သတင်း

သင်္ဃန်းကျွန်းမှ ဒလန်ဟုသတင်းကြီးသူ ဈေးအတွင်း ပစ်သတ်ခံရ

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ င/က ရပ်ကွက်တွင် စစ်တပ်သတင်းပေးဟု နာမည်ထွက်သူ အမျိုးသားတစ်ဦး ယနေ့(ဇွန် ၂၉) နံနက်တွင် သေနတ်ဖြင့် ပစ်သတ်ခံရသည်။ 

အသက် ၃၈ နှစ်ဝန်းကျင် ကိုစိန်လှိုင်ဝင်း (ခေါ်) ကျားကြီးသည် ယနေ့ နံနက် ၇ နာရီ ၄၀ ခန့်က သင်္ဃန်းကျွန်းမြို့နယ် ဂဖူးကွေ့စျေး၌ ဇနီးဖြစ်သူနှင့်အတူ ဈေးရောင်းနေစဉ် အပစ်ခံရသည်ဟု မျက်မြင်တွေ့ရှိရသူတစ်ဦးက Myanmar Now ကို ပြောသည်။

“ခေါင်းကို အပစ်ခံရတာ၊ တစ်ချက်တည်းပဲ။ သွေးအိုင်ထဲမှာ စျေးရောင်းနေတဲ့ဗန်းတွေရော၊ ဘာတွေရော လဲနေတာ တွေ့တယ်။ တစ်ယောက်က စျေးဝယ်ဟန်ဆောင်နေတယ်။ တစ်ယောက်ကတော့ နောက်ကနေပစ်ပြီးတော့ လမ်းကြားထဲကို ဝင်ပြေးသွားတယ်” ဟု ၎င်းမျက်မြင်တွေ့သူက ဆိုသည်။ 

ရပ်ကွက်အတွင်း ဒလန် (သတင်းပေး) အဖြစ် သိထားကြသည့် ကိုစိန်လှိုင်ဝင်းသည် စစ်တပ်ထောက်ခံသည့်အဖွဲ့ ပျူစောထီးနှင့် ဆက်စပ်နေသည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။

“ဆန္ဒပြတဲ့ကလေးတွေကို သတင်းပေးတာတွေ၊ ဘာတွေ ရှိတယ်။ သူ့ကို တော်တော်များများက ဒလန်လို့ ပြောကြတယ်။ ပျူစောထီးနဲ့ ပတ်သက်တယ်လို့လည်း ပြောကြတယ်။ ငါးထောင်စားတွေကို လူစုပေးတာလည်း ပါတယ်။ တပ်ထောက်ခံပွဲတွေအတွက် လူတွေခေါ်ပေးတယ်။ လူတွေလိုက်စုပေးတယ်” ဟု မျက်မြင်သက်သေလည်းဖြစ်၊ ထိုရပ်ကွက်တွင် နေထိုင်သူလည်းဖြစ်သည့် ထိုသူက ဆက်ပြောသည်။  

ထို့အပြင် သေဆုံးသူသည် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကိုယ်စားလှယ်များနှင့် ရင်းနှီးသူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲကာလတွင် လိုက်လံကူညီခဲ့သည်ဟု သိရသည်။

ကိုစိန်လှိုင်ဝင်း ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားများက စျေးကို ပိတ်ဆို့လိုက်သည်။

“ပထမဆုံး ရဲတွေ အရင်ရောက်လာတယ်။ ပြီးတော့ စစ်တပ်ရောက်လာပြီး လမ်းတွေဘာတွေပိတ်ထားတယ်။ စျေးကို ပိတ်လိုက်တယ်။ စျေးရောင်းနေတဲ့သူတွေကို ဆိုင်တွေသိမ်းခိုင်းတာရှိတယ်။ အဲ့နားက အိမ်တွေကို မေးမြန်းတာတွေရှိတယ်။ အဲဒီနား (အခင်းဖြစ်ရာအနီး)က အိမ်တွေထဲကို ဝင်ရှာတာတွေရှိတယ်” ဟု ယင်းနေရာတွင် ရောက်ရှိခဲ့သူ ဒေသခံက ဆက်ပြောပြသည်။ 

လက်ရှိတွင် ညနေပိုင်း၌ စျေးကို ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း တချို့ဆိုင်များမှာ ပိတ်ထားခဲ့ပြီး လူအသွားအလာ နည်းလျက်ရှိသည်ဟု ရပ်ကွက်နေသူများက ဆိုသည်။

ဇွန် ၁၈ ကလည်း သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ ငမိုးရိပ် ၅ လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပေါက်ကွဲမှုဖြစ်ပြီး စစ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ရန်ကုန်မြို့တွင် ယနေ့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် တောင်ဒဂုံမြို့နယ်တွင် အုပ်ချုပ်ရေးမှူးရုံးစာရေးမ ပစ်သတ်ခံရ၍ တာမွေမြို့နယ်၊ မေတ္တာညွန့်တွင် ရဲတစ်ဦး ပစ်ခတ်ခံထားရသောကြောင့် စစ်ကောင်စီတပ် အင်အားအများအပြားချကာ ပိတ်ဆို့စစ်ဆေးခြင်း၊ လူနေရပ်ကွက်များအတွင်း လိုက်လံပစ်ခတ်ခြင်းများ ပြုလုပ်နေသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက သတင်းပေးဒလန်များ၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ဆက်စပ်သူများ၊ စစ်တပ်၏ အကြမ်းဖက်မှုကို အားပေးသည့် ပြည်ခိုင်ဖြိုးပါတီဝင်များအား လိုက်လံရှင်းလင်းနေသည်။

စစ်ကောင်စီကမူ အကြမ်းဖက်သမားများက ပြည်သူများကို သတ်ဖြတ်နေသည်ဟု ဆိုသည်။ 

Show More

Related Articles

Back to top button