သတင်း

စစ်တွေမြို့ပေါ်သို့ စျေးတက်ဝယ်သည့် ရွာသားများကို စစ်ကောင်စီဖမ်းဆီးနေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ စျေးဝယ်ရန် လာရောက်ကြသည့် ကျေးလက်ဒေသများမှ အရပ်သား ၆၀ ထက်မနည်းကို ယမန်နေ့ (ဇန်နဝါရီ ၄ )၊ နံနက်ပိုင်းတွင် စစ်ကောင်စီက လှေဆိပ်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယမန်နေ့ (ဇန်နဝါရီ ၄) နံနက်က အရပ်သား ၆၀ ထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း မြို့ခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူတို့မှာ ကျေးလက်ဒေသများမှ ကုန်ပစ္စည်းဝယ်ယူရန် လာရောက်သူများ၊ စျေးသည်များနှင့် လမ်းလျှောက်နေသူများပါ ပါဝင်သည်ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

ရခိုင်ဒေသတွင် တိုက်ပွဲစတင်ဖြစ်ပွားသည့် နိုဝင်ဘာ ၁၃ မှ စတင်ကာ စစ်ကောင်စီက တစ်မြို့နယ်နှင့်တစ်မြို့နယ် ခရီးသွားလာခွင့် ပိတ်ပင်ထားသဖြင့် ရွာများမှ ဒေသခံများ ကုန်စည်ရှားပါးမှုနှင့် ရင်ဆိုင်နေရသည်။

ထို့ကြောင့် စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုကြားမှ အရဲစွန့်ကာ စစ်တွေမြို့သို့ စားနပ်ရိက္ခာနှင့် တခြားကုန်ပစ္စည်းများ လာရောက်ဝယ်ယူရာတွင် ရွှေပြားဆိပ်ကမ်း၌ နံနက် ၄ နာရီခန့်မှစ၍ ဖမ်းဆီးခံရခြင်းဟု ဆိုသည်။

ရခိုင်ပြည်နယ် မြို့တော်စစ်တွေ အဝင်မုခ်ဦးကို ယခုနှစ် ဇူလိုင်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – This is Sittwe)

“မနေ့ကလည်း လူ ၇၀ လောက် ဖမ်းဆီးခံရတယ် ကြားတယ်။ ဘုတ်လည်း လေးငါးစီး အသိမ်းခံရတယ်။ ရွှေပြားဆိပ်ကမ်းမှာ ဖမ်းတယ်။ လူတွေက မိုးမလင်းခင် လာတယ်၊ ပြီးရင် မိုးမလင်းခင် ပြန်ထွက်တယ်။ အဲဒါကို စောင့်ဖမ်းတာ” ဟု အထက်ပါ စစ်တွေဒေသခံက ပြောသည်။

ထိုသို့ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့က စစ်တွေမြို့၊ ရွှေပြားဆိပ်ကမ်း၌ ဟင်းသီးဟင်းရွက် ရောင်းချနေသည့် ဒေသခံလက်လုပ်လက်စားများ အပါအဝင် ကုန်တင်ကုန်ချပြုလုပ်နေသည့် စက်လှေသမားများ စုစုပေါင်း ၆၀ ခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စျေးအတွင်းသို့ ဝရုန်းသုန်းကား ဝင်ရောက်လာပြီး အင်အားသုံး ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ယမန်နေ့က ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ဖြစ်စဉ်မျိုး ဒီဇင်ဘာ ၁၂ ရက်က မြို့တော်စစ်တွေတွင် ဖြစ်ပွားခဲ့ပြီး ဆိပ်ကမ်း၌ တွေ့သူ ဒေသခံ ၅၃ ဦးကို စစ်တပ်နှင့် ရဲက ဖမ်းဆီးသွားခြင်းဖြစ်ပြီး ကလေး ၂ ဦး အပါအဝင် ၄ ဦးကို နောက်တစ်နေ့ ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်သူများ သတင်းအစအန မကြားရပေ။

ယမန်နေ့တစ်ရက်တည်းတွင် အရပ်သားများဖမ်းဆီးခံရမှုများအပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှုများလည်း ရှိသည်။

ယမန်နေ့ (ဇန်နဝါရီ ၄)၊ ည ၉ နာရီခန့်က ရသေ့တောင်မြို့နယ်၊ ခရုချောင်းကျေးရွာကို စစ်ကောင်စီတပ်၏ ရေစိုးချောင်းဗျူဟာကုန်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်၍ အသက် ၁၈ နှစ်အရွယ် မစုမြတ်ခိုင် သေဆုံးသွားသည်။

ရသေ့တောင်မြို့နယ်၊ ခရုချောင်းရွာသို့ လက်နက်ကြီးကျည်ကျ၍ သေဆုံးသွားသည့် ၁၈ နှစ်အရွယ် မစုမြတ်ခိုင်။

ပြီးခဲ့သည့်နှစ်က ဂုဏ်ထူး ၂ ဘာသာဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ထိုမိန်းကလေးသည် ရေစိုးချောင်းရွာသူ ဖြစ်သည်။ ၂၀၁၈ နှစ်ကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့တိုက်ပွဲကြောင့် ရသေ့တောင်မြို့တွင် စစ်ဘေးရှောင်နေခဲ့ရသည်။

သို့သော် လတ်တလောတိုက်ပွဲများကြောင့် မြို့တွင်းတိုက်ပွဲများဖြစ်ပွားလာမည်ကို စိုးရိမ်၍ လွန်ခဲ့သည့် ရက်ပိုင်းက မိသားစုများနှင့်အတူ ခရုချောင်းရွာသို့ ရှောင်တိမ်းလာခဲ့ရာမှ ကျည်ထိမှန်သေဆုံးမှုနှင့် ကြုံတွေ့ရသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဗျူဟာတောင်က လက်နက်ကြီးသုံးလုံးပစ်တယ်။ လက်နက်ကြီးတစ်လုံး ရွာထဲကို ကျပြီးတော့ အိမ်ထဲကို စိုင်ထွက်လာပြီး သူ့ကို ထိပြီး တစ်ခါတည်းသေသွားတာ”

“လက်နက်ကြီးက ရင်ခေါင်းက ဝင်သွားတာ နောက်ကုန်း (ကျောကုန်း) က ဖောက်ထွက်သွားတယ်” ဟု ၎င်းက ပြောသည်။

ထိုဖြစ်စဉ်တွင် အသက် ၄၀ အရွယ် ခရုချောင်းဒေသခံ အမျိုးသမီးလည်း ညာဘက်လက်တွင် ကျည်ထိမှန် ဒဏ်ရာရသွားပြီး ဓာတ်မှန်ရိုက်ရန် လိုအပ်သည်ဟု သိရသည်။

ထိုဗျူဟာကုန်းမှ တစ်စုံတစ်ရာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခြင်းဖြစ်သည်။ ဘေးပတ်ဝန်းကျင် ကျေးရွာများကို ရက်ခြားပြီး လက်နက်ကြီးဖြင့် ပစ်ခတ်လေ့ရှိပြီး လက်နက်ကြီးကျည်ထိမှန်လာမည်ကို အမြဲစိုးရိမ်နေရသည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

“ဘာတိုက်ပွဲမှမရှိဘူး။ သူတို့ အလိုလိုဖြိုပစ်နေတာပါ။ တစ်လပိုင်း ၁ ရက်နေ့၊ ၂ ရက်နေ့က အနောက်ဘက် ပစ်ပါ တယ်။ ၃ ရက်နေ့က အရှေ့ဘက် ပစ်ပါတယ်။ ၄ ရက်နေ့က မြောက်ဘက် ကျွန်မတို့ရွာကို ပစ်ပါတယ်။ စိုးရိမ်မှုက ကြောက်တယ်၊ လန့်တယ်၊ နေစရာမရှိ ဖြစ်နေပါတယ်” ဟု ၎င်းက ပြောသည်။

အလားတူ မောင်တောမြို့နယ်၊ ကံသာယာ (အထက်) ကျေးရွာတွင်လည်း ယမန်နေ့၊ နံနက် ၁၀ နာရီခွဲခန့်က အသက် ၇၈ နှစ်အရွယ် ဒေသခံ သက်ကြီးပိုင်းတစ်ဦးနှင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် သုံးဦး ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

မောင်တောအခြေစိုက် စစ်ကောင်စီ လက်အောက်ခံ “နခခ (၅) တပ်ရင်း” နှင့် “(၆) မိုင်တပ်စခန်း” တို့မှ ပစ်ခတ်ခြင်းဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လက်နက်ကြီးသုံးလုံးကျတယ်။ အိမ်မှာ တစ်လုံးကျတယ်။ လမ်းမထက်မှာ နှစ်လုံးကျတယ်။ အိမ်မှာတော့ အဘိုးကြီးတစ်ဦးမှာ ညာဘက်ပေါင်ရင်းမှာ ဒဏ်ရာရတယ်။ လမ်းမှာကျတဲ့ အလုံးမှာတော့ မိန်းကလေးတွေကို ထိသွားတယ် ပြောတယ်။ ညာဘက်ပေါင်၊ ကျောကုန်းတို့မှာ ထိသွားတယ်” ဟု ၎င်းက ဆိုသည်။

၎င်းတို့မှာ ဒဏ်ရာအခြေအနေ စိုးရိမ်စရာမရှိကြောင်း၊ လက်ရှိတွင် မောင်တောဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ယမန်နေ့တွင် ပလက်ဝ၊ ကျောက်တော်တို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး မင်းပြား၊ ရမ်းဗြဲ၊ ပေါက်တောနှင့် အမ်းမြို့နယ်တို့တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီ၏ ပလက်ဝမြို့အတွင်းရှိ အဓိကနှင့် အမာခံစခန်းကြီးများ ဖြစ်ကြသည့် စကခ (၁၉) ရှေ့တန်းတပ်မဌာနချုပ်၊   တပ်မ (၁၁) ရှေ့တန်းဌာနချုပ်၊ ပလက်ဝ-ကျောက်တော်အစပ်ရှိ “မီးဝဗျူဟာ” နှင့် ကျောက်တော်မြို့အတွင်းရှိ “တောင်ရှည်တောင်ဗျူဟာကုန်း” များတွင် တိုက်ပွဲများပြင်းထန်ခဲ့သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်သည်။

ထို့ပြင် နံနက် ၁၀ နာရီခန့်က မင်းရွာနှင့် ဖားပြိုရွာ ကြားရှိ ရန်ကုန်-စစ်တွေ ကားလမ်းမနံဘေးတွင် မင်းပြားအခြေစိုက် စစ်ကောင်စီလက်အောက်ခံ “ပွိုင့် (၁၁၄)” တပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည် ဟု ထုတ်ပြန်ချက်အရ သိရသည်။

Show More

Related Articles

Back to top button