သတင်း

​မြောက်ဥက္ကလာဆေးရုံ အောက်စီဂျင်ပြတ်ပြီး ကိုဗစ်လူနာများသေဆုံးခဲ့ 

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးတွင် ဇူလိုင် ၂၄ ရက်က အောက်စီဂျင်ပြတ်ပြီး ကိုဗစ်အတည်ပြုလူနာ အနည်းဆုံး ၈ ဦးသေဆုံးခဲ့ကြောင်း လူနာရှင်များက အတည်ပြုသည်။

ထိုနေ့ နံနက် ၃ နာရီခွဲခန့်တွင် လူနာခုတင်များသို့ ပေးပို့ထားသည့် ပိုက်လိုင်းတွင် အောက်စီဂျင် ရုတ်တရက်ထိုးကျပြီး ကိုဗစ်လူနာများထားရှိရာအဆောင် (Isolation Ward 2) တစ်ခုတည်း၌ပင် အနည်းဆုံး ၈ ဦးသေဆုံးခဲ့ကြောင်း လူနာရှင်အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“Serious (အသည်းအသန်) ဖြစ်တဲ့ လူနာတော်တော်များများ အဲဒီညမှာ ဆုံးသွားတယ်။ တကယ့် ငရဲလိုပါပဲခင်ဗျ” ဟု မြောက်ဥက္ကလာဆေးရုံတွင် ရက်ပေါင်း ၂၀ ခန့် လူနာစောင့်ခဲ့ရသူ ၎င်းက ပြောသည်။ 

လူနာအားလုံးမှာ နံရံကပ်အောက်စီဂျင်ပိုက်လိုင်းကို အားကိုးနေရသူများဖြစ်သဖြင့် သေဆုံးသူများခဲ့ရသည်ဟု ၎င်းက ဆိုသည်။

ထိုအချိန်က ကိုဗစ်လူနာများထားရှိရာအဆောင်တွင် ရှိနေခဲ့သူ အခြားလူနာရှင်အမျိုးသားတစ်ဦးကလည်း ၎င်း၏ မျက်စိရှေ့မှောက်၌ပင် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး ရှေ့ဆင့်နောက်ဆင့် သေဆုံးခဲ့သည်ဟု ပြောသည်။

“၃ နာရီလောက်ကြီးကို စက်တင်ထားတဲ့လူတစ်ယောက်က အောက်စီဂျင်ကောက်ကျတယ်ပေါ့။ အဲဒီအချိန်ကစပြီးတော့ သိတာပေါ့။ အဲဒီအချိန်မှာ ကျခါစပဲရှိသေးတာ။ အကုန်လုံးတော့ မကျသေးဘူး။ ကြည့်ရင်းကြည့်ရင်းနဲ့ အဲ့ဒီမှာ ရှိသမျှလူတွေအကုန်လုံးက အောက်စီဂျင်တွေပြုတ်ကျသွားတာပေါ့ခင်ဗျာ” ဟု ၎င်းက ပြောသည်။

မြောက်ဥက္ကလာပဆေးရုံကြီးတွင် တက်ရောက်ကုသနေစဉ် အောက်စီဂျင် ရုတ်တရက်ပြတ်ကာ သေဆုံးခဲ့ရသော ကိုဗစ်လူနာများအနက် Facebook လူမှုကွန်ရက်တွင် လူသိများသူ၊ ရွှေပြည့်စုံ B ပိုးကာကွယ်ရေးပရဟိတအဖွဲ့ ဒုတိယဥက္ကဋ္ဌ  အသက် ၆၃ နှစ် အရွယ် ဒေါက်တာရွှေထွန်းပါဝင်ကြောင်း သူ၏ မိသားစုဝင်တစ်ဦးက Myanmar Now ကို အတည်ပြုသည်။

ဒေါက်တာရွှေထွန်း၏ မိသားစုဝင်က ထိုဆေးရုံတွင် ရုတ်တရက် အောက်စီဂျင်ပြတ်တောက်သည့်အခြေအနေ အသေးစိတ်ပြောပြရန် ငြင်းဆိုသည်။ 

ထိုနေ့က အောက်စီဂျင်ပြတ်တောက်မှုကြောင့် ကိုဗစ်လူနာများထားရှိရာအဆောင်မှ သေဆုံးလူနာ ၉ ဦးခန့်၏ ရုပ်အလောင်းများအပြင် အရေးပေါ်ဌာန၊ အထူးကြပ်မတ်ကုသဆောင် (ICU) ခန်းများဘက်မှလည်း ရုပ်အလောင်းအများအပြားထုတ်လာသည်ကို တွေ့ရကြောင်း မြောက်ဥက္ကလာဆေးရုံတွင် ကုသမှုခံယူနေစဉ် မိခင်ရောဖခင်ပါ ဆုံးရှုံးခဲ့ရသည့် လူနာရှင်အမျိုးသားတစ်ဦးက ပြောသည်။ 

ဆေးရုံအခန်းတစ်ခု ပြင်ပတွင် အောက်စီဂျင်ပြတ်တောက်ပြီး သေဆုံးခဲ့သည့် ကိုဗစ်လူနာရုပ်အလောင်းတချို့။ (ဓာတ်ပုံ − ပေးပို့) 

အရေးပေါ်လူနာဌာနတွင် ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း၊ နံနက် ၃ နာရီကျော်က သေဆုံးသူ၏ ရုပ်အလောင်းကို မွန်းလွဲ ၁ နာရီမှသာ လာရောက်သယ်ယူသည်အထိ သေဆုံးသူများခဲ့ကြောင်း ရက်ပေါင်း ၂၀ ခန့် လူနာစောင့်ခဲ့ရသူ အမျိုးသားက ရင်ခွဲရုံတာဝန်ရှိသူတစ်ဦးကို ကိုးကားလျက် ဆိုသည်။

“ဘာဖြစ်လို့လဲမေးကြည့်တော့ ဆေးရုံတစ်ခုလုံးမှာ အောက်စီဂျင်လိုင်းကျသွားပြီးတော့ ဆုံးတဲ့လူနာက အရမ်းများလို့။ အရမ်းများပြီးတော့ ရေခဲတိုက်ကို ပို့ဖို့တောင် လူမနိုင်ဘူးပေါ့နော်” ဟု ၎င်းက ပြောသည်။

မြောက်ဥက္ကလာဆေးရုံတွင် ဇူလိုင် ၂၄ ရက်က အောက်စီဂျင်ပြတ်တောက်မှုဖြစ်စဉ်ကြောင့် ကိုဗစ်လူနာ မည်မျှသေဆုံးခဲ့သည်ကို Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။ 

ဆေးရုံတွင်  ထိုသို့ ပြတ်တောက်ပြီး တစ်နာရီခန့်အကြာတွင် အောက်စီဂျင်အိုးနှင့် အောက်စီဂျင်ထိန်းညှိစက်များ (Oxygen Concentrator)  ရောက်လာသော်လည်း လူနာအားလုံးအတွက် မလုံလောက်ခဲ့ကြောင်း၊ နံနက် ၈ နာရီခန့်အချိန်မှသာ မူလအခြေအနေကို ပြန်လည်ရောက်ရှိခဲ့ကြောင်း အထက်ပါလူနာရှင်များက ဆိုသည်။ 

စစ်တပ်လုံခြုံရေးယူထားစဉ် ပိုက်လိုင်းအဖျက်ခံရ 

မြောက်ဥက္လာဆေးရုံကြီးတွင် ထိုနေ့မတိုင်မီက အောက်စီဂျင်ပိုက်လိုင်း ဖျက်ဆီးခံခဲ့ရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၁၉ ရက်နေ့တွင် မသမာသူများက ပိုက်လိုင်း လာရောက်ဖျက်ဆီးခဲ့သည်ကို ဇူလိုင် ၂၂ ရက်မှ တွေ့ရှိခဲ့ကြောင်း၊ ဖျက်ဆီးခံရသဖြင့် အောက်စီဂျင် ၂၅ ရာခိုင်နှုန်းသာ ပေးနိုင်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ 

သို့သော် မြောက်ဥက္ကလာဆေးရုံကြီးအတွင်း စစ်ကားနှစ်စီးချထားပြီး ဆေးရုံပေါက်ဝတွင်လည်း စစ်သားနှင့် ရဲများ အချိန်ပြည့်ရှိနေကြောင်း လူနာရှင်များထံမှ သိရသည်။ 

ဇူလိုင် ၂၂ ရက်နေ့က အောက်စီဂျင်ပိုက်လိုင်းများပြင်ဆင်နေသည်ကို တွေ့မြင်ခဲ့ကြောင်း၊ စစ်သားနှင့် ရဲများ လုံခြုံရေးယူထားသည့် ဆေးရုံဝင်းအတွင်း ထိုသို့ဖျက်ဆီးသည်ဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း ဆေးရုံဝန်ထမ်းတစ်ဦး၏ သားဖြစ်သူက သူ့မိခင်ကို ကိုးကားပြီး ပြောသည်။ 

“ပိုက်လိုင်းက မြေအောက်ထဲထားတာဆိုတော့လေ၊ ကားကြီးတွေ၊ ဘာတွေ လာတော့ ထိမိပြီး ပျက်တာထင်တယ်တဲ့။ ဖျက်ဆီးခံရတာတော့ မဟုတ်လောက်ဘူးတဲ့” ဟု ၎င်းက ပြောသည်။

အောက်စီဂျင်ပြတ်တောက်မှုမဖြစ်ပွားခင် ဇူလိုင် ၂၃ ညပိုင်း အရပ်ဝတ်လူတစ်စုက ဆေးရုံဝင်းအတွင်း ရောက်လာကာ ပိုက်လိုင်းကို ရှာဖွေစစ်ဆေးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ အခြားလူနာရှင် အမျိုးသားတစ်ဦးက ဆိုသည်။ 

“အဲဒီညက လိုက်စစ်တာလား၊ လိုက်ဖြတ်တာလားတော့ မသိဘူး။ အဖွဲ့လိုက်ကြီး ဆေးရုံဝင်းထဲမှာ ဓာတ်မီးတွေနဲ့ထိုး လိုက်လုပ်တာမျိုးရှိတယ်။ ဌာနအဖွဲ့အစည်းဖြစ်ဖို့တော့ များတယ်။ လူတွေကတော့ အရပ်ဝတ်တွေနဲ့။ ဒါပေမဲ့ ဘယ်လိုပုံစံဘယ်အဖွဲ့အစည်းဆိုတာမျိုးတော့ ကျွန်တော်တို့ သဲသဲကွဲကွဲမသိရဘူး” ဟု ၎င်းက ပြောသည်။

Show More

Related Articles

Back to top button