သတင်း

နေပြည်တော်နှင့် အနီးဆုံး ပဲခူးတိုင်းတွင် နေ့စဉ်ရက်ဆက်တိုက်ပွဲဖြစ်နေ

နိုင်ငံတစ်ဝန်းတွင် အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်မှုများ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေရာ အာဏာသိမ်းဗိုလ်ချုပ်ကြီးများ အခြေစိုက်ရာ နေပြည်တော်နှင့် အနီးဆုံးဒေသဖြစ်သော ပဲခူးတိုင်း၌ ယခုရက်ပိုင်းအတွင်း ငါးကြိမ်ထက်မနည်း တိုက်ပွဲဖြစ်သည်ဟု သိရသည်။

ပဲခူးတိုင်း ရေတာရှည်၊ ကြို့ပင်ကောက်၊ မင်းလှ၊ တောင်ငူမြို့နယ်တို့တွင် အခြေစိုက်သည့် စစ်စခန်းများကို စက်တင်ဘာ ၇ မှ ၁၁ ရက်အတွင်း တိုက်ခိုက်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ယင်း၏ လက်အောက်ခံ ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့က သတင်းထုတ်ပြန်ထားသည်။

စက်တင်ဘာ ၇ ရက်နေ့တွင် ရေတာရှည်မြို့မြောက်ဘက် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ရွှေသောင်ရွာအနီးတစ်ဝိုက်တွင် စစ်ရေးလှုပ်ရှားနေသည့် စစ်တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူးအပါအဝင် ၂၅ ဦးဝန်းကျင် သေဆုံးသည်ဟု NUG က စက်တင်ဘာ ၁၀ တွင် ထုတ်ပြန်သည်။

နောက်နှစ်ရက်အကြာ (စက်တင်ဘာ ၉) တွင် နေပြည်တော်နှင့် မိုင် ၄၀ နီးပါးသာ ဝေးသည့် ရန်ကုန်- မန္တလေးအမြန်လမ်းအနီး တောင်ငူမြို့နယ် ဆိတ်ဖူးတောင်ရှိ စစ်စခန်းကို ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးထက်မနည်း သေမည်ဟု NUG တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ဦးတင်ဦးက ဆိုသည်။

“ရန်သူဘက်က သေဆုံးမှုနှင့် ပတ်သက်ပြီး ရာထူးအဆင့်တွေကို ဆက်လက်ပြီး အတည်ပြုနိုင်ဖို့ လုပ်နေပါတယ်။ ရန်သူဘက်က လေကြောင်းပစ်ကူတွေဘာတွေ မလာခဲ့ပါဘူး။ မြေပြင်တပ်ကူတွေ မလာခင် ကျွန်တော်တို့အဖွဲ့တွေ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ် ”။

တိုက်ပွဲဖြစ်ပွားရာ ဆိတ်ဖူးတောင်ရွာနှင့် ရန်ကုန်- နေပြည်တော် အမြန်လမ်းကြားတွင် တောင်ငူမြို့ တည်ရှိပြီး ထိုနေရာသည် တောင်ငူလေတပ်စခန်းနှင့် ၅ မိုင်ခန့်သာ ကွာဝေးသည်။

တိုက်ပွဲသည် မိနစ် ၃၀ ခန့်သာ ကြာမြင့်ခဲ့ပြီး အင်အား ၂၀ ခန့် တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို သိမ်းနိုင်ရန် စီစဉ်ထားသော်လည်း ခဲယမ်း၊ ကျည် မလုံလောက်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဒုစစ်ဒေသခွဲမှူးက ဆက်ပြောသည်။

အဆိုပါ စီးနင်းတိုက်ခိုက်မှုကို ပဲခူးရိုးမအတွင်း အခြေစိုက်သော NUG ၏ တောင်ငူခရိုင် တပ်ရင်း ၃၅၀၁ ၊ အနောက်ရိုးမမှ ထုတ်နုတ်အင်အား ၁၆ ဦးနှင့် နယ်မြေခံ ကျေးရွာကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်သည်ဟု သိရသည်။

ထိုနေ့၌ပင် ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် မင်းလှမြို့နယ်အတွင်းရှိ ပဲခူးရိုးမဖြတ်ကျော်လမ်း ခါချဉ်တောင် စစ်ကောင်စီစခန်းကို လက်နက်ကြီးလက်နက်ငယ်များဖြင့် ပဲခူးတိုင်း PDF က ပစ်ခတ်ခဲ့ပြန်သည်။

ပဲခူးတိုင်းရှိ စစ်ကောင်စီစခန်းများကို တော်လှန်ရေးအင်အားစုများက စက်တင်ဘာ ၇ မှ ၁၁ ရက်အတွင်း တိုက်ခိုက်ခဲ့သည်။

ထို့အတူ စက်တင်ဘာ ၁၀ ရက်တွင် ပဲခူးအနောက်ခြမ်း ကြို့ပင်ကောက်မြို့နယ် ကုန်းရွာနှင့် ညောင်ပင်အိုင်ရွာအကြား၊ စက်တင်ဘာ ၁၁ ရက်တွင် ရေတာရှည်မြို့ အရှေ့ဘက်ခြမ်း နဂျပ်ရွာအနီးတွင် စစ်ရေးလှုပ်ရှားနေသည့် စစ်တပ်ကို တိုက်ခိုက်ခဲ့သည်ဟု ပဲခူးတိုင်း PDF ပြန်ကြားရေးတာဝန်ခံ ကိုဝေယံက ပြောသည်။

ပဲခူးအရှေ့ခြမ်းမှ ဒေသခံအမျိုးသားတစ်ဦးက “(နဂျပ်) ရွာထဲကို စစ်တပ်က စစ်ကြောင်းဝင်လာတော့ တိုက်ပွဲဖြစ်တာပဲ။ အဲ့ဒီစစ်ကြောင်းကို PDF တွေက ဝိုင်းထားတော့ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ပြီးတော့ လေယာဉ်နဲ့ လာပြီးပစ်တယ်” ဟု ပြောသည်။

ထို့အတူ စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးများသည် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အထက်ပါ အမျိုးသားက ဆိုသည်။

ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ကျေးရွာများဖြစ်သည့် ရေတာရှည်လေး၊ ပိတောက်ကုန်း၊ ကျွန်းကုန်း၊ နဂျပ်အထက်ရွာ၊ အောက်ရွာ၊ သစ်ချဆိပ်၊ ငါးပတ်အင်း၊ စည်ပိုင်း၊ ရှမ်းစု စသည့် ကျေးရွာများတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်ဟုလည်း သိရသည်။

ယင်းအပြင် တောင်ငူ၊ ရေတာရှည်၊ ပဲနွယ်ကုန်း၊ ညောင်လေးပင်၊ ရွှေကျင် စသည့် မြို့နယ်များတွင်လည်း စစ်ကောင်စီတပ်နှင့် PDF များအကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေကြောင်း ပဲခူးတိုင်း PDF ပြန်ကြားရေးတာဝန်ရှိသူ ကိုဝေယံက ဆိုသည်။

တော်လှန်ရေးအင်အားစုများက နေပြည်တော်နှင့် လက်တစ်ကမ်း ပဲခူးတိုင်း အရှေ့ခြမ်းဒေသများဖြစ်သည့် တောင်ငူ၊ ရေတာရှည်၊ ညောင်လေးပင်၊ ရွှေကျင် စသည့် စစ်တောင်းမြစ်ဝှမ်းဒေသများကို ခြေကုပ်ယူနိုင်ရန် ကြိုးစားနေသည်။

ထိုဒေသကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီကလည်း မြေပြင်စစ်ကြောင်းများစေလွှတ်ကာ စစ်ရေးလှုပ်ရှားနေသည်။ အထူးသဖြင့် ရေတာရှည် အရှေ့ခြမ်းကျေးရွာများတွင် တော်လှန်ရေးအဖွဲ့များ တပ်စွဲထားသည်ဟု စစ်ကောင်စီက ယူဆကာ လက်နက်ကြီးများဖြင့်ပါ နေ့စဉ်ပစ်ခတ်နေသည်ဟု သိရသည်။

ပဲခူးတိုင်း PDF ပြန်ကြားရေးတာဝန်ခံ ကိုဝေယံက “အချို့နေရာတွေမှာ စစ်တပ်က မြေပြင်စစ်ကြောင်း ဝင်တယ်။ အချို့နေရာတွေမှာ သူတို့ရဲ့ အထိုင်တပ်စခန်းတွေကို ကာကွယ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အင်အားတွေ ပြန်စုပြီးတော့ ရွာတွေထဲကို လက်နက်ကြီးပစ်တာ ရှိတယ်။ တချို့မြို့နယ်တွေမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တာရှိပါတယ်” ဟု ဆိုသည်။

အထက်ပါတိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသည့် အရေအတွက်၊ အသေးစိတ်အခြေအနေကို အတည်မပြုနိုင်သေးပေ။ စစ်ကောင်စီကလည်း နှုတ်ဆိတ်နေသည်။

အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်အထိ နိုင်ငံအနှံ့ ပုန်ကန်တော်လှန်မှုများကို စစ်ကောင်စီ အပြင်းအထန်ရင်ဆိုင်နေရဆဲဖြစ်သည်။ လုံခြုံရေးအထူးတင်းကျပ်ထားသည့် ဗိုလ်ချုပ်ကြီးများ ရုံးစိုက်ရာ နေပြည်တော်အတွင်း ပြောက်ကျားလှုပ်ရှားမှု အားနည်းသွားသော်လည်း နေပြည်တော်နှင့် အနီးဆုံး ပဲခူးရိုးမတွင် အခြေစိုက်နိုင်ရန် တော်လှန်ရေးအင်အားစုများ အပြင်းအထန် ကြိုးပမ်းနေသည်။

ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များက စစ်ရေးအရ လွှမ်းမိုးနိုင်ရန် ယခုနှစ်ဆန်းပိုင်းမှစ၍ ကြိုးစားနေခြင်းဖြစ်သည်။

ထိုအခြေအနေတွင် အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများက ၎င်းတို့ ရုံးစိုက်ရာ နေပြည်တော်သို့ ဝင်ထွက်နိုင်သည့် ရန်ကုန်မန္တလေးအမြန်လမ်း၊ လမ်းဟောင်းနှင့် ထိုလမ်းနှစ်ခုကို ချိတ်ဆက်နိုင်သည့် ကျေးရွာချင်းဆက်လမ်းပိုင်းများတွင် လုံခြုံရေးအရှိန်မြှင့် လုပ်ဆောင်နေသည်။

ပဲခူးရိုးမတစ်ဝိုက် စစ်ရေးလှုပ်ရှားနေသည့် PDF တပ်ရင်း (၃၅၀၁) ကပင် ရန်ကုန်တိုင်း အမှတ် (၁) စစ်ဘက်ရေးရာလုံခြုံရေးအကူတပ်ဖွဲ့မှ အရာရှိဖြစ်သူ အသက် ၃၈ နှစ်ခန့်အရွယ် ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့ကို နေပြည်တော်၏ တောင်ဘက် မိုင် ၄၀ ခန့်အကွာ ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်းရှိ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၆၁၊ ၆ ဖာလုံအနီးတွင် ဇန်နဝါရီ ၂၂ ရက်က လက်နက်ဝယ်လိုသည်ဟု လှည့်စားပြီး အောင်မြင်စွာ လုပ်ကြံနိုင်ခဲ့ဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button