နှာခေါင်းစည်းတပ်ခြင်းဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ အခြားသော ကျန်းမာရေးအေဂျင်စီများနဲ့ ကျွမ်းကျင်ပညာရှင်များညွှန်ကြားထားတဲ့ SARS-CoV-2 (ပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်-၂)၊ သို့မဟုတ်၊ ကိုရိုနာရောဂါ (COVID-19) ပျံ့နှံ့မှုကို နှေးကွေးစေတဲ့ အဓိကအရေးအပါဆုံး ကာကွယ်ရေးနည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
ဒီရောဂါပိုးကူးစက်တာဟာ ဆေးရုံများ၊ လူအများစုဝေးခြင်းများ၊ ပုဂ္ဂလိကစုဝေးမှုများ၊ ကျောင်းများ၊ ရုံးများ၊ တက္ကသိုလ်များ၊ ကုန်တိုက်များနဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်များမှာ ဖြစ်ပွားတာ များပါတယ်။
တခြား အရေးပါတဲ့ ကာကွယ်ရေးအလေ့အထများကတော့ လူစုလူဝေးရှောင်ရှားခြင်း၊ အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းအထက်ပါဝင်တဲ့ လက်သန့်ဆေး၊ ဆပ်ပြာနဲ့ ရေတို့ကို အသုံးပြုပြီး လက်မကြာခဏဆေးခြင်းတို့ပဲ ဖြစ်ပါတယ်။
ဒီလိုကာကွယ်ရေးဗျူဟာများအကြားမှာတော့ နှာခေါင်းစည်းတပ်ခြင်းဟာ အများပြည်သူအတွက် ကာကွယ်ဆေးအလုံးစုံ မဖြန့်ဝေနိုင်ခင်မှာ ဒီလို လေထဲကတစ်ဆင့်ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်ပိုးမွှားရန်ကနေ ကာကွယ်ဖို့ အဓိကကာကွယ်ရေး အဆင့်တစ်ခုလို့ ယူဆထားကြပါတယ်။
နှာခေါင်းစည်းဟာ COVID-19 ရောဂါရှိသူများရဲ့ အသက်ရှူလမ်းကြောင်းက ထွက်လာတဲ့ လေထုထဲက အမှုန်အမွှားများကို တားဆီးနိုင်ပါတယ်၊ သင့်ပါးစပ်နဲ့ နှာခေါင်းထဲ ဗိုင်းရပ်စ်ပိုးဝင်ရောက်ခြင်းကို တိုက်ရိုက်တားဆီးနိုင်ပါတယ်။နှာခေါင်းစည်းတပ်ထားခြင်းဟာ သက်ကြီးရွယ်အိုများနဲ့ အခြားသော ရောဂါအခံများဖြစ်တဲ့ ဆီးချိုသွေးချိုရောဂါ၊ အဝလွန်ရောဂါ၊ အဆုတ်နဲ့ နှလုံးရောဂါ၊ ကိုယ်ခံအားနည်းခြင်းနဲ့ ကင်ဆာရောဂါများ ရှိနေသူများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ နှာခေါင်းစည်းတပ်ဖို့ အသင့်လျော်ဆုံးနည်းစနစ်ကတော့ သင့်မျက်နှာ နှာခေါင်းအလယ်ရိုးကနေ၍ မေးအောက်အထိ ဖုံးထားဖို့ဖြစ်ပြီး အလွန့်အလွန် ကျပ်မနေဘဲ တစ်နေရာတည်းမှာ ငြိမ်နေစေဖို့ပဲ ဖြစ်ပါတယ်။
နှာခေါင်းစည်းတပ်ခြင်းကြောင့် စကားမပြောနိုင်ဖြစ်ခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်းကြောင့် ခဏခဏကိုင်နေရခြင်း၊ နှာခေါင်းစည်းကို အောက်ဆွဲချမိနေခြင်းတို့ မလုပ်ရပါ။ နှာခေါင်းစည်းကို ကိုင်မိပြီဆိုရင် မိမိမျက်နှာအား တစ်ဖန်ကိုင်တွယ်မိစေတဲ့အတွက် ထိရောက်မှု လျော့နည်းစေနိုင်ပါတယ်။
လူသိများတဲ့ နှာခေါင်းစည်းတွေထဲမှာတော့ N95၊ KN95၊ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းများ၊ အဝတ်စနဲ့ ချုပ်ထားတဲ့ နှာခေါင်းစည်းများပါဝင်ပါတယ်။ COVID-19 ကနေ ကာကွယ်ဖို့အတွက် အနည်းဆုံး နှစ်လွှာ၊ သုံးလွှာပါတဲ့ နှာခေါင်းစည်းများကို အသုံးပြုဖို့ အကြံပေးထားပါတယ်။ တစ်လွှာတည်းသာရှိပြီး ချည်မျှင်ပါဝင်မှုနည်းပါးတဲ့ အဝတ်စနှာခေါင်းစည်းများထက်စာရင် အလွှာများစွာပါပြီး ချည်မျှင်ပါဝင်မှုများတဲ့ ချည်သား အဝတ်နှာခေါင်းစည်းများက ကာကွယ်နိုင်စွမ်း ပိုများပါတယ်။
အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနများ (CDC) က ပြုလုပ်ခဲ့တဲ့ လတ်တလောလေ့လာမှုတစ်ခု (Brooks J.T. et al. 2021) မှာ တွေ့ရှိခဲ့ရတာကတော့ နှာခေါင်းစည်းတစ်ခုတည်းအစား နှစ်ခုတပ်ခြင်း၊ သို့မဟုတ်၊ နှစ်ထပ်တပ်ခြင်းဟာ လေထဲက အမှုန်တွေကို ပိုစစ်ထုတ်နိုင်ပြီးတော့ မျက်နှာအချိုးအစားနဲ့လည်း ပိုကိုက်ညီစေမှာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေပါနေတဲ့ အသက်ရှူလမ်းကြောင်းအမှုန်တွေဟာ ရောဂါပိုးရှိနေတဲ့သူတစ်ယောက် စကားပြော၊ နှာချေ၊ ချောင်းဆိုးတဲ့အခါမှာ လေထဲမှတဆင့် ပြန့်ပွားတာဖြစ်ပါတယ်။

အရေးကြီးတဲ့အချက်ကတော့ နှာခေါင်းစည်းနှစ်ထပ် တပ်တဲ့အခါမှာ အသက်ရှူလမ်းကြောင်းက ထွက်လာတဲ့ SARS-CoV-2 အမှုန်တွေအတွက် သင့်နှာခေါင်းနဲ့ ပါးစပ်ကိုရောက်ဖို့ ဖြတ်သန်းရမယ့်အလွှာဟာ နှစ်လွှာဖြစ်သွားတဲ့အတွက် စစ်ထုတ်နိုင်စွမ်းကို သိသိသာသာ တက်သွားစေပါတယ်။ နှစ်ထပ်တပ်ခြင်းကတော့ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း သို့မဟုတ် ထုံးပြီး ခေါက်ထားတဲ့ နှာခေါင်းစည်းတစ်ထပ်အပေါ်မှာ အဝတ်နှာခေါင်းစည်းတစ်ခု ထပ်တပ်ခြင်းပါပဲ။
ဒီအဝတ်နှာခေါင်းစည်းကတော့ သဘာဝအဝတ်ဖြစ်စေ၊ လူမှ ပြုလုပ်ထားသော အဝတ်ဖြစ်စေ အသုံးပြုနိုင်ပါတယ်။
CDC က ပြုလုပ်ထားတဲ့ အရုပ်များနဲ့ စမ်းသပ်မှုမှာတော့ နှာခေါင်းစည်းနှစ်ထပ်တပ်ခြင်းဟာ စက်ဖြင့် တုပချောင်းဆိုးခြင်းက ထွက်လာတဲ့ လေထုတွင်းအမှုန်တွေရဲ့ ပျမ်းမျှ ၈၅ ရာခိုင်နှုန်းကို တားဆီးနိုင်ခဲ့ပြီး သာမန် ခွဲစိတ်ခန်းသုံးနဲ့ အဝတ် နှာခေါင်းစည်းများကတော့ ၅၆ ရာခိုင်နှုန်းနဲ့ ၅၁ ရာခိုင်နှုန်းသာ အသီးသီး တားနိုင်ကြပါတယ်။ တုပအသက်ရှူမှုစမ်းသပ်ချက်မှာတော့ ရောဂါရှိသူ သို့မဟုတ် ရင်းမြစ်က နှာခေါင်းစည်းနှစ်ထပ် တပ်ထားပြီး စမ်းသပ်ခံက နှာခေါင်းစည်းမတပ်ထားတဲ့အခါ စမ်းသပ်ခံသူအတွက် လေထုတွင်းမှ ကူးစက်နိုင်ခြေဟာ ၈၂ ရာခိုင်နှုန်းထိ လျော့ကျသွားတာကို တွေ့ရပါတယ်။
တစ်ဖက်မှာတော့ စမ်းသပ်ခံက နှာခေါင်းစည်းနှစ်ထပ်တပ်ထားပြီး ရင်းမြစ်က နှာခေါင်းစည်းမတပ်ထားတဲ့အခါ လေထုတွင်းမှ ကူးစက်နိုင်ခြေဟာ ၈၃ ရာခိုင်နှုန်းအထိ လျော့ကျသွားပါတယ်။
ဒါပေမယ့် ရင်းမြစ်ရော၊ လက်ခံသူရောပါ နှာခေါင်းစည်းနှစ်ထပ်တပ်ထားကြတဲ့အခါ လေထုတွင်းမှ ကူးစက်နိုင်ခြေဟာ ၉၆.၄ ရာခိုင်နှုန်းအထိ လျော့ကျသွားတာ တွေ့ရပါတယ်။

နှစ်ထပ်တပ်ခြင်း- စဉ်းစားရမယ့် အချက်များ
နှာခေါင်းစည်းနှစ်ခု တပ်ဆင်ရာမှာ ဘေးကင်းစွာနဲ့ ထိရောက်စွာလုပ်ဖို့ အရေးကြီးတဲ့ အကြံပေးချက်များကို အောက်မှာ ဖော်ပြထားပါတယ်။
မှန်ကန်သော တွဲစပ်မှု
အဝတ်နှာခေါင်းစည်း နှင့် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း
အောက်ပါ တွဲစပ်မှုများကို ရှောင်ကြဉ်ပါ-
- ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း နှစ်ခုတွဲ
- အဝတ်နှာခေါင်းစည်း နှစ်ခုတွဲ
- KN95 နှင့် အခြား မည်သည့်နှာခေါင်းစည်းမဆို
- N95 နှင့် အခြား မည်သည့်နှာခေါင်းစည်းမဆို
နှာခေါင်းစည်းနှစ်ခုလုံးဟာ သင့်နှာခေါင်း၊ ပါးစပ်နဲ့ မေးစေ့တို့ကို သက်သောင့်သက်သာရှိစွာ အုပ်နေရပါမယ်။
နှာခေါင်းစည်းနှစ်ထပ်တပ်ထားစဉ် လွတ်လပ်စွာ စကားပြောလို့ ရရပါမယ်။
ကောင်းမွန်စွာ မြင်နိုင်ခြင်း၊ အသက်ရှူနိုင်ခြင်း ရှိရပါမယ်။
အိမ်အပြင်မှာ အသုံးမပြုမီ သင့်နှာခေါင်းစည်းနှစ်ထပ်ကို အိမ်ထဲမှာ တပ်ပြီး လမ်းအနည်းငယ် လျှောက်ကြည့်ပါ။
အောက်ပါအခြေအနေတွေကြောင့် လူစုလူဝေးရှောင်ရှားဖို့ မဖြစ်နိုင်ပါက နှစ်ထပ်တပ်ပါ-
- အများပြည်သူ ပို့ဆောင်ဆက်သွယ်ရေးစနစ်များအသုံးပြုခြင်း
- ဈေးဝယ်ထွက်ခြင်း
- လူမှုရေးအရ စုဝေးခြင်း
- လုပ်ငန်းခွင်
- ဆရာဝန် သို့မဟုတ် လူနာနှင့် တွေ့ဆုံခြင်း
လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ Delta မျိုးကွဲဖြစ်တဲ့ (B.1.617.2) အပါအဝင် ကူးစက်နှုန်းမြန်တဲ့ COVID-19 မျိုးကွဲများ ကမ္ဘာတစ်ဝန်းမှာ ထွက်ပေါ်လာပါတယ်။ ဒါကြောင့် COVID-19 ဗိုင်းရပ်စ်နဲ့ ၎င်းရဲ့ မျိုးကွဲတွေရန်ကနေ ကာကွယ်ဖို့အတွက် လိုအပ်တဲ့ နည်းလမ်းတွေကို အရင်ကထက်ပိုပြီး အလေးအနက်ထား စဉ်းစားကြရပါမယ်။
ဒါကြောင့် နှာခေါင်းစည်းနှစ်ထပ်ဝတ်ခြင်းဟာ ချောင်းဆိုးခြင်း၊ အသက်ရှူခြင်းက ထွက်လာတဲ့ SARS-CoV-2 အသက်ရှူလမ်းကြောင်းအမှုန်တွေကနေ သင့်ကို ပိုမိုထိရောက်စွာ ကာကွယ်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော ကာကွယ်ရေးအလေ့အထများဖြစ်တဲ့ လက်မကြာခဏဆေးခြင်းနဲ့ လူအချင်းချင်းခွာနေခြင်းတို့ဟာလည်း အခုလို ကူးစက်နှုန်းမြင့်မားတဲ့ ဗိုင်းရပ်စ်မျိုးကွဲတွေရန်ကနေ သင့်ကို ကာကွယ်ပေးရာမှာ တန်းတူအရေးပါကြပါတယ်။
(Daily News မှာ ဖော်ပြထားတဲ့ Double Masking: For Improved Protection Against COVID-19 ဆောင်းပါးကို ဘာသာပြန်ဆိုပါတယ်။ မူရင်းစာရေးသူ Dr. Rohan S.Dassanayake ဟာ နည်းပညာတက္ကသိုလ် Sri Jayewardenepura University ရဲ့ ဇီဝစနစ်နည်းပညာဌာနမှ အကြီးတန်းကထိကတစ်ဦးဖြစ်ပါတယ်)



