
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ ပူးပေါင်းကာ ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ (CTF) ကို ဖွဲ့စည်းလိုက်ပြီး၊ ထိုအဖွဲ့ကို ဦးဆောင်မည့်သူမှာ မြန်မာ – ထိုင်းနယ်စပ်ရှိ မယ်တော်ဆေးခန်းပဲ့ကိုင်ရှင် ဒေါက်တာစင်သီယာမောင်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ကူးစက်ဖြစ်ပွားမှုမြင့်တက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသပေးနိုင်ရေး လက်တွဲဆောင်ရွက်ရန် ရည်ရွယ်ပြီး CTF ကို ဇူလိုင် ၁၇ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ယနေ့ (ဇူလိုင် ၂၂) တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ CTF အဖွဲ့ကို မြန်မာ − ထိုင်းနယ်စပ်ရှိ ဒုက္ခသည်များကို နှစ်ပေါင်းများစွာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဒေါက်တာစင်သီယာမောင်က ဦးဆောင်မည်ဖြစ်ကာ အဖွဲ့ဒုတိယခေါင်းဆောင်မှာ NUG အစိုးရအဖွဲ့၏ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးဖြစ်သည်။
ထို့ပြင် အဖွဲ့တွင် ကျန်းမာရေးဝန်ကြီးဌာန (NUG) မှ တာဝန်ရှိသူများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တက်သိပညာရှင်များ ပါဝင်မည်ဟု CTF ၏ ထုတ်ပြန်ချက်က ဆိုသည်။
“NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေ ဆွေးနွေးတိုင်ပင်ပြီးပြီ။ လိုအပ်တဲ့ အကူအညီရရှိဖို့ UN အေဂျင်စီတွေနဲ့ ချိတ်ဆက်ပြီးလုပ်ဖို့ရှိတယ်” ဟု CTF အဖွဲ့တွင် ပြောရေးဆိုခွင့်ရှိသူအဖြစ် ပါဝင်သည့် ပဒိုမန်းမန်းက Myanmar Now ကို ပြောသည်။
ပဒိုမန်းမန်းသည် ယခင်က ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး လက်ရှိတွင် KNU တပ်မဟာ(၅)၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်သည်။
“NUG အနေနဲ့ကလည်း သူတို့ရဲ့နိုင်ငံရေးဦးတည်ချက်၊ တိုင်းရင်းသားတွေရဲ့ လိုလားချက်အတိုင်း အတာတစ်ခုအထိ တူညီတဲ့အတွက် ကပ်ရောဂါမှာ လုပ်ငန်းသဘောအရ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ပိုမိုပြီးတော့ ထိရောက်အောင်ဆောင်ရွက်ဖို့ အခုလို ဖွဲ့စည်းတာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
CTF အဖွဲ့သည် တိုင်းရင်းသားပြည်သူအားလုံးအတွက် ကိုဗစ်ကာကွယ်ရေးအသိပညာပေးမှုများ၊ ရောဂါထိန်းချုပ်ရေးလမ်းညွှန်ချက်များ၊ ကိုဗစ်ကာကွယ်ဆေးအပါအဝင် ရောဂါထိန်းချုပ်ကာကွယ်ရေးတွင် လိုအပ်သော အထောက်အပံ့ရရှိရေးအတွက် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းကို ဦးစားပေးဆောင်ရွက်သွားမည်ဟု သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် CTF အဖွဲ့ခေါင်းဆောင် ဒေါက်တာစင်သီယာမောင်၏ ဦးဆောင်မှု၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ ဆောင်ရွက်နိုင်မှု၊ NUG ၏ တရားဝင်ဖြစ်မှု အရပ်ရပ်သည် အရေးပါကြောင်း ပဒိုမန်းမန်းက ပြောသည်။
မြန်မာ – ထိုင်းနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်သည် ၎င်း၏ လူမှုကူညီရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ မြန်မာဒုက္ခသည်များအပါအဝင် နယ်စပ်တစ်လျှောက်ရှိ လူထုများအား ဆေးဝါးကုသပေးခြင်း၊ ကျန်းမာရေးပညာပေးခြင်းဆိုင် လုပ်ဆောင်ချက်များကြောင့် ထင်ရှားသူတစ်ဦးဖြစ်ကာ နိုင်ငံတကာက ချီးမြှင့်သည့် ဆုတံဆိပ်များစွာကိုလည်း ရရှိထားသူဖြစ်သည်။
CTF အဖွဲ့အနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရန် မရှိဘဲ ကိုဗစ်ကပ်ရောဂါသည် တစ်မျိုးသားလုံးနှင့်ဆိုင်သည့် ကိစ္စဖြစ်၍ CTF ၏ လုပ်ငန်းဆောင်ရွက်မှုပေါ် စစ်ကောင်စီအနေဖြင့် နှောင့်ယှက်ကန့်သတ်ခြင်း မလုပ်သင့်ဟု ပဒိုမန်းမန်းက ဆိုသည်။
ကိုဗစ်ကာကွယ်ဆေးအပါအဝင် နည်းပညာ၊ ဘဏ္ဍာရေးအကူအညီများကို အမြန်ဆုံးထောက်ပံ့ပေးရန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများနှင့် အာဆီယံနိုင်ငံများကို CTF က တောင်းဆိုထားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း ကပ်ရောဂါတိုက်ဖျက်နိုင်ရန် ကုသကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များကို အတိအကျ လိုက်နာဆောင်ရွက်ပေးကြရန်လည်း CTF က တိုက်တွန်းထားသည်။
မြန်မာနိုင်ငံတွင် အရပ်သားအစိုးရလက်ထက် ကိုဗစ်ကပ်ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းဖြစ်ပွားစဉ်က ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ခဲ့သော်လည်း အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ ထိခိုက်ပျက်စီးကာ ကပ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ဖရိုဖရဲဖြစ်နေသည်။
လက်ရှိ ကိုဗစ်တတိယလှိုင်းကာလတွင် စစ်ကောင်စီက ရောဂါကာကွယ်ထိန်းချုပ်ရေး ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် ပြည်သူလူထုအကြား ရောဂါကူးစက်ပြန့်ပွားမှု အဆမတန် မြင့်တက်နေသည့်အပြင် နေ့စဉ် လူရာနှင့်ချီသေဆုံးလျက်ရှိသည်။
ကပ်ရောဂါကာကွယ်ကုသရေးကို ထိရောက်စွာ မလုပ်နိုင်သည့် စစ်ကောင်စီက ကျန်းမာရေးဝန်ထမ်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ပြည်သူလူထု ဆေးကုသခွင့်ကို ကန့်သတ်ပိတ်ပင်ခြင်း၊ နှောင့်ယှက်ခြင်းများ ပြုလုပ်လျက်ရှိသည်။