ကျွန်တော်က ဒီသပိတ်ကို စထွက်ပြီဆိုကတည်းက ကျွန်တော်က တွေးထားတယ်ဗျာ။ သူတို့ဆီကို လုံးဝအပါမခံဘူး။ ပြေးလို့ရတဲ့အထိ ပြေးမယ်။ အဲဒီလိုပဲ တွေးထားတာ။ 

သူတို့တိုက်ပြီးတော့ ကျွန်တော် ချက်ချင်းပြန်ထတယ်။ သွေးရူးသွေးတန်းနဲ့ပေါ့ဗျာ။ ကျွန်တော်ထပြီး ဟိုဘက်ရှေ့တစ်လမ်းကို ဆက်ပြေးတယ်။ ပြေးနေတဲ့အချိန်မှာ နောက်တစ်ယောက်နေပြီး ကျွန်တော့်ခေါင်းကို သေနတ်ဒင်နဲ့ လှမ်းပြီးတော့ ရိုက်တယ်။ သေနတ်ဒင်နဲ့ ရိုက်လိုက်တဲ့အချိန်မှာ ကျွန်တော်ထပ်လဲကျတယ်။

ကျွန်တော်လဲကျသွားတော့ သူတို့က ထပ်မပြေးနိုင်တော့ဘူးဆိုပြီး ကျွန်တော့်ကို လွှတ်ပြီး နောက်က ကျန်တဲ့သူတွေကို ဆက်ပြီးတော့ လိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော် နောက်ထပ်တစ်ခါ ပြန်ထတယ်။ ရှေ့ကို ဆက်ပြေးတယ်။ အဲဒီမှာ ပြည်သူတစ်ယောက်က ကျွန်တော့်ကို ကူညီလို့ လွတ်မြောက်ခဲ့တယ်။

မေး – ဘယ်အချိန်လောက်မှာ အပြင်ကို ပြန်ထွက်နိုင်ခဲ့လဲ။

ဖြေ – အချိန်တော့ အတိအကျမသိတော့ဘူး။ ကျွန်တော် ၄၅ မိနစ် ၁ နာရီလောက်တော့ ကြာသွားမယ် ထင်တယ်၊ ကျွန်တော့်ကို ဒီပြည်သူတစ်ယောက်က သွေးတွေသုတ်ပေးတာ၊ အင်္ကျီလဲပေးတာတွေနဲ့။

မေး – ကားနဲ့ တိုက်ခံရတာ၊ သေနတ်ဒင်နဲ့ ရိုက်ခံရတာကြောင့် ဘယ်နေရာတွေ ဒဏ်ရာရခဲ့လဲ။

ဖြေ – ခါးက အခုတော့ နည်းနည်းတော့ လှုပ်လို့ရပြီ။ ၅ ရက်အတွင်းမှာ ခါးကတော့ နည်းနည်းပြန်လှုပ်ရှားနိုင်ပြီ။ တိုက်ခံရတဲ့အချိန်ကတော့ ကျွန်တော့်ဒူးတွေ၊ ခြေသလုံးတွေမှာ အသားတွေပဲ့ကုန်တယ်ဗျာ။ အဲဒါ ခြေထောက်နှစ်ဖက်လုံး၊ဒါပေမဲ့ ညာဘက်ခြေထောက်ကတော့ နည်းနည်းပိုဆိုးတယ်။ ပြီးတော့ နှုတ်ခမ်းကလဲ ကွဲသွားတယ်။ ချုပ်ထားရတယ်။ ခေါင်းကတော့ သေနတ်ဒင်နဲ့ ရိုက်ခံရလို့ ကွဲသွားတာဗျ။ ၇ ချက်လောက် ချုပ်လိုက်ရတယ်။

မေး – အခုရော သက်သာလာပြီလား ဘယ်လိုအခြေအနေရှိလဲ။

ဖြေ – ခြေထောက်ကတော့ နည်းနည်း အနာတော့ ကျက်နေပြီ။ သက်သာလာပါပြီ။ ဘက်ဘက်ခြေ​ထောက်ကတော့ အတော်လှုပ်လို့ရနေပြီ။ ညာဘက်ခြေထောက်ပဲ။ လမ်းတော့ မလျှောက်နိုင်သေးဘူး။ ခါးကလဲ နည်းနည်းနာနေလို့။ ပြီးတော့ အနာရှိန်ကလဲ တက်တော့ဗျာ။ သိတယ်မလား။ ညာဘက်ခြေထောက် ထောက်လို့မရဘူး ဖြစ်နေသေးတယ်။ ဒါပေမဲ့ အရိုးတွေဘာတွေ ထိသွားတာမျိုးတော့ မရှိပါဘူး။ ဆေးခန်းပြကြည့်ပြီးပြီ။ CT-scan (ကွန်ပျူတာဓာတ်မှန်) တွေ ဘာတွေ ဦးခေါင်းကို ရိုက်ပြီးသွားပြီ၊ ဘာမှတော့ မဖြစ်ဘူး။

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ဒီဇင်ဘာ ၅ ရက် နံနက်က ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် လူငယ်တို့ကို စစ်ကားဖြင့် တိုက်ဖြိုခွင်းပြီးနောက် ဒဏ်ရာအပြင်းအထန်ရထားသူတစ်ဦးနှင့်အတူ အခြားလူငယ်အချို့ကို စစ်ကောင်စီက ဖမ်းထားစဉ်။ ဓာတ်ပုံ − ပေးပို့

မေး – ပုန်းခိုတဲ့နေရာကနေ ဘယ်လိုမျိုး ပြန်လာခဲ့ရလဲ။

ဖြေ – ကျွန်တော် ပုန်းတဲ့နေရာကပဲ အသိဆရာဝန်နဲ့ ဆက်သွယ်ပြီး ခေါင်းချုပ်တာတွေ လုပ်ပေးတယ်။ ပြီးတော့ ကျွန်တော် အရင်နေတဲ့နေရာကို အသိတစ်ယောက်ကို လာခေါ်ခိုင်းတယ်။ ပြီးတော့မှ အခုနေရာကို ရွှေ့လာတယ်။ အခု ဒီမှာ ဆေးထည့်၊ ဆေးသောက် လုပ်နေတယ်။

မေး – ဆေးကုရတာ အဆင်ပြေရဲ့လား။

ဖြေ – အဲဒီတုန်းကတော့ သွေးရူးသွေးတန်းနဲ့ သိပ်နာမယ်မထင်ဘူး။ ဆေးထည့်၊ ပတ်တီးဖြည်လုပ်တော့မှ နာတာ။ ခြေထောက်ကတော့ အခုထိ ပတ်တီးဖြည်လို့မရသေးဘူး။ ခေါင်းကတော့ ပတ်တီးဖြည်လိုက်ပြီ၊ ခေါင်းနဲ့ နှုတ်ခမ်းနဲ့က။

မေး – စစ်ကောင်စီက ၁၁ ယောက်ဖမ်းမိတယ်၊ ၃ ယောက်ဒဏ်ရာရတယ်လို့ ထုတ်ပြန်တယ်။ ကားနဲ့ အတိုက်ခံရချိန်မှာ အခြားသူတွေအတိုက်ခံရတာ၊ ဒဏ်ရာရသွားတာတွေရော မြင်ခဲ့ကြားခဲ့တာ ရှိသေးလား။

ဖြေ – အဲဒါတွေတော့ သတိမထားမိတော့ဘူးဗျ။ ကျွန်တော့်ကို တိုက်ပြီးတဲ့အချိန်မှာ ကျွန်တော့်ခေါင်းထဲမှာ တစ်ခုပဲရှိတာက ကျွန်တော်ပြေးဖို့ပဲ၊ လွတ်အောင်ပြေးဖို့ပဲ၊ သူတို့ဆီ အပါမခံနိုင်တဲ့ စိတ်နဲ့တစ်ခုပဲ၊ အဲဒီစိတ်တစ်ခုနဲ့ပဲ ကျွန်တော် လွတ်အောင် ပြေးခဲ့တာဗျ။ ကားတိုက်ခံရတဲ့အရှိန်နဲ့ ဆိုတော့ဗျ။ ဘေးပတ်ဝန်းကျင်လဲ သိပ်ပြီးတော့ အာရုံမစိုက်နိုင်တော့ဘူး၊ သိပ်ပြီး သွေးရူးသွေးတန်းနဲ့ဆိုတော့။

မေး – နောက်ပိုင်းဆန္ဒပြပွဲတွေမှာရော ဆက်ပါဝင်ဦးမှာလား၊ လက်လျှော့လိုက်ပြီလား။

ဖြေ – ကျွန်တော် ကောင်းပြီဆိုတာနဲ့ ပြန်ထွက်မှာဗျ။ ကျွန်တော်တတ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံးလုပ်မှာ၊ ဒီလကုန်လောက်ဆိုရင် အကုန်ပြန်ကောင်းမယ် ထင်တာပဲ။

တော်လှန်ရေးနဲ့ ပတ်သက်လို့တော့ ကျွန်တော့်ခေါင်းထဲ များများစားစားတော့ မရှိပါဘူး။ တစ်ခုပဲ၊ ကျွန်တော် နေကောင်းတာနဲ့ ဒါကို ဆက်လုပ်မယ်။ လုပ်ကိုလုပ်မယ်။ ဒါကြီးပြီးတဲ့အထိကို ဆက်လုပ်မယ်။ ကျွန်တော့်ခေါင်းထဲ အဲဒီအတွေးတစ်ခုပဲ ရှိတယ်။

မေး – အကြမ်းဖက်ဖြိုခွင်းတဲ့ စစ်ကောင်စီကိုရော ဘာပြောချင်လဲ။

ဖြေ – ဘာပြောချင်လဲဆိုတော့ ဒီကောင်တွေကို ပြောစရာစကားကတော့ ပါးစပ်နဲ့ ပြောလို့မရဘူးဗျ။ ဘာနဲ့ပြောရမလဲဆိုတော့ လက်နက်နဲ့ပဲ ပြောမှရတော့မှာ သူတို့ကို။ သူတို့က ဘယ်လိုပြောပြော ရမဲ့ကောင်မျိုးတွေ မဟုတ်ဘူး။

မေး – အခု အကြမ်းဖက်ဖြိုခွင်းခံရတာ တစ်လကျော်လာပြီဆိုတော့ ဘာထပ်ပြောချင်သေးလဲ။

ဖြေ – ကားနဲ့တိုက်လဲ ဂရုမစိုက်ဘူး။ ကျွန်တော်တို့ကတော့ အသက်ရှိသရွေ့ ဒီကောင်တွေကို တော်လှန်နေမှာပဲ။

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ဒီဇင်ဘာ ၅ ရက်နံနက်က ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် လူငယ်တို့ကို စစ်ကားဖြင့် တိုက်ဖြိုခွင်းမှုတွင် ပါဝင်သည့် စစ်သားများ (ဓာတ်ပုံ − ပေးပို့)

မေး – ပြည်သူတချို့က လမ်းမပေါ်က ပြောက်ကျားဆန္ဒပြမှုတွေက အန္တရာယ်များလွန်းတယ်။ ရန်သူ့လက်ထဲ လုပ်ရတယ်လို့ ပြောကြတယ်။ မြို့ပေါ်က ပြောက်ကျားဆန္ဒပြပွဲတွေ ဆက်ရှိနေသင့်တယ်လို့ ထင်လား။

ဖြေ – ဒါက သူတို့စိုးရိမ်စိတ်ပူတာ ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ဗျာ နိုင်ငံတကာသိဖို့အတွက်လဲ လိုအပ်တယ်မဟုတ်လား။ အဲဒါကြောင့် ကျွန်တော်တို့က ဒီသပိတ်ဆိုတဲ့အလုပ်ကို မဖြစ်မနေ ဆက်ပြီးလုပ်နေရမယ်။ ဒါပေမဲ့ လုပ်တဲ့အချိန်က အရမ်း Risk (စွန့်စားမှု) မများဘဲနဲ့ ဂရုတစိုက်နဲ့ လုပ်ရင်တော့ အဆင်ပြေမယ် ထင်ပါတယ်။

မေး – ပြည်သူတွေကို ဆန္ဒပြလူငယ်တစ်ဦးအနေနဲ့ ဘယ်လိုသတင်းစကားမျိုးပါးချင်လဲ။

ဖြေ – ပြည်သူတွေ အစစအရာရာ အားလုံးဂရုစိုက်ကြပါ။ ဒီကောင်တွေကိုလဲ သိပ်ပြီးတော့ လျှော့မတွက်ပါနဲ့လို့။ နေရာတိုင်းမှာ သူတို့က အသွင်အမျိုးမျိုးနဲ့ ရှိနေနိုင်တာမို့ ပတ်ဝန်းကျင်ကို သေချာလေ့လာပြီးတော့မှ သပိတ်ကို ဆက်လုပ်ကြပါလို့။ အားလုံးဘေးကင်းကြပါစေလို့ပဲ ပြောချင်ပါတယ်။

(လွန်ခဲ့သည့်လက ကိုဇက်နှင့် မေးမြန်းထားခြင်းဖြစ်သည်။ ကိုဇက်နှင့် အကူအညီပေးနေသူအချို့၏ လုံခြုံရေးအခြေအနေအရ ယခုမှ ဖော်ပြခြင်းဖြစ်သည်။ လက်ရှိတွင် ခါးနာဝေဒနာ ကျန်သည်မှအပ ကိုဇက်မှာ လမ်းလျှောက်နိုင်ပြီဖြစ်သည်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button