သတင်း

ရန်ကုန်မှ နေပြည်တော်သို့ သွားနိုင်သည့် လမ်းများတွင် လုံခြုံရေးတိုးချထား

တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုများ မကြာခဏ ကြုံနေရသည့် ရန်ကုန်-နေပြည်တော် အမြန်လမ်းသစ်နှင့် လမ်းဟောင်းတစ်လျှောက်တွင် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်သို့ တော်လှန်ရေးခရီးလမ်းကို ဦးတည်ရန် လမ်းများအားလုံး နေပြည်တော်သို့ ဆိုသော စစ်ရေးရည်မှန်းချက်ကို ဇွန်လအတွင်း ထုတ်ဖော်ပြောဆိုထားသည်။

ထို့အတူ ဇူလိုင် ၇ ရက်တွင် အမြန်လမ်း မိုင်တိုင် ၁၆၉ မိုင်၊ ၄ ဖာလုံ၌ စစ်ထောက်ချုပ် လိုက်ပါလာသည်ဟု တော်လှန်ရေးအဖွဲ့များက ဆိုကြသည့် ယာဉ်တန်းကို NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပဲခူးတိုင်း၊ တောင်ငူခရိုင် အမှတ် (၃၅၀၁) တပ်ရင်းမှ အထူးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ယာဉ်နှစ်စီး လုံးဝပျက်စီးသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။

ယင်းအပြင် PDF တပ်ရင်း (၃၅၀၁) ကပင် ရန်ကုန်တိုင်း အမှတ် (၁) စစ်ဘက်ရေးရာလုံခြုံရေးအကူတပ်ဖွဲ့မှ အရာရှိဖြစ်သူ အသက် ၃၈ နှစ်ခန့်အရွယ် ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့ကို နေပြည်တော်၏ တောင်ဘက် မိုင် ၄၀ ခန့်အကွာ ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်းရှိ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၆၁၊ ၆ ဖာလုံအနီးတွင် ဇန်နဝါရီ ၂၂ ရက်က  လက်နက်ဝယ်လိုသည်ဟု လှည့်စား၍ အောင်မြင်စွာ လုပ်ကြံနိုင်ခဲ့သည်။

ဇန်နဝါရီ ၂၂ ရက်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၆၁၊ ၆ ဖာလုံအနီး လုပ်ကြံခံရသည့် ဗိုလ်မှူးသန်းထွဋ်နှင့် ၎င်းထံမှ တော်လှန်ရေးအဖွဲ့ သိမ်းဆည်းရရှိသည့် ပစ္စည်းများ။

နေပြည်တော်နှင့် ကပ်လျက် ပဲခူးတိုင်းအတွင်း ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ PDF နှင့် ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များက စစ်ရေးအရ လွှမ်းမိုးနိုင်ရန် စစ်ကောင်စီ၏ ထောက်ပံ့ပို့ဆောင်ရေးလမ်း၊ တံတားများကို တိုက်ခိုက်ဖျက်ဆီးသည့် ဖြစ်စဉ်များသည်လည်း ယခုနှစ်ဆန်းပိုင်းမှစ၍ ဆက်တိုက်ဖြစ်နေသည်။

ထိုအခြေအနေတွင် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ညောင်လေးပင်-တောင်ငူ-ရေတာရှည်တစ်လျှောက်၊ အမြန်လမ်း၊ အမြန်လမ်းနှင့် လမ်းဟောင်းကို ချိတ်ဆက်နိုင်သည့် ကျေးရွာချင်းဆက်လမ်းပိုင်းများတွင် စစ်ကောင်စီက စစ်ဆေးရေးဂိတ်များတိုးချထားသလို လှည့်ကင်း၊ ကင်းပုန်း၊ အရပ်ဝတ်ဖြင့် စောင့်ကြည့်ခြင်း စသည့် နည်းလမ်းမျိုးစုံသုံး၍ လုံခြုံရေးအထူးကြပ်မတ်ထားသည်ဟု စုံစမ်းသိရှိရသည်။

ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်မြို့နယ်မှ စပြီး စစ်ဆေးရေးဂိတ်များ ခပ်စိပ်စိပ်ထားကာ စစ်ကောင်စီက စစ်ဆေးနေကြောင်း၊ ဂိတ်အရေအတွက်မှာ ယခင်ထက် ပိုများကြောင်း၊ အတိအကျကိုမူ မရေတွက်ထားမိကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သည့် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။

ပဲခူးတိုင်း တောင်ငူမြို့နေ အမျိုးသားတစ်ဦးကလည်း စစ်ကောင်စီသည် လမ်းမကြီးများပေါ်တွင်သာ အင်အားတိုးမြှင့်ချထားခြင်းမျိုး မဟုတ်ဘဲ တော်လှန်ရေးအင်အားစုများ အသုံးပြုနေသည်ဟု ယူဆရသော ကျေးရွာချင်းဆက်လမ်းပိုင်းများတွင်ပါ လှည့်ကင်းများဖြင့် လုံခြုံရေးလုပ်ဆောင်နေကြောင်း ပြောသည်။

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ပဲခူးတိုင်းအတွင်းရှိ ကျောက်တံခါးမြို့နယ်၊ နေပြည်တော်နှင့် နယ်နိမိတ်ဆက်နေသည့် ရေတာရှည်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တပ်စခန်းများ ရံဖန်ရံခါ တိုက်ခိုက်ခံရလေ့ရှိသည်။

ရေတာရှည်မြို့ အရှေ့ဘက် စစ်တောင်းမြစ်နှင့် ကပ်လျက်တည်ရှိနေသည့် ဒေသများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအင်အားစုများအကြား မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေပြီး ရေတာရှည်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများနှင့် ရွာအချို့တွင် စစ်ဘေးတိမ်းရှောင်သူများ ရှိနေသည်။

 ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်တောင်းမြစ်ကူးတံတား နတ်သံကွင်းကို ဇွန် ၆ ရက်တွင် တော်လှန်ရေးအဖွဲ့များက ဖျက်ဆီးခဲ့သည်။ ဓာတ်ပုံ – ပေးပို့

ကျောက်တံခါးမြို့ပေါ်မှ ဒေသခံတစ်ဦးကလည်း ဇွန်နှင့် ဇူလိုင်လများအတွင်း ပဲခူးတိုင်း ကျောက်တံခါးမြို့နှင့် ပဲနွယ်ကုန်းမြို့ပေါ်အထိ တော်လှန်ရေးအင်အားစုများ လှုပ်ရှားမှုရှိနေကြောင်း၊ ယင်းနောက်တွင် စစ်ကောင်စီက လှည့်ကင်း၊ ကင်းပုန်းများ ချကာ စောင့်ကြည့်နေကြောင်း ပြောသည်။

ဇူလိုင် ၂၀ ရက်က ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်အတွင်း မိုင်တိုင် ၁၀၁ အနီး ကေတီဗီတစ်ခုတွင် ပစ်ခတ်မှုဖြစ်ခဲ့ပြီး လုံခြုံရေး ရယူပေးထားသော ရဲနှင့် စစ်ကောင်စီက လက်နက်ပေးထားသည့် အရပ်သားအဖွဲ့ (ပျူစောထီး) များ သေဆုံးမှုရှိခဲ့သလို စစ်ကောင်စီ အောက်ခြေအဆင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ လုပ်ကြံခံရမှုများလည်း ရှိနေသည်။

“ရန်ကုန်-မန္တလေးလမ်းဟောင်းက မိုင်တိုင် ၁၀၀ ကျော်က တံတားလည်း ဖျက်စီးခံရတယ်။ အဲဒီလမ်းပေါ်မှာ လုံခြုံရေးယူထားတဲ့ဂိတ်တွေ ရဲတွေလည်း မကြာခဏ အပစ်ခံရတယ်။ သေတာတွေလည်းရှိတော့ လမ်းဟောင်းမှာ လုံခြုံရေးတွေတိုးချထားတာ များတယ်” ဟု အထက်ပါ ကျောက်တံခါးမြို့ခံက ပြောသည်။

နေပြည်တော် ဝန်ကြီးဌာနတစ်ခုတွင် တာဝန်ထမ်းဆောင်နေပြီး အရာရှိကြီးများ၏ ခရီးစဉ်များကို စီစဉ်ပေးရသည့် အရာထမ်းအမျိုးသားတစ်ဦးကလည်း နေပြည်တော်သို့ ဝင်ထွက်နိုင်သည့် လမ်းများတွင် လုံခြုံရေးတိုးမြှင့်ထားသည်မှာ မှန်ကန်ကြောင်း၊ စစ်ကောင်စီ ဌာနဆိုင်ရာ အရာရှိများ ခရီးသွားလာရန်ရှိပါက ကြိုတင်အကြောင်းကြားရန် သို့မဟုတ်ပါက ဖြစ်ပေါ်လာသည့် ကိစ္စများကို တာဝန်မယူဟု ပြည်ထဲရေးဝန်ကြီးဌာနက ဌာနအသီးသီးသို့ အသိပေးထားကြောင်း ပြောသည်။

“အရာရှိပေါ့ လက်ညွှန် (လက်ထောက်ညွှန်ကြားရေးမှူးအဆင့်) က စပြီး အမြန်လမ်းကို သွားမယ်၊ အရေးကြီးတယ်ဆို ပွိုင့် (လုံခြုံရေးဂိတ်နှင့်အဖွဲ့) တွေကို ကြိုဆက်သွယ်ပြီး ကားနံပါတ်နဲ့ အမျိုးအစား ကြိုပေးထားရင် မစစ်ဘူး။ လွှတ်ပေးတယ်။ ကြိုမပေးဘဲ မောင်းရင်တော့ အပစ်ခံရမှာလို့ (စစ်ကောင်စီ ပြည်ထဲရေးက) ပြောတယ်” ဟု ၄င်းက ဆိုသည်။

အသေးစိတ်ကိုမူ အထက်ပါ အစိုးရအရာထမ်းထံမှ မသိရသေးပေ။

ဝန်ကြီးဌာနများရုံးများသို့ သွားလာရာတွင် အချက်အချာကျသည့် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ သပြေကုန်းအဝိုင်းကို ၂၀၂၁ စစ်တပ်က အာဏာမသိမ်းမီ တွေ့ရစဉ်။ ဓာတ်ပုံ – Myanmar Now

မြန်မာနိုင်ငံအလယ်ပိုင်းရှိ ပဲခူးရိုးမ အပါအဝင် စစ်ရေးအရ အချက်အချာကျသည့် စစ်တောင်းမြစ်ဝှမ်းဒေသကို ခြေကုပ်ယူနိုင်ရန် တော်လှန်ရေးအင်အားစုများက ကြိုးပမ်းလာနေချိန် စစ်ကောင်စီဘက်ကလည်း ယင်းဒေသထိန်းချုပ်မှုများ လက်မလွှတ်ရအောင် အင်အားတိုးချဲ့ကာ ပြင်ဆင်လာနေခြင်း ဖြစ်သည်။

“စစ်တောင်းမြစ်ဝှမ်းဒေသကို ကျွန်တော်တို့ စိုးမိုးနိုင်သွားရင် စစ်ရေးသဘောအရ ရာခိုင်နှုန်းတော်တော်များများ သူတို့ (စစ်ကောင်စီ) ရှုံးပြီလို့ တွက်ဆတာကိုး။ သူတို့အတွက် ကျောချမ်းစရာကိစ္စကြီး ဖြစ်နေတာကိုး။ အဲ့ဒါကြောင့် ဒီကိစ္စ အထမမြောက်အောင် သူတို့ ပိတ်ဆို့ထားတယ်ဆိုတဲ့ လက္ခဏာပါပဲ” ဟု ပဲခူးတိုင်း PDF ပြန်ကြားရေးတာဝန်ခံ ကိုဝေယံက ဆိုသည်။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းတွင်လည်း စစ်တပ်ဘက်မှ အင်အားတိုးမြှင့်လာသလို စစ်ရေးလှုပ်ရှားမှုများ ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။

“နေပြည်တော်ရဲ့ ဝင်ပေါက်တွေကို သူတို့ (စစ်ကောင်စီ) ဘက်က အင်အားတိုးချဲ့ပြီး ပိတ်ဆို့ချင်တဲ့ သဘောမျိုးပါ။ အင်အားတွေ တိုးချဲ့လာတယ်ဆိုတဲ့ သတင်းမျိုးတွေ ကျွန်တော်တို့ဘက်က ရရှိထားပါတယ်” ဟု ကိုဝေယံက ဆိုသည်။

စစ်တပ်နှင့် အပစ်ရပ်စာချုပ် (NCA) ချုပ်ဆိုထားသော်လည်း၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် လုပ်ရပ်ကို အတိအလင်းဆန့်ကျင်ကာ တော်လှန်ရေးအင်အားစုများနှင့် ပူးတွဲ၍ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရေး တိုက်ပွဲဆင်နွှဲနေသည့် ကရင်အမျိုးသားအစည်းရုံး (KNU) ၏ တပ်မဟာ (၃) အခြေစိုက်ရာ ညောင်လေးပင်ခရိုင်နှင့် နီးစပ်သည့် အထက်ပါ ဒေသများတွင် စစ်ကောင်စီ မကြာခဏ တိုက်ခိုက်ခံနေရသည်။

လွန်ခဲ့သော နှစ်နှစ် အာဏာသိမ်းပြီးကတည်းက ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံမှုများ အရှိန်မြင့်နေရာ ဗိုလ်ချုပ်ကြီးများက ၎င်းတို့ ရုံးစိုက်ရာ နေပြည်တော်၏ လုံခြုံရေးကို အမြဲတစေ အာရုံစိုက်ထားကြသည်။

နေပြည်တော်အနီး လုံခြုံရေး တိုးမြှင့်ချထားမှု၊ ရံဖန်ရံခါ တိုက်ခိုက်ခံရမှုများနှင့် ပတ်သက်၍ စစ်ကောင်စီက အများအားဖြင့် ရေငုံနှုတ်ပိတ်နေလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button