
စစ်ရေးပြင်းထန်နေသော ရခိုင်ပြည်နယ်တွင် ဒီဇင်ဘာ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း စစ်ကောင်စီက စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲနှင့် သံတွဲမြို့တို့တွင် နေထိုင်သူ ၂၇ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာ ၁၅ ရက် မွန်းတည့် ၁၂ နာရီအချိန်တွင် စစ်တွေမြို့၊ နာဇီရပ်ကွက်နေ ဒေသခံ ၃ ဦး ဖမ်းဆီးခံရသည်။
ရန်သူ့လက်ကိုင်တုတ်အဖွဲ့ဝင်များနှင့် စစ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးတို့က လက်နက်ခဲယမ်းအပြည့်အစုံဖြင့် လာရောက်ဖမ်းဆီးသွားခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
စစ်တွေမြို့အတွင်း ဖမ်းဆီးစစ်ဆေးမှုများတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်များပါ စစ်ကောင်စီတပ်နှင့် ပူးတွဲ ပါဝင်နေကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“စစ်တွေမှာက ညဆို ရပ်ကွက်တွေထဲ ဝင်စစ်ပြီး ဖမ်းတာ ရှိတယ်။ ဘယ်လိုဖမ်းလဲဆိုတော့ အထူးသဖြင့် ALP အခြေစိုက်တဲ့ နာဇီရပ်ကွက်မှာဆို ရပ်ကွက်က ရာအိမ်မှူးနဲ့ ALP၊ စစ်ကောင်စီတို့က ဝင်ဖမ်းတာ။ သံသယရှိတဲ့လူကို ဝင်ဖမ်းလို့ အိမ်မှာမရှိရင် မိသားစုဝင်ကို ဖမ်းတယ်” ဟု ၎င်းက ဆိုသည်။
“နောက် စစ်တွေမြို့နယ်ထဲက ရွာတွေကို ဆင်းပြီး စျေးရောင်းစျေးဝယ် သွားလာတဲ့သူတွေဆီကလည်း ပစ္စည်းတွေ သိမ်းတာရှိတယ်”
အထက်ပါ ဒေသခံ၏ ပြောဆိုမှုနှင့် ပတ်သက်ပြီး ALP နှင့် စစ်ကောင်စီတို့ထံမှ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးပေ။
နေပြည်တော်နှင့် ဆက်ဆံရေးကောင်းသော၊ ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP တပ်ဖွဲ့သည် ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်ဆံရေးတင်းမာနေသည်။
စစ်တွေတက္ကသိုလ်အနီး ဇူလိုင် ၁ ရက်နေ့က ALP ဒုဥက္ကဋ္ဌ အပါအဝင် ၃ ဦး ပစ်သတ်ခံထားရသလို စစ်ကောင်စီနှင့် နီးစပ်သော ALP က ဒေသခံများကို ထိုကာလများအတွင်းက ဖမ်းဆီးထားသည်ဟု သတင်းများထွက်ပေါ်ခဲ့သေးသည်။
ဒီဇင်ဘာ ၁၂ ရက်နေ့က စစ်တွေမြို့ဆိပ်ကမ်း၌ ဒေသခံ ၅၃ ဦး ဖမ်းဆီးခံရပြီးနောက် အထက်ပါကဲ့သို့ ၃ ရက်ဆက်တိုက် ဖမ်းဆီးမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
စစ်တွေမြို့ဆိပ်ကမ်း၌ ဖမ်းသွားသူများအနက် အသက် ၁၃ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် ၄ ဦးသာ ပြန်လွတ်လာပြီး ကျန် ၄၉ ဦးမှာ စစ်တွေမြို့ပေါ် အမှတ် (၁) နယ်မြေရဲစခန်းတွင် ချုပ်နှောင်ခံနေရဆဲဖြစ်သည်ဟု မြို့ခံများထံမှ သိရသည်။
အလားတူ ယင်းနေ့ ညနေ ၄ နာရီကျော်ခန့်အချိန်တွင် မောင်တောမြို့ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဒု-ဦးစီးတစ်ဦးနှင့် အထက်တန်းစာရေး၂ ဦးတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးက ရုံးအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့သည်။
ထိုရုံးမှ ဒုဦးစီး ဦးနေသူရိန်စိုး၊ စာရေးကြီး ကိုကျော်ကျော်ဌေး၊ စာရေးကြီး ကိုလေးလေးကျော်တို့ မည်သည့်အတွက်ကြောင့် ဖမ်းဆီးခံရသည် မသိရပေ။
သံတွဲမြို့နယ်၊ ငပလီမြို့၊ မြပြင်ရပ်ကွက်၊ ကွက်သစ်သို့ ယင်းနေ့ ည ၁၀ နာရီ အချိန်ခန့်၌တွင် ကား ၂ စီးဖြင့် စစ်သား၊ ရဲ ပူးပေါင်းအဖွဲ့ဝင် ၁၅ ဦးခန့်က ရောက်ရှိလာပြီး အဆိုပါ ရပ်ကွက်နေ ဦးစည်သူနှင့် ဦးသိန်းမောင်ဆိုသူတို့ကို နေအိမ်၌ ဝင်ရောက်ဖမ်းဆီးပြီး ငပလီအခြေစိုက် ခြေလျင်တပ်ရင်း အမှတ် (၅၅) သို့ ခေါ်ယူသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ထို့နောက် တနင်္ဂနွေ (ဒီဇင်ဘာ ၁၇) နံနက် ၇ နာရီခန့်က ကျောက်ဖြူမြို့လေယာဉ်ကွင်းအနီး စစ်သားအင်အား ၂၀ ခန့်က မြို့ထဲသို့ ဈေးရောင်းလာသော ဈေးသည် ၁၇ ဦးနှင့် ကူးတို့သမား ၂ ဦးကို ဖမ်းဆီးခဲ့သည်။
ဒီဇင်ဘာ ၁၇ ရက်က ရမ်းဗြဲမြို့ပေါ်တွင် ဆေးခန်းလာပြသော သရက်ချောင်းကျေးရွာသား ၂ ဦးကို စစ်တပ်က ဖမ်းဆီးသွားသည်။
ဒီဇင်ဘာ ၁၄ ရက်အထိ စစ်ကောင်စီက လက်နက်ကိုင်အဖွဲ့နှင့် ဆက်စပ်မှု သံသယဖြင့် ဆက်လက် ဖမ်းဆီးထားသော အရပ်သား ၄၃၀ ကျော် ရှိလာသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။
ဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားသည်။
အဖမ်းအဆီး ဆက်တိုက်ဖြစ်နေသလို ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့တွင်လည်း ရခိုင်တောင်ပိုင်း ရမ်းဗြဲမြို့ပေါ်တွင် တိုက်ပွဲများဖြစ်နေကာ စစ်ကောင်စီက လေတပ်၊ ရေတပ်ကိုပါ သုံးပြီး တိုက်ခိုက်ခဲ့သည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ရှိ စစ်တပ်၏ ဗျူဟာအဆင့်စခန်းကြီးနှစ်ခု အပါအဝင် စစ်စခန်းပေါင်း ၁၄၀ ကျော်ကို သိမ်းပိုက်ထားနိုင်သည်ဟု AA က ထုတ်ပြန်ထားသည်။
လက်ရှိတွင် ပေါက်တော၊ ရမ်းဗြဲအပါအဝင် ဒေသအနှံ့အပြား၌ AA နှင့် စစ်တပ်တို့ တိုက်ပွဲများ ပြင်းထန်နေသည်။
“ပေါက်တောမှာ တိုက်ပွဲဖြစ်တာနဲ့ စစ်တွေ ရဲတပ်ရင်း အမှတ် (၁၂) က အမြောက်နဲ့ ပစ်တာရှိတယ်။ အခုဆို ပေါက်တောနယ်ဘက် အထူးသဖြင့် ဖရုံကာကျွန်းတွေပေါ်က ဒေသခံတွေ စစ်တွေကို လာလို့ မရတော့ဘူး။ စစ်တွေဆိပ်ကမ်းမှာ ရဲနဲ့ စစ်ကောင်စီက လက်နက်တွေနဲ့ စောင့်နေတာရှိတယ်” ဟု စစ်တွေမှ အထက်ပါ ဒေသခံက ပြောသည်။