သတင်း

စစ်တွေတွင် အရပ်သား ၂ ဦးကို ALP ဖမ်းဆီးထားဟု ဆို

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မိုခါမုန်တိုင်း ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေသူများအနက်မှ ၂ ဦးကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ လက်နက်ကိုင်တပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ ၁၀ ရက် ကြာပြီဖြစ်သော်လည်း မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း မြို့ခံအမျိုးသားနှစ်ဦးက ပြောသည်။

ဇွန် ၁၄ ရက်နေ့တွင် ALP မှ အဖွဲ့ဝင်တချို့ စက်ရုံစုရပ်ကွက် (၂) အုပ်ချုပ်ရေးအဖွဲ့ထံ လာရောက်မေးမြန်းခဲ့ကြောင်း၊ ယင်းည ၁၂ နာရီခန့်တွင် အင်အား ၂၀ ခန့်ဖြင့် လက်နက်ကိုင်ဆောင်ထားသော ALP အဖွဲ့ဝင်များ ပြန်ရောက်လာကြောင်း သိရသည်။

လက်နက်ကိုင်တို့က ထိုရပ်ကွက်တွင် နေထိုင်သော အသက် ၂၀ ကျော်အရွယ် ကိုကျော်နိုင်စိုး၊ အသက် ၃၀ ကျော်အရွယ် ကိုကျော်ဇောတို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ခဲ့သော မြို့ခံအမျိုးသားက ပြောသည်။

ALP ယူနီဖောင်း အပြည့်အစုံဝတ်ထားသူ ၃ ဦးထက်မနည်း ပါဝင်ပြီး ကျန်သူများမှာ အရပ်ဝတ်များဖြစ်သော်လည်း သေနတ်၊ ဓားများ ကိုင်ဆောင်ထားကြောင်း ၎င်းက ဆက်ပြောသည်။

မုန်တိုင်းအပြီး ဌာနဆိုင်ရာများထံမှ ကူညီထောက်ပံ့မှု မရသည့် စက်ရုံစုရပ်ကွက် (၂) တွင် နေထိုင်သူ ဒေသခံ ၂၀၀ဝ ဝန်းကျင်အတွက် လူမှုကူညီရေးအဖွဲ့များထံ အဆိုပါရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က အကူအညီတောင်းနေခြင်းနှင့် ပတ်သက်ပြီး ALP က ပြစ်တင်ပြောဆိုခဲ့သည်ဟု သိရသည်။

“အဲဒါ သူတို့ကို မတင်ပြဘဲ ခင်ဗျားတို့က ဘာဖြစ်လို့လုပ်တာလဲ။ ဘယ်သူ့အမိန့်နဲ့ လုပ်တာလဲ၊ ဘယ်သူ့အာဏာနဲ့ လုပ်တာလဲ။ ဘာဖြစ်လို့ အဖွဲ့အစည်းတွေကို အကူညီတောင်းရတာလဲ၊ မလိုအပ်ဘူး၊ အဓိကက ပိတ်ပင်ချင်တာပေါ့၊ အဲဒီအချိန်မှာ ကျွန်တော်တို့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းတွေနဲ့ (သူတို့နဲ့) ပဋိပက္ခဖြစ်တာပေါ့” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

“အကုန် ဒုက္ခရောက်နေတာ အမိုးအကာ မရှိဘူး၊ နေစရာ စားစရာ မရှိတဲ့အချိန်မှာ အဲဒီလို ပိတ်ပင်တော့ ဘယ်လိုမှ လက်မခံနိုင်ဘူး။ အဲဒီမှာ ပြဿနာတက်ပြီးနောက်မှာ ဖမ်းတာဆီးတာတွေ လုပ်တယ်ဗျ”

၎င်းကိုယ်တိုင်မှာလည်း အကူအညီပေးရေးအဖွဲ့မှာ ပါဝင်ခဲ့ပြီး လက်ရှိတွင် တိမ်းရှောင်နေရသည်ဟု ဆိုသည်။

စစ်တွေမြို့ စက်ရုံစုရပ်ကွက် (၂) အတွင်းရှိ နာဇီရွာ မီးလောင်ပြင်ကွင်းတွင် ALP က ဌာနချုပ် ဖွင့်လှစ်ထားသည်။

ဖမ်းဆီးထားသူ ၂ ဦးသည် ဒေသခံများသာ ဖြစ်ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်များကိုလည်း ဖမ်းဆီးရန် ကြိုးစားနေ၍ ၎င်းကိုယ်တိုင် တိမ်းရှောင်နေရသည်ဟု စက်ရုံစုရပ်ကွက် (၂) မှ အမည်မဖော်လိုသော အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ရှောင်တိမ်းနေရတယ်။ (အုပ်ချုပ်ရေးအဖွဲ့ဝင်) ၇ ယောက်လောက်တော့ ရှိတယ်။ နယ်ဘက်မှာ ရှောင်တိမ်းနေရတယ်။ သူတို့ အမျိုးမျိုးခြိမ်းခြောက်နေတယ်။ နောက်မှာ ကျန်ခဲ့တဲ့ မိသားစုဝင်နဲ့ အမျိုးသမီးတွေကိုလည်း ညဘက်တွေဆိုရင် ကျွန်တော်တို့ကို လာရှာရင်းနဲ့ ခြိမ်းခြောက်တာတွေ ရှိတယ်” ဟု သူက ဆိုသည်။

ဖမ်းဆီးခံထားရသည့် အမျိုးသားနှစ်ဦးကို နာဇီရွာ ALP စခန်းတွင် ထိန်းသိမ်းထားပြီး ပြန်လွှတ်ပေးစေလိုပါက ကျပ်နှစ်သိန်း ပေးရမည်ဟု တောင်းကြောင်း အထက်ပါအမျိုးသားနှစ်ဦးက ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြား အတည်မပြုနိုင်ပေ။

ALP ပါတီ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကမူ စက်ရုံစုရပ်ကွက်မှ ဒေသခံ နှစ်ဦးကို ဖမ်းဆီးထားခြင်း မရှိသလို မုန်တိုင်းကူညီကယ်ဆယ်ရေးကို တားမြစ်ခြင်း မပြုလုပ်ခဲ့ကြောင်း ပြောသည်။

“တစ်ခါမှ မလုပ်ဘူး။ (ဖမ်းထားတယ်လို့) ဘယ်သူက ပြောတာလဲ။ ALP က အမြဲတမ်းကူညီနေတယ်။ မနေ့က ALP က အလှူသွားပေးတယ်။ တစ်ပြားရ တစ်ပြားပေးတယ်၊ နှစ်ပြားရ နှစ်ပြားပေးတယ်” ဟု သူက Myanmar Now ကို ဇွန် ၂၂ ရက်နေ့က ပြောသည်။

ALP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဇော်မင်းသိန်းကို ထိုဖမ်းဆီးမှုအကြောင်း မေးမြန်းရာတွင် ၎င်းကိုယ်တိုင် ခရီးလွန်နေ၍ သတင်းများ မသိရသေးကြောင်း ပြောသည်။

“ဖမ်းဆီးထားတယ် ဟုတ်မဟုတ်ဆိုတာကို မေးမြန်းပြီးမှ အကြောင်းပြန်ပေးနိုင်ပါမယ်ခင်ဗျ” ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ အခက်အခဲဖြစ်နေတဲ့သူတွေကို နိုင်သလောက် ကူညီနေတာတွေ ရှိပါတယ်။ သူများတွေက ကူညီပေးထားတာကို တားဆီးတာမျိုး မရှိပါဘူး။ ကျွန်တော်တို့ဘက်က အခက်အခဲဖြစ်နေတာကို ဖြေရှင်းပေးနေတာပါ”

ALP တာဝန်ရှိသူများအနေဖြင့် ယင်းကိစ္စရပ်များကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ပြည်သူလူထုကို ကူညီပေးနေသော အဖွဲ့အစည်းများကို မဖမ်းဆီးရန်နှင့် ခြိမ်းခြောက်မှုများ မပြုလုပ်စေလိုကြောင်း စက်ရုံစုရပ်ကွက် (၂) မှ အုပ်ချုပ်ရေးအဖွဲ့ဝင် အမျိုးသားက ပြောသည်။

ALP သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လတ်မှတ်ရေးထိုးထားသည့် စစ်ကောင်စီက ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ တက်ရောက်လေ့ရှိသဖြင့် ရခိုင်လူထုကြား ဝေဖန်ခံနေရသည်။

ယခုနှစ် ဇန်နဝါရီ ၄ က စစ်တွေမြို့၊ ဝေသာလီဘောလုံးကွင်းအတွင်း ပြည်နယ်စစ်ကောင်စီက ပြုလုပ်သည့် လွတ်လပ်ရေးနေ့အခမ်းအနား တက်ရောက်ပြီး ပြန်လာသည့် ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ ဗိုလ်မှူးကြီးခိုင်ကျော်စိုး၊ ဗိုလ်ကြီးခိုင်သူရိန္ဒတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

ဒေသတွင်း ရခိုင်လူထုထောက်ခံမှုရသော ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်ဆံရေး တင်းမာနေပြီး ယမန်နှစ် ဩဂုတ်လအတွင်း စစ်တွေမြို့၌ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA) ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ၈ ဦးတွင် ပါဝင်သည့် ဒုဗိုလ်မှူးကြီးခိုင်ပေါ်လင်းကို AA က ဖမ်းဆီးသွားသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် မေ ၁၄ က တိုက်ခိုက်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြို့နယ်အများအပြား ဘေးသင့်ခဲ့ရပြီး စစ်ကောင်စီကလည်း ကူညီကယ်ဆယ်ရေးအဖွဲ့များကို တားမြစ်ထား၍ ဒေသခံအများအပြားမှာ မုန်တိုင်းဝင်ပြီး တစ်လကျော်သည်အထိ အခက်အခဲများ ဖြစ်ပေါ်နေကြသည်။

လက်ရှိတွင် ရခိုင်အရပ်ဘက်အဖွဲ့တချို့နှင့် AA တပ်ဖွဲ့ဝင်များက နေရာတချို့တွင် ကူညီကယ်ဆယ်ရေး လုပ်နေသော်လည်း ရခိုင်ဒေသခံများမှာ နေရေးစားရေးအပါအဝင် ပြန်လည်ထူထောင်ရေး အခက်အခဲများစွာ ရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button