
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြတောင်းဆိုမှုများ အဓိကစတင်ရာ ရန်ကုန်မြို့၏ မိုးရာသီနံနက်ခင်းသည် အောက်စီဂျင်ရှာဖွေရန် သွားလာနေသည့် မော်တော်ယာဉ်များ၊ ဆေးရုံကားသံများဖြင့် ရှုပ်ထွေးနေသည်။
မကြာသေးခင်လပိုင်းထိ ရန်ကုန်မြို့၏ လမ်းမများပေါ်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲကြွေးကြော်သံများ၊ ဆန္ဒပြဆိုင်းဘုတ်များ ကိုင်ဆောင်ထားသည့် လူငယ်များက နေရာယူထားသည်။
ယခုအခါတွင်တော့ ထိုလူငယ်တို့သည် ၎င်းတို့၏ မိသားစုဝင်များ ကိုဗစ်နိုင်တင်းရောဂါကို တွန်းလှန်ရာတွင် လိုအပ်သည့် အောက်စီဂျင်ဆလင်ဒါဘူးများ သယ်ဆောင်ကာ အောက်စီဂျင်ဖြည့်ပေးသည့် နေရာများသို့ ရှာဖွေသွားလာနေကြရသည်။
လူမှုကွန်ရက်စာမျက်နှာများတွင်လည်း နိုင်ငံရေးနှင့် ပတ်သက်သည့် ရေးသားမျှဝေမှုများထက် အောက်စီဂျင်အရေးပေါ်လိုအပ်နေသည့် အကူအညီတောင်းခံစာများကို အများဆုံးမြင်တွေ့ရမည် ဖြစ်သည်။
အွန်လိုင်းတွင် အကူအညီတောင်းပြီး နာရီပိုင်းအကြာတွင်ပင် အောက်စီဂျင်အကူအညီ မလိုအပ်တော့ကြောင်း၊ အသည်းအသန်လူနာ ကွယ်လွန်သွားပြီဖြစ်ကြောင်း ထပ်မံဖြည့်စွက်ရေးသားထားသည်ကို တွေ့မြင်ရတတ်သည်။
အာဏာသိမ်းမှုကြောင့် ဆန္ဒပြခဲ့သောပြည်သူလူထုကို စစ်ကောင်စီက ရက်စက်စွာ ဖမ်းဆီး၊ သတ်ဖြတ်နေချိန်တွင် မေလဆန်းမှစ၍ မြန်မာနိုင်ငံအတွင်း ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်နိုင်တင်း (Covid-19) တတိယလှိုင်း ဖြစ်ပေါ်လာသည်။
စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ကိုဗစ်ဖြစ်ပွားမှု တစ်ဟုန်ထိုး တိုးမြင့်လာသည့်အခါ စစ်ကောင်စီသည် ကလေးဒေသခံများကို ဆေးကုသရေးထက် ၎င်းတို့ကြောင့် သေဆုံးသွားသူများကိုပါ ကိုဗစ်တံဆိပ်ကပ်နေသည်။
ထို့နောက် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် ကူးစက်မြန်ပြင်းထန်သည့် ဗီဇပြောင်းဗိုင်းရပ်စ်ထိနေသူများသည် အသက်ရှူရန် ခက်ခဲလာပြီး အောက်စီဂျင်လိုအပ်ချက် မြင့်မားလာသည်။
လူနာများ အသက်ဆက်နိုင်ရန် အောက်စီဂျင်ထောက်ပံ့မှု အရေးပေါ်လိုအပ်နေချိန် စစ်ကောင်စီက ဆေးရုံများတွင်သာ ကုသရန် ဖိအားပေးသည့်အနေဖြင့် အောက်စီဂျင်ရရှိနိုင်သည့် ပုဂ္ဂလိကနေရာများကို ထိန်းချုပ်လာရာ လူထု၏ လိုအပ်ချက် ပိုမိုခက်ခဲလာသည်။
အောက်စီဂျင်ဖြန့်ဝေမှုကို ထိန်းချုပ်၊ ကန့်သတ်မှုကြောင့် ဇူလိုင်အတွင်း လူအများအပြားသေဆုံးနေရာ ရန်ကုန်မြို့ မီးသင်္ဂြိုဟ်စက်များရှေ့တွင် ရုပ်အလောင်းများ မကြုံစဖူး ပြည့်လျှံသွားသည်။ မလိုအပ်ဘဲ သေဆုံးသွားသူများလာခြင်းမှာ ပြည်သူလူထု၏ မုန်းတီးမှုကို ထပ်မံ နှိုးဆွပေးသကဲ့သို့ ဖြစ်နေသည်။
ရန်ကုန်မြို့တွင် ကိုဗစ်နိုင်တင်း (Covid-19) သံသယဖြင့် တစ်နေ့အတွင်း ရာဂဏန်းအထိ သေဆုံးမှုနှုန်း လွန်စွာမြင့်တက်နေရာ နေအိမ်အတွင်း လူမသိ၊ သူမသိ သေဆုံးမှုများပါ ကြောက်လန့်ဖွယ်ရာ ဖြစ်ပွားနေသည်။
ကန့်သတ်ခံနေရသည့် အသက်ဆက်ခွင့်
အောက်စီဂျင်ပြတ်လပ်ပြီး မိခင်သေဆုံးခဲ့ရခြင်းမှာ စစ်ကောင်စီ၏ ပယောဂမကင်းကြောင်း ရန်ကုန်မြို့တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် မခြူးငယ်က နာကြည်းချက်ဖြင့် ပြောသည်။
ဇူလိုင် ၁၂ က ကိုဗစ်ကူးစက်ခံနေရသည့် မိခင် အသက်ရှူရန် ခက်ခဲနေသဖြင့် အောက်စီဂျင်ဘူးရရှိရေး တစ်နေကုန် ကြိုးပမ်းသော်လည်း မရခဲ့ဘဲ နောက်တစ်နေ့ ဇွန် ၁၃ တွင် မိခင်သေဆုံးရခြင်းဖြစ်သည်ဟု မခြူးငယ်က ပြောသည်။
ဇူလိုင် ၁၂ တွင် ပရဟိတအဖွဲ့အစည်းတစ်ခုထံ တစ်နေကုန် သွားရောက်စောင့်ဆိုင်းနေခဲ့သည်။ သူ့အလှည့်ရောက်ရန် မိနစ်ပိုင်းအလိုတွင် ထိုအဖွဲ့က အောက်စီဂျင်ပေးဝေခြင်းကို ရပ်တန့်လိုက်ရသည်။
ထိုအဖွဲ့၏ မော်တော်ယာဉ်ကို စစ်တပ်က ထိန်းသိမ်းလိုက်ပြီး သယ်လာသည့် အောက်စီဂျင်ဘူးများကို သိမ်းဆည်းလိုက်သည့်အတွက်ကြောင့် ထိုသို့ ရပ်လိုက်ရခြင်းဖြစ်သည်ဟု သိရှိရကြောင်း မခြူးငယ်က ပြောသည်။
“မနက် ၉ နာရီကနေပြီးတော့ စောင့်တာ ၄ နာရီလောက်လည်းကျရော (အောက်စီဂျင်) ကားက ဒီနေ့မရတော့ဘူး။ ရှိတဲ့ ကားကို သိမ်းသွားတယ်တဲ့ သူတို့( စစ်တပ်က) လိုနေတယ်ဆိုပြီးတော့ ယူသွားတယ်ဆိုပြီးတော့ ပြောတယ်” ဟု သူမက ပြောသည်။
ထိုမှတစ်ဆင့် တောင်ဒဂုံစက်မှုဇုန်ရှိ “နိုင်” အောက်စီဂျင်စက်ရုံသို့ သွားရောက်စောင့်ဆိုင်းရာ ယင်းည ၁၀ နာရီခန့်တွင် စစ်ကားများရောက်ရှိလာခဲ့ပြီး စက်ရုံပိတ်လိုက်ရသည်ဟု မခြူးငယ်က ပြန်ပြောပြသည်။
“လူတစ်ယောက်ကတော့ မျှော်လင့်ချက်နဲ့ အသက်ဆက်ရှင်ဖို့အတွက် ဒီအောက်စီဂျင်ကို လာပြီးတော့ တန်းစီတာလေ။ ပျော်လို့ပါးလို့မှ မဟုတ်တာ။ ရရင် ဒီလူနာ ဆက်ပြီးအသက်ရှင်မယ်လေ။ ဒီအောက်စီဂျင်ပြတ်လပ်မှုကြောင့် လူတွေက အသက်သေရတာ” ဟု သူက ဆက်ပြောသည်။
ထိုဖြစ်ရပ်မှာ မခြူးငယ်တစ်ယောက်တည်း ခံစားနေရခြင်း မဟုတ်ပေ။ မြန်မာနိုင်ငံအနှံ့အပြားရှိ ကိုဗစ်နိုင်တင်းရောဂါခံစားနေရသူများများသည် အောက်စီဂျင်ရရှိရန် နေ့ရောညပါ ရှာဖွေနေကြရပြီး စစ်ကောင်စီ၏ တားမြစ်ပိတ်ပင်မှုများနှင့်ရင်ဆိုင်ခဲ့ကြရသည်။
ဇူလိုင် ၁၂ ညပိုင်းက ရန်ကုန်မြို့၊ တောင်ဒဂုံစက်မှုဇုန်၊ လွိုင်ကော်လမ်းတွင် စောင့်ဆိုင်းတန်းစီနေသူများကို စစ်ကောင်စီလက်နက်ကိုင်များက သေနတ်ပစ်ခတ်ပြီး လူစုခွဲဖမ်းဆီးခဲ့ရာ အောက်စီဂျင်ဘူးများ ထားခဲ့ပြီး ထွက်ပြေးခဲ့ရသည် ဟု Mizzima သတင်းဌာနတွင် ဖော်ပြထားသည်။
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက ဇူလိုင် ၁၂ ညက မင်းဓမ္မလမ်းရှိ အောက်စီဂျင်စက်ရုံတွင် စစ်ကောင်စီတပ်များက လာရောက်ပိတ်ပင်သည်ကို ရင်ဆိုင်ခဲ့ရသည်ဟု ဆိုသည်။
“အခုလို အောက်စီဂျင်တွေကို လိုက်ပိတ်တော့ ကျွန်မတို့လို ဆေးရုံမတက်ရတဲ့ အရပ်သားလူနာတွေက အကြောင်းမဲ့ သေပေးရမှာလား” ဟု သူက စစ်ကောင်စီကို မေးခွန်းထုတ်လိုက်သည်။
မိခင်ဖြစ်သူ အောက်စီဂျင်ကျ၍ ဇူလိုင် ၆ ကတည်းက ဆေးကုသမှုခံယူခွင့်ရရှိရန် နေထိုင်ရာမြို့နယ်ရှိ ဒေသန္တရဆေးခန်း၊ အစိုးရဆေးရုံ၊ တပ်မတော်ဆေးရုံများသို့ ပို့ဆောင်ခဲ့သော်လည်း လက်ခံခြင်းမရှိကြောင်း၊ နေအိမ်တွင် ထားရှိပြီး ကုသမှုခံယူရာတွင်လည်း အောက်စီဂျင်ဖြည့်ရန် ခက်ခဲနေပြီး မိခင်၏ အသက်အန္တရာယ်ကို စိုးရိမ်နေရကြောင်း သူက ဆက်ပြောသည်။
စစ်ကောင်စီ၏ ကန့်သတ်ချက်
ရန်ကုန် သိမ်ဖြူသင်္ဘောကျင်းရှိ အောက်စီဂျင်ထုတ်လုပ်သည့် နိုင်ငံပိုင်စက်ရုံကို ပုဂ္ဂလိကသို့ ထုတ်မပေးရန် စစ်ကောင်စီက ဇူလိုင် ၁၀ တွင် ညွှန်ကြားခဲ့ကြောင်း စက်ရုံတာဝန်ရှိသူတစ်ဦးက Myanmar Now ကို အတည်ပြုသည်။
ပုဂ္ဂလိကသို့ ထုတ်မပေးရခြင်းမှာ အောက်စီဂျင် အဓိကလိုအပ်နေသည့် ဆေးရုံဆေးခန်းများတွင် လုံလောက်စေရန် ရည်ရွယ်သည်ဟု စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၁၂ သတင်းစာရှင်းလင်းပွဲတွင် ဝန်ခံထားသည်။
သို့သော်လည်း လက်တွေ့တွင်မူ ကိုဗစ်နိုင်တင်းသံသယလူနာအများစုမှာ ဆေးရုံတက်ရောက်ခွင့် မရှိပေ။ ဆေးရုံတက်ရောက်ခွင့်ရသူ အနည်းငယ်သော ကိုဗစ်လူနာတို့ အောက်စီဂျင်လိုအပ်လာလျှင် လူနာ၏မိသားစုက ကိုယ်တိုင်ရှာဖွေပေးနေရသည်။
ဖခင်ဖြစ်သူ ကိုဗစ်နိုင်တင်းလက္ခဏာပြသ၍ မန္တလေးဆေးရုံကြီးတွင် ကုသမှုခံယူနေစဉ် ဇူလိုင် ၁၃ ရက်နေ့က ပြင်ပမှ အောက်စီဂျင်ရှာဖွေပေးခဲ့ရကြောင်း မဟာအောင်မြေမြို့နယ်တွင် နေထိုင်သူ ကိုမင်းစိုးက ပြောသည်။
“ကျွန်တော်က အောက်စီဂျင် ပတ်ရှာပေးတုန်း၊ အဖေက ဆုံးပြီ။ ဘာမှလည်းမလုပ်ပေးလိုက်နိုင်ဘူး။ ဆေးရုံကလည်း ဘာမှလုပ်မပေးဘူး” ဟု ၎င်းက ပြောသည်။
“ကျွန်တော် အောက်စီဂျင်ရတယ်ဆိုတဲ့ နေရာမှန်သမျှ အကုန်ရောက်တယ်၊ လူမှုရေးအသင်းတွေ၊ ဖုန်းတွေဆက်၊ အကူအညီတောင်းတယ်။ ကုန်သွားတာချည်းပဲ၊ ဘဝတွေက ဆိုးတယ်ဗျာ”
ဖခင်ဆေးရုံတက်ရောက်နေရချိန်တွင် ကူးစက်ခံထားရသည့် မိခင်ကို ဆေးရုံပို့ရာ ဆေးရုံက လက်မခံခဲ့ပေ။
“အမေ့ကို မစိုးရိမ်ရဘူးဆိုပြီး ဆေးရုံက တက်ခွင့်မပေးဘူး၊ ပြန်လွှတ်တယ်၊ ဆေးတစ်လုံး ထိုးပေးလိုက်တယ်၊ အိမ်လည်းရောက်ရော အမေက ကားပေါ်ကအဆင်းတင် အသက်ရှူတွေ ကျပ်တယ်၊ ကျပ်တယ်ဆိုပြီး ပါးစပ်ကြီးဟ ဇက်ကျိုးကျသွားတာ ချက်ချင်းကြီး။ ရုတ်တရက် ဘာမှလည်း မလုပ်ပေးလိုက်နိုင်ဘူးဗျာ” ဟု ကိုမင်းစိုးက ပြောသည်။

နိုင်ငံရေးလက်နက်သဖွယ် အသုံးချနေ
စစ်ကောင်စီက ကိုဗစ်နိုင်တင်းရောဂါကို လက်နက်သဖွယ် အသုံးချနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ဇူလိုင် ၁၃ တွင် စွပ်စွဲလိုက်သည်။
အကြမ်းဖက်စစ်ကောင်စီသည် လူသားချင်းစာနာထောက်ထားမှုမရှိဘဲ အာဏာတည်မြဲရေးအတွက် ကိုဗစ်နိုင်တင်းရောဂါကို လက်နက်သဖွယ် အသုံးချနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားအဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာဇော်ဝေစိုးအမည်ဖြင့် စာထုတ်ပြန်ထားသည်။
ထို့အပြင် အခြေခံလူ့အခွင့်အရေးတစ်ရပ်ဖြစ်သည့် လူသားတိုင်း လွတ်လပ်စွာဆေးကုသခွင့်ကို နည်းမျိုးစုံဖြင့် စစ်ကောင်စီက ပိတ်ပင်တားဆီးနေသည့် သက်သေသာဓကများစွာ ရရှိထားသည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။
၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းအကြောင်းပြ၍ အာဏာသိမ်းသည့် စစ်ခေါင်းဆောင်ကလည်း ကပ်ဘေးအကြောင်းပြု၍ နိုင်ငံရေးအမြတ်ထုတ်လိုသူများရှိသည်ဟု စွပ်စွဲထားသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၂ က နေပြည်တော်တွင် ပြုလုပ်သည့် ကိုဗစ်နိုင်တင်းကုသထိန်းချုပ်ရေးအစည်းအဝေးတွင် ၎င်းက ပြောလိုက်ခြင်း ဖြစ်သည်။
ကပ်ရောဂါ စိုးရိမ်ရဆဲအချိန်တွင် စစ်ဗိုလ်ချုပ်များ အာဏာသိမ်းပြီး လူထု၏အသက်ကို ရန်ရှာနေချိန်တွင် လူထုသည် ကူးစက်မှု အဆမတန်မြင့်တက်လာသော ကပ်ရောဂါကိုပါ တစ်ပြိုင်နက် ရင်ဆိုင်နေရသည်။
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် New Myanmar Foundation တည်ထောင်သူ ဒေါ်မြနန္ဒာသင်းသည် စစ်အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ရပ်နားထားသည်။ ယခုအခါတွင် ကိုဗစ်နိုင်တင်းရောဂါခံစားနေရသူများအတွက် လိုအပ်သည့် အောက်စီဂျင်ဘူးများ ရရှိရန် ကူညီပေးနေသည်။
စစ်ကောင်စီက အောက်စီဂျင်ရရှိရန် စောင့်ဆိုင်းနေသူများကို ပစ်ခတ်လူစုခွဲခြင်း၊ အောက်စီဂျင်အိုးများသိမ်းဆည်းသွားခြင်း၊ အောက်စီဂျင်ကို ပုဂ္ဂလိအဖွဲ့အစည်းများထံ မရောင်းတော့ခြင်း စသည့် အချက်များမှာ လူမျိုးသုဉ်းသတ်ဖြတ်သည့်ပုံစံဖြစ်နေရာ နိုင်ငံတကာက အမြန်ဆုံး ဝင်ရောက်ဖြေရှင်းပေးရန် လိုအပ်နေသည်ဟု ဒေါ်မြနန္ဒာသင်းက ပြောသည်။
“လူမျိုးသုဉ်းသတ်ဖြတ်တဲ့ အခြေအနေမျိုးပေါ့၊ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေပေါ့ ဒီလိုပုံစံမျိုး ဖြစ်နေတယ်လို့ ကျွန်မတို့ကတော့ ယူဆပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၂၄,၂၃၆ ဦးတွင် ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့ရှိထားပြီး သေဆုံးသူ နောက်ထပ်၂၃၃ ဦးရှိကြောင်း ဇူလိုင် ၁၇ တွင် စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
သို့သော်လည်း ၎င်းဌာနက ထုတ်ပြန်သည့် အရေအတွက်မှာ မြေပြင်အခြေအနေနှင့် များစွာ ကွာဟနေသည်။
ရန်ကုန်မြို့ သုသာန်လေးခုသို့ နေ့စဉ် ပုံမှန်ပို့ဆောင်ပေးနေသည့် ရုပ်အလောင်းအရေအတွက် ၁၀၀ ကျော် ရှိရာမှ ၆၀၀ ဝန်းကျင်ခန့်အထိ ရောက်နေသည်မှာ တစ်ပတ်ခန့်ရှိနေ၍ မနိုင်မနင်းဖြစ်နေပြီဟု ရန်ကုန်အခြေစိုက် လူမှုကူညီရေးအဖွဲ့သုံးဖွဲ့က Myanmar Now ကို ဇူလိုင် ၁၃ က ပြောသည်။
ထို့ကြောင့် ရက်ချိန်းပေးဆောင်ရွက်နေရသည်ဟု ထိုအဖွဲ့များထံမှ သိရသည်။
နိုင်ငံအနှံ့အပြားရှိ တခြားမြို့ကြီးများတွင်လည်း ကိုဗစ်နိုင်တင်းရောဂါခံစားနေရသူများမှာ အောက်စီဂျင်ပြတ်လပ်မှုကြောင့် နေ့စဉ် သေဆုံးနေရပြီး ကွယ်လွန်သူအရေအတွက်အတိအကျကို မသိရှိရသေးပေ။
NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက နိုင်ငံတကာရှိ တတိယအဖွဲ့အစည်းများအကူအညီဖြင့် ကိုဗစ်နိုင်တင်းကာကွယ်ဆေးထိုးပေးနိုင်ရန် ကြိုးပမ်းနေသည်ဟု Myanmar Now ကို ဇူလိုင် ၁၆ တွင် ပြောသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သည့် ဆရာဝန် ၉၀၀ ခန့်က NUG အစီအစဉ်ဖြင့် ကိုဗစ်လူနာများကို တယ်လီဖုန်းမှတစ်ဆင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီး ဆေးတက္ကသိုလ်များမှ နောက်ဆုံးနှစ်ကျောင်းသား ၂,၀၀၀ ခန့်က ပြည်သူနှင့် အနီးဆုံးနေရာများတွင် ပါဝင်ကုသပေးလျက်ရှိသည်ဟု ၎င်းက ပြောထားသည်။