ပဲခူးတိုင်း အနောက်ပိုင်း၊ ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ယနေ့ (ဇွန် ၃၀ ရက်) မနက်ပိုင်းက ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားသည်။
အသက် ၄၀ ကျော်အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်လတ်သည် မနက် ၈ နာရီဝန်းကျင်က ပေါင်းတည်မြို့သို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် အဂ္ဂရာပြည့်အုပ်စုနှင့် ပေါက်တောရွာအနီး လမ်းပေါ်၌ အပစ်ခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ဒီနေ့က လကုန်ရက်ဆိုတော့ လစာထုတ်ဖို့သွားတာ။ အဂ္ဂကွင်းနဲ့ ပေါက်တောကြားမှာ သေနတ်နဲ့ ပစ်သွားတာ” ဟု သူက ပြောသည်။
ရုပ်အလောင်းကို မှတ်တိုင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ ၎င်းနှင့်အတူ ဆိုင်ကယ်စီးနင်းလိုက်ပါခဲ့သည့် ဇနီးဖြစ်သူမှာမူ ထိခိုက်ဒဏ်ရာမှုမရှိကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူမှာ စစ်ကောင်စီသတင်းပေးအဖြစ် ရပ်ရွာအတွင်း နာမည်ကြီးသည်ဟု ပေါင်းတည်ဒေသခံတစ်ဦးက ပြောသည်။
“သူက ကြို့ကုန်းအုပ်စုမှာ စစ်ကောင်စီတွေကို ခေါ်ခေါ်ပြီးတော့၊ နယ်မြေအနှံ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အဖွဲ့ဝင်တွေကို သတင်းပေးပြီးတော့၊ တူမီးတွေရှိတယ်ဆိုပြီး (အိမ်တွေပေါ်) တက်တက်ရှာနေတာ။ ….အဲဒီလို သတင်းပေးလို့ ဖမ်းခံရတဲ့သူရှိတယ်” ဟု သူက ဆက်ပြောသည်။
ဒလန်ဟူသော စွပ်စွဲချက်နှင့် ပတ်သက်ပြီး မိသားစုကို မေးမြန်းနိုင်ခြင်း မရှိသေးသလို ပစ်ခတ်မှုနှင့် ပတ်သက်ပြီး နယ်မြေရဲစခန်း၊ စစ်ကောင်စီပြန်ကြားရေးအဖွဲ့တို့ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
ပေါက်တောအခြေစိုက် စစ်ကောင်စီတပ်ရင်းက အင်အားအလုံးအရင်းဖြင့် အခင်းဖြစ်ရာ ကြို့ကုန်းကျေးရွာဘက်သို့ ထွက်ခွာသွားသည်ကို တွေ့ရ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသော်လည်း အသေးစိတ်ကို အတည်မပြုနိုင်သေးပါ။
ပြီးခဲ့သည့် မေလက ပေါင်းတည်မြို့နယ် မင်းကွက် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ်တွင် အသံဗုံးပေါက်ကွဲခဲ့ပြီး၊ ပျဉ်ပုံအုပ်စုကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ် တူမီးသေနတ်ဖြင့် လေးချက်ခန့် ပစ်ခတ်ခံခဲ့ရသေးသည်။
အာဏာသိမ်းမှုအပေါ် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကို စစ်ကောင်စီက ပစ်ခတ်၊ ရိုက်နှက်၊ ဖမ်းဆီးမှုကြောင့် ငါးလအတွင်း ၉၀၀ နီးပါး သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း (AAPP)၏ စာရင်းက ဆိုသည်။
ထိုအခြေအနေတွင် စစ်ကောင်စီ၏ အန္တရာယ်ကို ရင်ဆိုင်ရန် နိုင်ငံအနှံ့ ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပြည်သူတို့က တိုးချဲ့ဖွဲ့စည်းလာနေပြီး ရပ်ရွာအတွင်း သတင်းပေး(ဒလန်)ဟု နာမည်ကျော်သူများ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ နေ့စဉ် လုပ်ကြံသတ်ဖြတ်ခံနေရသည်။