သတင်း

စစ်တွေဆိပ်ကမ်းမှ ဖမ်းလာသော ဒေသခံ ၅၀ ကျော် အဆက်အသွယ်ပြတ်နေ

ရခိုင်ပြည်နယ် မြို့တော်စစ်တွေတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ က ဒေသခံ ၅၃ ဦးကို စစ်တပ်နှင့် ရဲက ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်တော် (AA) က ယနေ့တွင် အမည်စာရင်းနှင့်တကွ ထုတ်ပြန်သည်။ ဖမ်းဆီးခံရသူများ စစ်တွေမြို့ပေါ်ရှိ အမှတ် (၁) ရဲစခန်းတွင် ရှိနေပြီး မိသားစုဝင်များနှင့် ဆက်သွယ်ခွင့်မရဟု စုံစမ်းသိရှိရသည်။

စစ်ကောင်စီ ဖမ်းသွားသူအများစုမှာ အစိုးရရုံးစိုက်သည့် စစ်တွေမြို့ပေါ်မှ ဖြစ်ပြီး တိုက်ပွဲများဖြစ်နေသော ပေါက်တောမြို့နယ်မှ ဒေသခံများအပြင် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်တို့တွင် နေထိုင်သူများလည်း ပါဝင်ကြောင်း AA ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ဖမ်းဆီးခံရသူများထဲတွင် ၁၃ နှစ်ကလေး ၂ ဦးအပါအဝင် ကျောင်းသားများ၊ စက်လှေသမားများ၊ ပေါက်တောမြို့နယ်ဘက်မှ စစ်တွေမြို့ဘက်သို့ စျေးရောင်းဈေးဝယ်လာသူများ၊ စစ်တွေဆိပ်ကမ်းမှ ဈေးသည်များ၊ အသက် ၆၀၊ ၇၀ ကျော် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်။ စစ်တွေမြို့မှ ၂၆ ဦး၊ ပေါက်တောမြို့နယ်မှ ၂၄ ဦး၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မှ တစ်ဦးစီ ဖမ်းခံထားရသည်။

“ရုတ်တရက်ကြီး.. ရောက်လာပြီး သေနတ်ပစ်ဖောက်ပြီးတော့ စက်လှေ၊ သမ္ဗန်တွေက လူတွေအားလုံးကို ဖမ်းတာလို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ယမန်နေ့တွင် ပြောသည်။

ဒီဇင်ဘာ ၁၂ မွန်းလွဲတွင် စစ်တွေမြို့ဆိပ်ကမ်းသို့ ရေတပ်မှ စစ်သားနှင့် ရဲများက Faw ကား နှစ်စီးဖြင့် ရောက်လာပြီး ဆိပ်ကမ်းရှိ မော်တော်များ၊ စက်လှေများပေါ်မှ ခရီးသည်များအပါအဝင် ဆိပ်ကမ်း၌ ရှိနေသူများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

စစ်တွေ မြို့တွင် နေထိုင်သည့် ပေါက်တောမြို့နယ်သားတစ်ဦးက “မနေ့က ဖမ်းခံရတဲ့အထဲမှာ ကျွန်တော့မိတ်ဆွေရဲ့ သားတစ်ယောက်လည်း ပါတယ်။ သူက အိမ်အတွက် စျေးလာဝယ်တာ။ သူတို့လာတဲ့ စက်လှေ စစ်တွေဆိပ်ကမ်းကို ရောက်တာနဲ့ စက်​လှေပေါ်ပါသူ အားလုံး အဖမ်းခံရတာ။ အားလုံးပေါင်း ၃၀ ကျော် အဖမ်းခံထားရတယ်လို့ သိရတယ်။ မနေ့က အမှတ် (၁) ရဲစခန်းကို သွားတော့ စခန်းထဲ မဝင်ရဘူး။ ဘာကြောင့်ဖမ်းလဲ မသိဘူး” ဟု ပြောသည်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် စစ်ကောင်စီက ထင်သလိုဖမ်းဆီးမှုများလုပ်နေ၍ ညနေ ၆ နာရီနောက်ပိုင်း မြို့ပေါ်တွင် လမ်းသွားလမ်းလာပင် မရှိတော့သလို ဈေးဆိုင်များလည်း ပိတ်သိမ်းကုန်ကြကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“လူစုလူဝေး သိပ်မတွေ့ရတော့ဘူး။ စစ်ကောင်စီက ဖမ်းချင်ရင် လိုက်ဖမ်းနေတဲ့အခါကျတော့ ဒီအချိန် အပြင်မထွက်တာကောင်းတယ်။ လူတွေက လုံခြုံတယ်လို့ မခံစားရဘူး” ဟု ၎င်းက ဆိုသည်။

ဒီဇင်ဘာ ၁၁ ရက်က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မြောက်ဘက်ရှိ စခန်း ၃ ခုရှိသော နှုံးဘူးဗျူဟာကို AA က အပြီးသတ်တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် AA ထိန်းချုပ်ရန် ကြိုးစားနေသည့် ရခိုင်ပြည်နယ်အတွင်းတွင်လည်း စစ်ရှိန်ပိုမြင့်လာသည်။

ဒီဇင်ဘာ ၁၂ ရက် နံနက် ၈ နာရီမှ စတင်၍ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ အမ်း၊ မြေပုံ မြို့နယ်များ၌ ရှိသည့် စစ်တပ်စခန်းတချို့က မြို့အနီးအနားရှိ ကျေးရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များအပြင် လေကြောင်း၊ ရေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထို့နောက်တွင် စစ်တွေဆိပ်ကမ်းမှ ဒေသခံ ၅၀ ကျော်ကို စစ်ကောင်စီက ရုတ်တရက် ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။ မည်သည့်အတွက် ဖမ်းဆီးသည်ကို စစ်ကောင်စီက ထုတ်ဖော်ပြောဆို ခြင်းမရှိသေးပေ။ ဖမ်းခံရသူတို့၏ မိသားစုဝင်များနှင့် ဆက်သွယ်မေးမြန်းနိုင်ရန် Myanmar Now က ကြိုးပမ်းနေဆဲဖြစ်သည်။

ရခိုင်ပြည်နယ်တွင်း မိုခါမုန်တိုင်းကယ်ဆယ်ရေးလုပ်ဆောင်နေသည့် AA တပ်ဖွဲ့ဝင်တချို့ကို ယခုနှစ် ဇွန်လက တွေ့ရစဉ်။ (ဓာတ်ပုံ-AA Info)

ယမန်နေ့ ဒီဇင်ဘာ ၁၃ ရက်ကလည်း ပေါက်တောမြို့နယ်၊ ဖရုံကာကျွန်းပေါ်ရှိ ကျေးရွာများမှ ဈေးလာရောင်းသော စက်လှေများကို စစ်တွေဆိပ်ကမ်းသို့ ကမ်းကပ်ခွင့်မပေးဘဲ မြစ်အတွင်း ရပ်ထားသည့် စစ်ရေယာဉ်က ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။

တစ်နှစ်ဝန်းကျင် အပစ်အခတ်ရပ်စဲထားပြီးနောက် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်စခန်း ၂ ခုကို AA က စတင်တိုက်ခိုက်သည့် နိုဝင်ဘာ ၁၃ မှစတင်၍ စစ်ကောင်စီက ရခိုင်ပြည်နယ်ကို ကုန်လမ်း၊ ရေလမ်းများ ပိတ်ပင်ထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်တွင်း၌ မင်းပြား၊ ပေါက်တော၊ မြောက်ဦးမြို့နယ်များအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။ ထိုဒေသများတွင် စစ်ကောင်စီက ဒေသခံများကို ဖမ်းဆီးသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်နေသည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၄) ကလည်း ရှေးဟောင်းယဉ်ကျေးမှုမြို့ဖြစ်သော မြောက်ဦးတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ခဲ့ရာ စစ်ကောင်စီက လေကြောင်းဖြင့်ပါ တိုက်ခိုက်ကြောင်း စုံစမ်းသိရှိရသည်။

AA သည် ရခိုင်ပြည်နယ်ပြင်ပမှ ချင်းပြည်နယ်နှင့် နိုင်ငံအလယ်ပိုင်းဒေသတချို့တွင် အခြားတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖြစ်သော AA၊ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) တို့ ဦးဆောင်ပြီး အောက်တိုဘာ ၂၇ ရက်တွင် စတင်သည့် ၁၀၂၇ စစ်ဆင်ရေး ရှမ်းပြည်မြောက်ပိုင်းတွင် စတင်ပြီးနောက် တရုတ်နှင့် ကုန်သွယ်ရာတွင် အရေးပါသည့် နယ်စပ်မြို့များနှင့် စစ်စခန်းရာချီကို စစ်ကောင်စီက လက်လွတ်ဆုံးရှုံးနေရသည်။

ထိုအခြေအနေတွင် တရုတ်အကူအညီဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် ညှိနှိုင်းရန် စစ်ကောင်စီက ကြိုးပမ်းခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သဘောတူညီချက်တချို့ရသည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ သို့သော် AA၊ TNLA တို့က စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်နေသလို ရှမ်းပြည်မြောက်ပိုင်းမှ လောက်ကိုင်မြို့ကိုလည်း MNDAA က ဝိုင်းထားဆဲဖြစ်သည်။

Show More

Related Articles

Back to top button