သတင်း

အမြန်လမ်း ယာဉ်တန်း တိုက်ခိုက်ခံရသည့်နေ့က ဒေသခံ ၃ ဦး အဖမ်းခံရ

ရန်ကုန် – နေပြည်တော် အမြန်လမ်းတွင် စစ်ထောက်ချုပ် လိုက်ပါလာသည်ဟု ယူဆရသည့် ယာဉ်တန်း ဇူလိုင် ၇ နံနက်က တိုက်ခိုက်ခံရပြီးနောက် ယင်းနေ့မှာပင် အနီးအနားကျေးရွာများမှ ဒေသခံ ၃ ဦး ဖမ်းဆီးခံရသည်ဟု သိရသည်။

ထိုယာဉ်တန်းကို တော်လှန်ရေးအင်အားစုများက ယင်းနေ့ နံနက် ၉ နာရီခန့်က အမြန်လမ်း မိုင်တိုင် ၁၆၉ မိုင်၊ ၄ ဖာလုံ၌ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ငူခရိုင် အမှတ် (၃၅၀၁) တပ်ရင်း၏ အထူးတပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ၏ ယာဉ် ၂ စီး လုံးဝ ပျက်စီးသွားပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

ထို့နောက် ယင်းနေ့ မွန်းတည့်ချိန်တွင် အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကောင်စီတပ်က အမြန်လမ်း ၁၆၉ မိုင်အနီးရှိ ငါးအိမ်စု၊ ကမ္ပါးနီ၊ ကျွန်းတောစု စသည့် ကျေးရွာများနှင့် ဆွာရေလှောင်တမံအနီးတစ်ဝိုက်ကို ရှာဖွေ စစ်ကြောင်းထိုးလာခဲ့သည်ဟု ဒေသခံများအဆိုအရ သိရသည်။

ထိုစစ်သားများက ဇူလိုင် ၇ ၊ မွန်းတည့် ၁၂ နာရီ ဝန်းကျင်ခန့်တွင် ကျွန်းတောစုရွာမှ အသက် ၄၀ ကျော်အရွယ် ဦးကျော်စိုးထိုက်နှင့် သားဖြစ်သူ ၁၈ နှစ်အရွယ် မောင်ယုကို၊ ကမ္ပါးနီရွာမှ တစ်ဦးတို့ကို ဖမ်းခေါ်သွားကြောင်း ကမ္ပါးနီ ရွာသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ရွာက တစ်ယောက်ပါသွားတယ်။ ကျွန်းတောစုရွာက ၂ ယောက် ပါသွားတယ်။ အမြန်လမ်းပေါ်မှာ ဖြစ်စဉ်က ဖြစ်သွားပြီးတော့မှ ကျွန်တော်တို့လည်း သိလိုက်ရတာ။ အသံတွေ (စစ်သားတွေလာတာ) က တအားကျယ်တော့ ထွက်ပြေးသွားလိုက်တာ၊ အခုထိ ရွာကို ပြန်မသွားရဲသေးဘူး” ဟု ၎င်းက ဆိုသည်။

စစ်တပ်က အင်အား ၂၀၀ ဝန်းကျင်ခန့်ဖြင့် ဒေသတွင်း စီးနင်းနေကြောင်း PDF က ပြောသည်။

“ဖြစ်စဉ်ပြီးတဲ့နောက် သူတို့ဘက်က အင်အား ၂၀၀ လောက်နဲ့ အနောက်ရိုးမဘက်ခြမ်းကို တပ်ဖြန့်ထားတာ ရှိတယ်။ ၁၆၉ မိုင်နားမှာ ရှိတဲ့ ကမ္ပါးနီရွာတို့၊ ငါးတဲစုရွာတို့၊ ကျွန်းတောစု ရွာဟောင်းရွာသစ်တို့မှာ သူတို့ (စစ်ကောင် စီ) လာထိုင်ကြတယ်။ ဆွာတမံမှာလည်း ရှိနေတဲ့ အင်အားကို ထပ်ဖြည့်ထားကြတယ်။ ကျွန်တော်တို့လမ်းကြောင်းတွေကို လိုက်ပိတ်တာပေါ့” ဟု အမှတ် (၃၅၀၁) တပ်ရင်း အထူးတပ်ဖွဲ့မှ ကိုစစ် ဆိုသူက ပြောသည်။

၎င်းသည် အမြန်လမ်းပေါ် စစ်ထောက်ချုပ်ယာဉ်တန်းတွင် တိုက်ခိုက်ခဲ့ရာတွင် ပါဝင်ခဲ့သူ ဖြစ်သည်။

ထိုစဉ်က ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ကြုံတွေ့ခဲ့ရပုံကို သူက ဆက်ပြောသည်။

“စစ်ကောင်စီယာဉ်တန်းက ပဒေသာမိုင်းကွင်းရှေ့မှာ ထိုးရပ်ကုန်တယ်။ အဲဒီမှာ ပဒေသာမိုင်းဆွဲတော့ သူတို့ကားနှစ်စီးက လုံးဝပျက်စီးသွားတယ်၊ လူတွေကတော့ မျက်မြင်တွေ့တာက ၅ ယောက် မြေပေါ်မှာ လဲသွားတယ်”

ထိုတိုက်ခိုက်မှုအပြီး PDF များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းထံမှ သိရသည်။

လက်ရှိတွင် ပဲခူးရိုးမပေါ်သို့ စစ်တပ်က အင်အားတိုးချဲ့ပြီး စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ယခင်ကထက် ဆက်သွယ်ရေးလမ်း‌ကြောင်း ပိုမိုကျပ်တည်းလာခြင်းရှိကြောင်း PDF ထံမှ သိရသည်။

အဆိုပါယာဉ်တန်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း သေဆုံးဒဏ်ရာရရှိမှုများနှင့် ပတ်သက်၍ စစ်တပ်ဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိပေ။

စစ်တပ်ကို အားပေးသည့် တယ်လီဂရမ်ချန်နယ်များတွင်မူ အမြန်လမ်း ၁၆၉ မိုင် ၄ ဖာလုံတွင် မိုင်း ၃ လုံး ပေါက်ကွဲခဲ့ကြောင်း၊ ယင်းဖြစ်ရပ်ကြောင့် စစ်ထောက်ချုပ်အပါအဝင် မည်သူမျှ ထိခိုက်မှုမရှိကြောင်း ဖော်ပြထားသည်။

နေပြည်တော်မှ ထွက်ခွာလာသည့် ထိုယာဉ်တန်းတွင် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း ပါဝင်ခြင်း ရှိမရှိ မသိရသေးပေ။

တိုက်ခိုက်ခံရသည့်နေရာသည် NUG လက်အောက်ခံ တောင်ပိုင်းတိုင်းစစ်ဒေသခွဲ (၂) က ဇူလိုင် ၁ မှ စတင်ပြီး ညအချိန် သွားလာခွင့် ပိတ်ပင်ထားသလို နေ့အချိန်တွင်လည်း မော်တော်ယာဉ်များကို ရပ်တန့်စေပြီး စစ်ဆေးနေသော နေရာများအနက် တစ်ခုအပါအဝင် ဖြစ်သည်။

စစ်ရေးအရှိန်မြှင့်ရန် ဆိုကာ နေ့စဉ် ညနေ ၆ နာရီမှ နံနက် ၆ နာရီအကြား ပဲခူးတိုင်းအတွင်း ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် အမြန်လမ်း၊ ပဲခူး-စစ်တောင်းလမ်းပိုင်း၊ မွန်ပြည်နယ်အတွင်း ရန်ကုန်-မုတ္တမ၊ ကရင်ပြည်နယ်အတွင်း ရန်ကုန်-ဖားအံလမ်းပိုင်းတို့တွင် ယာဉ်များ သွားလာခြင်း မပြုရန် ကြေညာထားခြင်း ဖြစ်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button