သတင်း

သံတွဲတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရ၊ စစ်သားစုဆောင်းမှုနှင့် ဆက်စပ်ဖွယ်ရှိ

စစ်သားစုဆောင်းရန် ဦးစားပေး ဆောင်ရွက်နေသော အုပ်ချုပ်ရေးမှူးများ ပစ်မှတ်ဖြစ်လာချိန်တွင် ရခိုင်ပြည်နယ်တွင်လည်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး အသတ်ခံလိုက်ရသည်။

စစ်သားစုဆောင်းရေးအလုပ်ကို အရေးတကြီး လုပ်ကိုင်နေကြသော အုပ်ချုပ်ရေးမှူးများ ဒေသတချို့တွင် သတ်ဖြတ်ခံနေရချိန်တွင် ရခိုင်ပြည်နယ်မှ အုပ်ချုပ်ရေးမှူးတစ်ဦးလည်း ယမန်နေ့ (မတ် ၂၁) တွင် အသတ်ခံလိုက်ရသည်။

ထိုသူမှာ သံတွဲမြို့နယ် ရွှေလှော်ကျေးရွာအုပ်စုတွင်ပါဝင်သည့် ဒါဝကျေးရွာရာအိမ်မှူး ဦးဝင်းရွှေ ဖြစ်သည်ဟု ဒေသအခြေစိုက် ရခိုင်သတင်းဌာနများက ရေးသားသည်။

ဒေသခံရွာသူရွာသားများ၏ အမည်စာရင်းများကို စစ်ကောင်စီထံ ကောက်ယူပေးပို့ခဲ့သည့်အတွက် သတ်ဖြတ်ခံရခြင်းဖြစ်နိုင်သည်ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

ဖြစ်စဉ်ဖြစ်ပွားရာ ဒါဝကျေးရွာသည် သံတွဲမြို့နှင့် မဝေးလှသည့် နေရာတွင်ရှိသော်လည်း ချောင်းခြား၊ မြောင်းခြား သွားလာရပြီး၊ သွားလာရေးခက်ခဲသည့် နေရာတစ်ခုဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

ထိုအမှုမှာ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို မသိရသေးသလို စစ်ကောင်စီကလည်း ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း  မရှိသေးပေ။

အရပ်သားများကို စစ်တပ်ထဲ ဆွဲသွင်းနိုင်ရေး စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် စာရင်းကောက်ယူခြင်း၊ မဲနှိုက်ခြင်းများ စတင်ဆောင်ရွက်နေရာ ထိုလုပ်ငန်းစဉ်များတွင် ပါဝင်သူများလည်း လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပေါ်လာနေသည်။

ထိုအခြေအနေတွင် ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းရှိ ကျေးရွာအများအပြားမှ အုပ်ချုပ်ရေးမှူး ၃၀ နီးပါးမှာ စစ်မှုထမ်းမစုဆောင်းနိုင်ဟုဆိုကာ မတ် ၁၈ ရက်နေ့တွင် နုတ်ထွက်ခဲ့ကြသည်။

နုတ်ထွက်သည့်အထဲတွင် အသတ်ခံရသည့် ဒါဝကျေးရွာရာအိမ်မှူး ဦးဝင်းရွှေ ပါဝင်ခြင်းရှိမရှိ မသိရသေးပေ။

ယခုရက်ပိုင်းအတွင်း၌ပင် မန္တလေးနှင့် မကွေးတိုင်းအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး ပစ်သတ်ခံထားရသည်။

မန္တလေးတွင် အသတ်ခံရသူမှာ မိချောင်းတက်ကျေးရွာ ရာအိမ်မှူးဖြစ်သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“မိချောင်းတက်အုပ်စုဘက်က ရာအိမ်မှူးလို့ သိရတယ်။ ပစ်သတ်ခံရတာ ဟုတ်တယ်။ စစ်မှုထမ်းကိစ္စတွေ လုပ်နေလို့ ကြားတယ်။ အသေးစိတ်တော့ မသိဘူး” ဟု သူက ပြောသည်။

တယ်လီဂရမ်လူမှုကွန်ရက်ရှိ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုတွင် မိကျောင်းတက်ရွာမှ အသက် ၄၆ နှစ်အရွယ် ရာအိမ်မှူး ဦးသောင်းထွန်း နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့က သေနတ်ဖြင့် ပစ်သတ်သွားသည်ဟု ဖော်ပြသည်။

စစ်မှုထမ်းဥပဒေအရ အရွယ်ရောက်သူတိုင်း ၅ နှစ်အထိ စစ်မှုထမ်းရမည်ဖြစ်ကာ စစ်မှုထမ်းရန် ငြင်းဆိုပါက ထောင်ဒဏ်ငါးနှစ်အထိ အပြစ်ပေးနိုင်သည်ဟု အာဏာသိမ်းစစ်တပ်က ပြဋ္ဌာန်းလိုက်သည့် ဥပဒေတွင် ပါရှိသည်။

စစ်မှုထမ်းအကျုံးဝင်သူ ၁၄ သန်းရှိကြောင်း၊ သင်္ကြန်အပြီး ဧပြီလတွင် အပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်းဖြင့် စတင်ခေါ်ယူမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button