သတင်း

ပြည်ခိုင်ဖြိုး၏ သဲကုန်းမြို့နယ်အမတ်ဟောင်း ပစ်သတ်ခံရ

ယနေ့ (အောက်တိုဘာ ၁၂) နံနက် ၆ နာရီခွဲခန့်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးစိုးအောင် သဲကုန်းမြို့လယ်ကောင်စျေးအနီးတွင် ပစ်သတ်ခံခဲ့ရသည်။

ထိုလုပ်ကြံသတ်ဖြတ်မှုက ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၃၊ တပ်စု ၃ (Wisdom အဖွဲ့) က တယ်လီဂရမ်မှတစ်ဆင့် ကြေညာခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ အမတ်ဟောင်းသည် ပျူစောထီးဟု ခေါ်သည့် ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်ကြောင်းလည်း Wisdom အဖွဲ့က ထုတ်ပြန်ချက်တွင် ထည့်သွင်းစွပ်စွဲထားသည်။ ဦးစိုးအောင်သည် စစ်ကောင်စီအတွက် ပျူစောထီးတပ်များ ဖွဲ့စည်းပေးခြင်း၊ စစ်သင်တန်းပေးရန် လူသစ်စုဆောင်းပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သည်ဟုလည်း Wisdom အဖွဲ့က ဆိုသည်။

စစ်ကောင်စီက သဲကုန်းမြို့နှင့် အနီးတစ်ဝိုက်ရှိ ပြည်နှင့် တောင်ငူမြို့နယ်တို့တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ပျူစောထီးတပ်များ အကြီးအကျယ်ဖွဲ့စည်းခဲ့သည်။

ထိုစွပ်စွဲချက်အတွက် Myanmar Now က သီးခြားအတည်ပြုချက်နှင့် ဦးစိုးအောင်၏ မိသားစုဝင်များ၊ အဖွဲ့အစည်းများထံမှ တုံ့ပြန်ချက်များရရှိရန် ဆက်သွယ်နေဆဲဖြစ်သည်။

၂၀၂၃ စက်တင်ဘာ ၁၉ ရက်နေ့က စစ်ကောင်စီထံမှ လက်နက်များ လက်ခံနေသည့် တောင်ငူနှင့် ပြည်မှ ပျူစောထီးများ (ဓာတ်ပုံ – မြန်မာ့အလင်း)

“သေနတ်နဲ့ ၃ ချက် ပစ်ခတ်ရှင်းလင်းလိုက်ရာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပါတယ်။ ဗိုက်၂ ချက်၊ ခေါင်း ၁ ချက် ထိပါတယ်” ဟု Wisdom အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

စစ်ကောင်စီက ကျောထောက်နောက်ခံပေးထားသည့် NP အွန်လိုင်းစာမျက်နှာကမူ ဦးစိုးအောင်သည် လည်ပင်းတွင် ကျည်ဖောက်ထွက်ဒဏ်ရာ အပြင်းအထန်ရခဲ့ပြီး ဆေးရုံအရောက်တွင် အသက်ဆုံးခဲ့ရသည်ဟု ရေးသားသည်။

ဦးစိုးအောင်သည် ပါတီ၏ သဲကုန်းမြို့နယ် ဥက္ကဋ္ဌဟောင်းလည်းဖြစ်ပြီး သေဆုံးချိန်တွင် ပါတီဝင်အဖြစ် ဆက်ရှိနေခြင်း ရှိမရှိကိုလည်း အတည်မပြုနိုင်ခဲ့ပါ။

ဒေသခံများ၏အဆိုအရ ဦးစိုးအောင်သည် သဲကုန်းမြို့နယ်စျေးကြီးနားတွင် စတိုးဆိုင်ကြီးတစ်ဆိုင် ဖွင့်လှစ်ထားပြီး ငွေကြေးချမ်းသာသူဖြစ်ကြောင်း၊ အရွယ်ရောက်ပြီး သားနှစ်ယောက်လည်းရှိကြောင်း သိရသည်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပြီး အာဏာသိမ်းရန် စစ်တပ်ကို အားပေးခဲ့သည့် ပြည်ခိုင်ဖြိုးပါတီသည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို လက်နက်စွဲကိုင်တော်လှန်သူများ၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်။

အာဏာသိမ်းပြီးချိန်ကတည်းက ပြည်ခိုင်ဖြိုးပါတီဝင်နှင့် ဝန်းရံသူ ၂၅၀၀ ထက်မနည်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်ဟု ပါတီကို ကိုးကားပြီး စစ်ကောင်စီက ကျောထောက်နောက်ခံပေးထားသည့် Myanmar National Post အွန်လိုင်းစာမျက်နှာက မေလအတွင်းက ရေးသားသည်။

ယခုနှစ် ဇွန် ၂၆ ရက်နေ့က သဲကုန်းမြို့နယ်တွင် သဲကုန်း PDF က တိုက်ခိုက်ခဲ့၍ စစ်တပ်သတင်းပေး၊ အငြိမ်းစားရဲအုပ်တစ်ဦး သေဆုံးခဲ့ပြီး ရဲတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဧပြီ ၁၉ ရက်ကလည်း သဲကုန်းမြို့နယ်တွင် နယ်ထိန်းရဲတပ်သား ဇေယျာအောင် ပစ်ခတ်ခံရသည်။ အရှင်ဖမ်းဆီးသော်လည်း ခုခံသဖြင့် ပစ်ခတ်ခဲ့သည်ဟု PDF က သတင်းထုတ်ပြန်ဖူးသည်။

ယမန်နှစ် နှစ်ကုန်ပိုင်းမှစတင်၍ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ PDF နှင့် ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များက ပဲခူးတိုင်းအရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတွင် လှုပ်ရှားမှု သိသိသာသာ များလာပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲများလည်း ပြင်းထန်လျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button