ဆောင်းပါး

စစ်ကောင်စီယန္တရားကို ပစ်မှတ်ထားမည့် မြို့ပေါ်ပြောက်ကျား

မဲစာရင်းမှားယွင်းမှုအကြောင်းပြချက်ဖြင့် အာဏာသိမ်းထားသည့် စစ်ကောင်စီသည် အုပ်ချုပ်ရေးယန္တရား ကောင်းစွာ မလည်ပတ်နိုင်သေးဘဲ ဖောက်ခွဲမှုများ၊ ပစ်ခတ်မှုများနှင့် နေ့စဉ်ရက်ဆက် ရင်ဆိုင်နေရသည်။

စစ်အာဏာသိမ်းခြင်း ၄ လပြည့်သည့် ယနေ့ (ဇွန် ၁) တွင် မြို့ကြီးမြို့ငယ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒလန်ဟု ယူဆရသူများ ပစ်ခတ်တိုက်ခိုက်ခံကြရသည်။

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က (၃၂) ကျောင်းရှေ့တွင် ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ (ဇွန် ၁) နေ့လယ်ပိုင်းက သေနတ်သမားတစ်ဦး သွားရောက်ပစ်ခတ်ရာ စစ်သားတစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

မန္တလေး People Defence Force (PDF) အဖွဲ့၊ ပြောက်ကျားခေါင်းဆောင် ဗိုလ်နက္ခတ်က ထိုပစ်ခတ်မှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း၊ မန္တလေး မြို့နယ် ၅ ခုတွင်လည်း အသေးစားဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း Myanmar Now ကို ဖုန်းဖြင့် ပြောသည်။

“ကျွန်တော်တို့ PDF အဖွဲ့သားတွေ မန္တလေးမြို့မှာ ပြောက်ကျားစနစ်နဲ့ စတင်လှုပ်ရှားနေပါပြီ။  ပြည်သူတွေအနေနဲ့က လူစုလူဝေးများတဲ့ နေရာမျိုးကို မသွားစေချင်ဘူး။ မီတာရုံးတို့ တရားရုံးတို့ကို မသွားစေချင်ပါဘူး” ဟု ၎င်းက ပြောသည်။

၎င်းတို့အဖွဲ့ဝင်များ မန္တလေးနှင့် ဝန်းကျင်တွင် ခြေရာဖျောက်နေပြီး ပြည်သူမထိခိုက်အောင် အသေးစိတ်စီမံနေကြောင်း၊ စစ်ကောင်စီယန္တရား၏ အဓိကကျသော အစိတ်အပိုင်းများကို ပစ်မှတ်ထားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

 “ပြည်သူလူထုကို ဒုက္ခပေးနေတဲ့ ဒလန်တွေ၊ ပျူစောထီးတွေကို ထိထိရောက်ရောက် ကိုင်တွယ်သွားဖို့ ကျွန်တော်တို့မှာ အစီအစဉ်တွေရှိပါတယ်။ လုပ်လည်း လုပ်ခဲ့ပြီးပါပြီ။ တချို့ဟာတွေကို သိပ်မကြာခင်မှာ ချပြသွားပါမယ်” ဟု ၎င်းက ပြောသည်။

မြို့ပေါ်ပြောက်ကျား

စစ်ကောင်စီဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ဒီမိုကရေစီတောင်းဆိုသူ မြန်မာပြည်အနှံ့အပြားမှ ကျောင်းသားလူငယ်များသည် စစ်ကောင်စီ၏ ရက်ရက်စက်စက် ဖြိုခွင်းပစ်ခတ်မှုများဖြင့် ရင်ဆိုင်ခဲ့ရပြီးနောက်တွင် တန်ပြန်တိုက်ခိုက်နိုင်ရန် ကြိုးပမ်းလာကြသည်။

ဒီမိုကရေစီအရေးတောင်းဆိုသည့် ဆန္ဒပြဆိုင်းဘုတ်များနေရာတွင် သေနတ်နှင့် လက်လုပ်ဗုံးများက နေရာယူလာကြသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့၏ ထိန်းချုပ်နယ်မြေများသို့ ယာယီသွားရောက်သူ အများအပြားပေါ်ပေါက်လာခဲ့သည်။

၎င်းတို့ထဲတွင် တောတွင်းနှင့် မြို့ပေါ်တိုက်ခိုက်ရေး အစီအစဉ်များအတွက် သင်ယူလေ့လာသူတို့ ပါဝင်မည်ဖြစ်ကြောင်း အများက ယူဆကြသည်။

များမကြာမီ စစ်ကောင်စီလက်နက်ကိုင်တပ်များနှင့် အုပ်ချုပ်ရေးယန္တရား အဆင့်ဆင့်တွင် တာဝန်ယူထားသူများ၊ ဒလန်သတင်းပေးဟု ယူဆရသူများကို ပစ်မှတ်ထားတိုက်ခိုက်သည့် လှုပ်ရှားမှုများ နိုင်ငံအနှံ့အပြားတွင် ပေါ်ပေါက်လာခဲ့သည်။ 

မြို့ပေါ်ပြောက်ကျားလှုပ်ရှားမှုများ စတင်နိုင်ရန် လျှို့ဝှက်ဖွဲ့စည်းထားသည့် လူငယ်အဖွဲ့အစည်းတချို့လည်း ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် ပေါ်ပေါက်လာသည်။ 

ရန်ကုန်ရှိ မြို့ပေါ်ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ (ဇွန် ၁) နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သည့် မင်္ဂလာဒုံမြို့နယ်ရှိ ထောက်ပံရေးနှင့် ပို့ဆောင်ရေးတပ်ရင်း အမှတ် (၃၂၃) တပ်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုမှာ ၎င်းတို့အဖွဲ့၏ လက်ချက်ဖြစ်သည်ဟု Myanmar Now ကို အတည်ပြုသည်။

ထောက်ပို့တပ်အတွင်းသို့ ဝင်ရောက်လေ့ရှိသည့် မော်တော်ယာဉ်ကို အချိန်ယူစောင့်ကြည့်ကာ စနစ်တကျ ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ပိုမိုကြီးမားသည့် တိုက်ခိုက်မှုများကို ဖန်တီးသွားမည်ဟု ၎င်းက ပြောသည်။ 

“ခရေပင်လမ်းခွဲနားက ထောက်ပံ့ပို့ဆောင်ရေးတပ်က ကားကို ကျွန်တော်တို့ ဖောက်ခွဲခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့ ကျောင်းကြိုပို့ကားတွင် လက်နက်အပြည့်အစုံဖြင့် စစ်သားတစ်ဦး လိုက်ပါလာသည်ကို ဇွန် ၁ ၌ တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-EPA) 

ယနေ့နံနက်ပိုင်းက ရန်ကုန် လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် စစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင် ပျူစောထီးခေါင်းဆောင်ဟု ယူဆသူ ဦးစိုင်းလင်းဇော် ပစ်သတ်ခံရသည်။ နာမည်ကျော် အင်းစိန်အကျဉ်းထောင်အနီးတွင်လည်း ဖောက်ခွဲမှုများဖြစ်ပွားခဲ့ပြီး မရမ်းကုန်းမြို့နယ် ၃ ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း ပစ်ခတ်ခံခဲ့ရသည်။ 

ထိုဖောက်ခွဲမှု ပစ်ခတ်မှုများမှာ ၎င်းတို့နှင့် ချိတ်ဆက်သည့် မြို့ပေါ်ပြောက်ကျားအဖွဲ့များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ လှုပ်ရှားမှုများကို ပြည်သူလူထုထံ အသိပေးနိုင်ရန် ပြင်ဆင်နေသည်ဟု မြို့ပေါ်ပြောက်ကျားအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပြည်သူကို မထိခိုက်ရေး

စစ်ကောင်စီ၏ ယန္တရားများကို ပစ်မှတ်ထားတိုက်ခိုက်နေသော်လည်း ပြည်သူကို မထိခိုက်စေရန် အထူးသတိထားဆောင်ရွက်နေသည်ဟု Myanmar Now က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သည့် မြို့ပေါ်ပြောက်ကျားအဖွဲ့ဝင်များက တညီတညွတ်တည်းပြောသည်။

မြို့ပေါ်ပြောက်ကျားလှုပ်ရှားမှုများကို တန်ပြန်သည့်အနေဖြင့် စစ်ကောင်စီက ပြည်သူလူထုအများအပြားရှိသည့် နေရာများတွင် တန်ပြန်ဖောက်ခွဲလာမည်ကို စိုးရိမ်ကြောင်း ၎င်းတို့က ပြောသည်။

၎င်းတို့က ပြည်သူကို ကာကွယ်နိုင်ရန် ပေါ်ပေါက်လာခြင်းဖြစ်၍ ပြည်သူထိခိုက်စေမည့် နေရာများကို ပစ်မှတ်အဖြစ် ရွေးချယ်မည်မဟုတ်ဟု မန္တလေး PDF ပြောက်ကျားခေါင်းဆောင် ဗိုလ်နက္ခတ်က ပြောသည်။

“အဓိကကတော့ ပြည်သူလူထု အဓိကရှိတဲ့နေရာမျိုးတွေမှာ ကျွန်တော်တို့ မလုပ်ဘူးဆိုတာကို ကျွန်တော်တို့ ကတိပေးတယ်” ဟု ၎င်းက ပြောသည်။

“အဲ့ဒီလိုမျိုးလုပ်လာပြီဆိုရင်လည်း ဒါဟာ ကျွန်တော်တို့လက်ချက်မဟုတ်ဘူးပေါ့။ စစ်ကောင်စီက တန်ပြန်ပြီးတော့ ပြည်သူလူထုကို ထင်ယောင်၊ ထင်မှားဖြစ်အောင်လုပ်တဲ့ ကိစ္စတွေလို့ပဲ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက လမ်းပေါ်ထွက်ဆန္ဒပြမှုများ လျော့နည်းလာပြီးနောက် အကြမ်းဖက်သမားများသည် ပြည်သူလုထုနှင့် သက်ဆိုင်သည့် နေရာများ၊ အုပ်ချုပ်ရေးယန္တရားများကို မီးရှို့၊ ဖောက်ခွဲခြင်းများပြုလုပ်ပြီး ပြည်သူလူထုအတွင်း စိုးရိမ်စိတ်များပေါ်ပေါက်အောင် လုပ်ဆောင်နေသည်ဟု မေ ၁၅ က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောသည်။ 

ဧပြီ နှင့် မေလများတွင် မြို့နယ်ပညာရေးမှူးရုံးနှင့် စာသင်ကျောင်းများကို လက်လုပ်မိုင်း၊ မီးပုလင်းများနှင့် တိုက်ခိုက်မှုပေါင်း ၅၇ ကြိမ်ထိ ရှိခဲ့သည်ဟု ၎င်းက ပြောသည်။ 

စစ်ကောင်စီဘက်က တန်ပြန်ဖောက်ခွဲရေးလုပ်ငန်းများ ပြုလုပ်လာနိုင်ခြေရှိသဖြင့်  ပြည်သူလူထုအနေဖြင့် လူထူထပ်သည့်နေရာများသို့ မသွားရောက်ရန် ရန်ကုန်မြို့ပေါ်ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“အရပ်သားတွေရှိတဲ့နေရာမျိုးကို လာပြီးတော့ ဗုံးခွဲတိုက်ခိုက်တာတို့ ပစ်တာခတ်တာတို့ဆိုရင်တော့ မြို့ပေါ်ပြောက်ကျားလုပ်နေတဲ့ လူငယ်တွေမဟုတ်ပါဘူး။ စစ်ကောင်စီက ကျောထောက်နောက်ခံပြုထားတဲ့ ပျူစောထီးလိုအဖွဲ့တွေပဲ ဖြစ်မယ်” ဟု ၎င်းက ပြောလိုက်သည်။

Show More

Related Articles

Back to top button