သတင်း

နေပြည်တော်အပြင်ဘက်တွင် ပျူစောထီးတပ်များ ထပ်ဖွဲ့

နေပြည်တော်နှင့် မိုင်အနည်းငယ်သာ ကွာဝေးသည့် ပဲခူးတိုင်းအတွင်း PDF များ အားကောင်းလာပြီးနောက် စစ်ကောင်စီက တောင်ငူနှင့် ပြည်တို့တွင် ပျူစောထီးတပ်များကို စတင်ဖွဲ့စည်းလိုက်ပြီး လက်နက်များ တပ်ဆင်ပေးလိုက်သည်။

ထိုဒေသများမှ စစ်တပ်အခေါ် ပြည်သူ့စစ်၊ ဒေသအခေါ် ပျူစောထီးတို့ကို လက်နက်တပ်ပေးသည့် ပွဲကို စက်တင်ဘာ ၁၉ နှင့် ၂၀ တို့တွင် ပြုလုပ်ရာ အာဏာသိမ်းပြီးနောက် နေရာရလာသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ် တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီက ယနေ့ထုတ် သတင်းစာများတွင် ရေးသားသည်။

စစ်ခေါင်းဆောင်များ ရုံးချုပ်ရှိရာ နေပြည်တော်သည် ကားလမ်းခရီးအားဖြင့် တောင်ငူမြို့နှင့် ၁ နာရီခွဲခန့်၊ ပြည်မြို့နှင့် ၅ နာရီခွဲခန့်သာ ကွာဝေးသည်။

ပဲခူးတိုင်း၊ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ဝင်များ။ ဓာတ်ပုံ – တောင်ငူ PDF

ယင်းဒေသများသို့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ (KNU) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ စိမ့်ဝင်ပြီး ယခုနှစ်အတွင်း ပြင်းထန်သည့် တိုက်ခိုက်မှုများ ခပ်စိပ်စိပ် ပေါ်ပေါက်လာချိန်တွင် စစ်ကောင်စီတပ်က ပျူစောထီးတပ်များကို လက်နက်တပ်ဆင်ပေးလိုက်ခြင်းဖြစ်သည်။

ထွက်ပေါ်လာသည့် မှတ်တမ်းဓာတ်ပုံများအရ မောင်းပြန်ရိုင်ဖယ်များ၊ စစ်တပ်အသုံးပြုပြီးသား လက်နက်ဟောင်းများ ရသွားသည့် ပျူစောထီးအရေအတွက် ၂၀၀ ခန့်ရှိသည်ကို တွေ့ရသည်။ ထိုသူများကို လက်နက်များအပြင် ယူနီဖောင်းနှင့် စားသောက်ဖွယ်ရာများပါ ထောက်ပံ့ထားသည်ဟု စစ်ကောင်စီသတင်းစာက ရေးသားသည်။

ရိက္ခာများထောက်ပံ့ပေးမည့် အစီအစဉ်ကို စစ်ကောင်စီခန့် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူထားသည်ဟု သိရသည်။

နိုင်ငံအနှံ့ ခုခံတိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသဖြင့် တပ်ဖွဲ့ဝင်အင်အား အရေးပေါ်လိုလာသည့် စစ်ကောင်စီက ၎င်းတို့ကို သစ္စာခံသည့် ပျူစောထီးများကို တစ်လလျှင် လစာ တစ်သိန်းနှစ်သောင်းနှင့် စားနပ်ရိက္ခာများ ထောက်ပံ့လေ့ရှိသည်။

တောင်ငူနှင့် ပြည်တို့မှ ပျူစောထီးတပ်ဖွဲ့ဝင်များသည်လည်း အလားတူအထောက်အပံ့များ ရမည်ဟု Myanmar Now က နားလည်သည်။

စစ်ကောင်စီထံမှ လက်နက်များ လက်ခံနေသည့် တောင်ငူနှင့် ပြည်မှ ပျူစောထီးများ (ဓာတ်ပုံ – မြန်မာ့အလင်း)

ပျူစောထီးတပ်သစ်များကို စစ်ကောင်စီဖွဲ့စည်းခြင်းက ထိုဒေသများတွင် တပ်တွင်းအခြေအနေ ယိုယွင်းနေသည်ကို ပြသခြင်းဖြစ်ကြောင်း NUG ၏ ပဲခူး PDF ပြန်ကြားရေးတာဝန်ခံ ကိုဝေယံက ဆိုသည်။

“ကျွန်တော်တို့ဘက်ကတော့ စစ်ရေးနဲ့ ပတ်သက်ပြီး ဘာမှ စိုးရိမ်စရာမရှိဘူး။ သူတို့က သူတို့ထောက်ခံသူတွေဖြစ်ဖြစ် ငွေကြေးနဲ့ စည်းရုံးပြီးဖြစ်ဖြစ် တပ်အင်အားဖြည့်တင်းတယ်” ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယခုလ ဒုတိယပတ်အတွင်း ပဲခူးတိုင်း ရေတာရှည်၊ ကြို့ပင်ကောက်၊ မင်းလှ၊ တောင်ငူမြို့နယ်တို့တွင် အခြေစိုက်သည့် စစ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က စစ်ကြောင်းမှူး အပါအဝင် အများအပြား သေဆုံးခဲ့သည်ဟု ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့က သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း ရန်ကုန်တိုင်း အမှတ် (၁) စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ်ဖွဲ့မှ ဗိုလ်မှူးသန်းထွဋ်နှင့် အဖွဲ့ကို PDF များက တောင်ငူခရိုင်အတွင်းရှိ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးအနီးတွင် လုပ်ကြံသတ်ဖြတ်မှုသည် စစ်ကောင်စီတပ်အတွက် ကြီးမားသည့် စစ်ရေးခြိမ်းခြောက်မှုဖြစ်ခဲ့သည်။

၂၀၂၃ စက်တင်ဘာ ၇ မှ ၁၁ ရက်အတွင်း တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့သည့် နေပြည်တော်အနီး ပဲခူးတိုင်းအတွင်းရှိ စစ်ကောင်စီစခန်းများ။

ပျူစောထီးများ၏ အဓိကတာဝန်မှာ နယ်မြေတွင်း PDF လှုပ်ရှားမှုသတင်းများ စုဆောင်းခြင်းနှင့် စစ်ကောင်စီတပ်၏ နယ်မြေထိန်းချုပ်ရေးများတွင် အကူအင်အားအဖြစ် ပါဝင်ရခြင်းတို့ဖြစ်ကြောင်း စစ်တပ်ကို စွန့်ခွာပြီး ဘက်ပြောင်းလာသည့် ဒုဗိုလ်မင်းရန်အောင်က ပြောသည်။

“(ပျူစောထီးတွေက) … သူများပစ္စည်းတွေ ယူတယ်၊ ဆိုင်တွေ လိုက်ဖောက်တယ်၊ စစ်သားတွေနဲ့ တွဲပြီး အိမ်တွေ လိုက်ဖောက်တယ်၊ စစ်သားတွေလည်း လုပ်တာပဲ၊ ထင်ရာလုပ်တယ်” ဟု စစ်တက္ကသိုလ်အပတ်စဉ် (၅၁) ကျောင်းဆင်း အဆိုပါ ဒုဗိုလ်က ပြောသည်။

သူသည် မြန်မာနိုင်ငံအလယ်ပိုင်း ကန့်ဘလူမြို့နယ်အတွင်း ပျူစောထီးများနှင့်အတူ သုံးလခန့် တာဝန်ထမ်းဆောင်ပြီးနောက် ပြီးခဲ့သည့် ဇွန်လက ဘက်ပြောင်းလာသူဖြစ်သည်။

အာဏာသိမ်းစစ်‌ခေါင်းဆောင်ကိုယ်တိုင် ၂၀၂၂ နှစ်လယ်ပိုင်းက နိုင်ငံအနှံ့တွင် ရဲ၊ စစ်မှုထမ်းဟောင်း၊ ပြည်သူ့စစ်၊ မီးသတ်၊ ကြက်ခြေနီတို့ ပါဝင်သည့် ပြည်သူ့လုံခြုံရေးအဖွဲ့များအဖြစ် ဖွဲ့စည်းရန် ညွှန်ကြားခဲ့ဖူးသည်။

ပြည်သူ့စစ် ခေါ် ပျူစောထီးတို့ ရနိုင်သည့် အခွင့်အရေးများထဲတွင် စစ်တပ်၏ စစ်ဆင်ရေးများတွင် အထမ်းသမား၊ လူသားဒိုင်းကာအဖြစ် အသုံးချခံရမှုမှ ကင်းလွတ်ခွင့်လည်း ပါဝင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button