သတင်း

စစ်ထောက်လှမ်းရေး သတ်ခံရသည့်နေရာတွင် အင်အားထောင်ဂဏန်းဖြင့် တောနင်းနေ

စစ်ကြောရေးအရာရှိ သတ်ဖြတ်ခံလိုက်ရသော ပဲခူးတိုင်းတွင် အင်အား ၁,၀၀၀ ခန့်ပါသည့် တပ်မ နှစ်ခုက တောနင်းပြီး စစ်ကြောင်းထိုးနေမှုကြောင့် ပြည်သူများထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။

တောင်ငူခရိုင်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ဇန်နဝါရီ ၂၂ ကြားဖြတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီ ထောက်လှမ်းရေးတပ်မှ အရာရှိနှစ်ဦး သေဆုံးသည့် ဖြစ်စဉ်အပြီးတွင် အင်းမမြို့အခြေစိုက် အမှတ် (၆၆) နှင့် အင်းတကော်မြို့အခြေစိုက် အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်များမှ လက်အောက်ခံ စစ်ကောင်စီတပ်သားများက ပဲခူးရိုးမပေါ်ကို ထိုးစစ်ဆင်နေသည်ဟု ပဲခူးတိုင်းPDF ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

“ထောင်ဂဏန်းနဲ့ ထိုးနေတာ။ ၃ ကြောင်းခွဲထားတယ်၊ အင်အားထပ်ဖြည့်ထားတာတွေလည်း ရှိတယ်။ ရွာတွေကတော့ ပြေးကြရတာပေါ့။ ပေါ်တာဆွဲတာတွေ၊ အိမ်တွေ၊ တဲတွေ မီးရှို့တာတွေ လုပ်တာကိုး၊ ဖမ်းတာတွေကလည်း နေ့တိုင်းရှိတယ်။ စစ်ကြောရေးက ဗိုလ်မှူးအသတ်ခံရပြီးကတည်းက သူတို့ ရိုးမကို အာရုံစိုက်ပြီးတော့ ကြမ်းတဲ့သဘောဖြစ်နေတာပေါ့” ဟု အထက်ပါ အမျိုးသားက ပြောသည်။​

ဇန်နဝါရီ ၂၂ မွန်းလွဲပိုင်းက လက်နက်ဝယ်လိုသူ အသွင်ယူထားသည့် စစ်ထောက်လှမ်းရေး ဗိုလ်မှူးသန်းထွဋ်၊ တပ်ကြပ်ကြီးမြင့်အောင်နှင့် အခြားနှစ်ဦးတို့မှာ အရပ်ဘက်သုံးမော်တော်ယာဉ်ဖြင့် အမြန်လမ်းမကြီးအနီးတွင် တောလမ်းတိုင်း သွားလာစဉ် တောင်ငူခရိုင် PDF က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ထိုအဖွဲ့ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ရေတာရှည်မြို့နယ် စစ်ကောင်စီရဲစခန်းက အမှုဖွင့်ထားသည်ဟု သိရသော်လည်း အသေးစိတ်အခြေအနေကို ဖြေကြားခြင်းမရှိပေ။

ထိုဖြစ်စဉ်ပြီးနောက် စစ်ကောင်စီသည် ၎င်း၏ ထောက်လှမ်းရေးတပ်အရာရှိများကို စစ်ကြောရေးလုပ်နေသလို ပဲခူးတိုင်းအတွင်း PDF စခန်း ရှိနိုင်သည့် နေရာများကိုလည်း ပိုက်စိပ်တိုက် စီးနင်းနေကြခြင်းဖြစ်သည်။

ရေတာရှည်မြို့နယ်ရှိ စစ်တောင်းမြစ်အရှေ့ဘက်အခြမ်းတွင် စစ်ကောင်စီစစ်ကြောင်းများ တစ်ရွာဝင်တစ်ရွာထွက် ဝင်ထွက်သွားလာနေကြကြောင်း၊ စစ်ကြောင်းဖြတ်ရာ လမ်းတစ်လျှောက်တွင် အထမ်းသမားအဖြစ် ခိုင်းစေရန် အမျိုးသားများကို ဖမ်းဆီးနေကြောင်း အသက် ၄၀ အရွယ် ဒေသခံတစ်ဦးက ပြောသည်။

“ရွာထဲ စစ်ကြောင်းထိုးလာပြီဆိုရင် တစ်ရွာလုံး မီးပိတ်ပြီး အပြင်မထွက်ရဲဘူး၊ စစ်တပ်က တွေ့တဲ့သူကို လမ်းပြအနေနဲ့ဖမ်း ပေါ်တာဆွဲတာတွေ လုပ်တယ်၊ အဲဒါမျိုးတွေရှိတော့ ရွာထဲ စစ်တပ်က စစ်ကြောင်းထိုး ခြေရှုပ်လာပြီဆိုရင် အခန်းထဲဝင် အသံမပေးဘဲ သူတို့ပြန်တဲ့အထိ နေရတယ်။ အသက်မပြည့်သေးဘဲ ခန္ဓာကိုယ်ထွားတဲ့သူတွေလည်း မရဘူး၊ စစ်ကြောင်းအတွက် လူလိုနေရင် ခေါ်သွားတာပဲ” ဟု ၎င်းက ပြောသည်။

စစ်တောင်းမြစ်အရှေ့ခြမ်းတွင် ကျေးရွာများကို မီးရှို့မှုမရှိသေးသော်လည်း အမျိုးသားအများစုမှာ ကျေးရွာများတွင် ပေါ်တာဆွဲခံရမည့်အခြေအနေကြောင့် ရွာတွင် မနေကြတော့ကြောင်း ၎င်းက ဆိုသည်။ 

ထို့အပြင် ဒေသခံများ ရိက္ခာဝယ်ယူသည့်အခါများတွင်လည်း စစ်တောင်းမြစ်တံတားပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များက စစ်ဆေးကာ ငွေပေးမှသာ ဖြတ်ခွင့်ပြုသည်ဟု အထက်ပါ ဒေသခံက ပြောသည်။

အင်အား ရာနှင့်ချီပါသည့် စစ်ကောင်စီတပ်မနှစ်ခုသည် ရိုးမအရှေ့ဘက်၊ အနောက်ဘက်တို့တွင် စစ်ကြောင်း သုံးခုခွဲ၍ PDF တို့ကို တောနင်းရှာဖွေနေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။​

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဥက္ကံဘက်မှ ရိုးမပေါ်သို့ စစ်ကြောင်းတစ်ကြောင်း ချီတက်နေကြောင်း၊ ကြို့ပင်ကောက်၊ အုတ်ဖို၊ ဇီးကုန်း၊ နတ်တလင်းတစ်လျှောက်ထိုးနေသည့် စစ်ကြောင်းကလည်း ရိုးမကို ဦးတည်၍ လှည့်ပတ်သွားလာနေကြောင်း သိရသည်။

ထို့အပြင် ရာဂဏန်းပါသည့် စစ်ကြောင်းက  ပေါင်းတလည်၊ ပေါက်ခေါင်းမြို့ဘက်မှာလည်း ရိုးမပေါ် ဦးတည်၍ ပိုက်စိပ်တိုက်စီးနင်းနေသည်ဟု ဆိုသည်။

ထိုစစ်ကြောင်းများသည် ပဲခူးရိုးမအနီးတစ်ဝိုက်ရှိ ရွာသားများအား လမ်းတွင် တွေ့လျှင် ဖမ်းဆီးကာ လမ်းပြခိုင်းခြင်း၊ ပစ္စည်းသယ်ခိုင်းခြင်းတို့ ပြုလုပ်နေကြောင်း၊ သို့သော် ဖမ်းဆီးရခံသူအရေအတွက်ကိုမူ အတိအကျ မသိနိုင်သေးကြောင်း ပဲခူးတိုင်း PDF ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ပဲခူးရိုးမပေါ်ရှိ ကျွဲသမားများစုနေသည့် တဲများ၊ တောင်ပေါ်တွင် နှမ်းစိုက်ကြသည့် တောင်သူများ စုပေါင်းနေထိုင်ကြသည့် တဲများ မီးတင်ရှို့သလို စစ်ကြောင်းဖြတ်ရာ လမ်းအနီးတစ်ဝိုက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် နေအိမ်မီးလောင်မှုများရှိကြောင်း အထက်ပါ တာဝန်ခံက ပြောသည်။​ အရေအတွက်အတိအကျကိုမူ စုံစမ်း၍ မရသေးပေ။

နတ်တလင်းမြို့နယ်အတွင်းမှာပင်  တိုက်ပွဲများဖြစ်ပွားနေကြောင်း၊ တိုက်ခိုက်ခံရချိန်တွင် စစ်ကောင်စီတပ်သည် အနီးဝန်းကျင်ကို လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်နေကြောင်း ၎င်းက ပြောသည်။

“တစ်ညလုံး လက်နက်ကြီးတွေနဲ့ ထုတယ်။ ရွာသားတွေကို ဖမ်းမိတယ်ဆိုရင်လည်း လမ်းပြလုပ်ခိုင်းတာတွေ လုပ်တယ်။ သူတို့အထုပ်အပိုးတွေ သယ်ခိုင်းတာတွေ လုပ်တယ်” ဟု ၎င်းက ပြောသည်။

နတ်တလင်းမြို့အရှေ့ဘက် ၁၆ မိုင်ခန့်ရှိ မကျီးပင်ရွာမှာ စစ်ကောင်စီတပ်သားများမှာ တောင်ညိုဆည် တစ်ဖက်ကမ်းရှိ ကျေးရွာများသို့ စစ်ကူဖြည့်တင်းရန် စက်လှေအသုံးပြု၍ ချီတက်ကြစဉ် တောင်ငူခရိုင် PDF တပ်ရင်း အမှတ် ၃၈၀၁ လက်အောက်ခံ တပ်ခွဲလေးခု ပူးပေါင်း၍ တိုက်ခိုက်နေကြသည်။

ဇန်နဝါရီ ၂၆၊ ၂၇ ကြားဖြတ်တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်မှ ၆ ဦးသေ၊ ၉ ဦး ဒဏ်ရာရသည်ဟု ပဲခူးPDF၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

တောင်ငူခရိုင်အတွင်း စစ်ကောင်စီတပ်က ဒေသခံများကို ပေါ်တာဆွဲခြင်း၊ လမ်းတံတားများ ဖြတ်သန်းရာတွင် ငွေကောက်ခံခြင်းတို့နှင့် ပတ်သက်ပြီး မေးမြန်းလိုသော်လည်း စစ်ကောင်စီထံ ဆက်သွယ်၍ မရနိုင်သေးပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button