ဆောင်းပါး

ဗိုလ်လုပွဲနွှဲနေသည့် ရက္ခိုင့်သမိုင်းထဲက ALP ပါတီ

နိုင်ငံအနောက်ပိုင်း ရခိုင်ရိုးမတောင်တန်းနှင့် ဘင်္ဂလားပင်လယ်အော်အကြား ကမ်းမြောင်ဒေသတွင် တည်ရှိသည့် ရခိုင်ပြည်နယ်အတွင်း တိမ်ထူထပ်၍ မိုးစက်များ တဖြောက်ဖြောက်ကျနေချိန် မတ် ၂၀ နံနက်ခင်းတစ်ခုကို Facebook စာမျက်နှာတစ်ခုက လှုပ်နှိုးလိုက်သည်။

ရခိုင့်အမျိုးသားရေး၊ ရခိုင်ပြည်လွတ်မြောက်ရေးအတွက် လွန်ခဲ့သော ၅၆ နှစ်ကတည်းက လှုပ်ရှားခဲ့သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ALP ၏ လက်နက်ကိုင်အဖွဲ့ (ALA) အကြား အကွဲအပြဲများ လူမှုကွန်ရက်မှတစ်ဆင့် အများသိ ထွက်ပေါ်လာ၍ဖြစ်သည်။

ALP စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန Facebookတွင် တင်လိုက်သည့် ဓာတ်ပုံတစ်ပုံက အစပြုသည်။

ကမ်းခြေ သဲသောင်ပြင်ဖွေးဖွေးပေါ်တွင် လက်ကို ဆန့်တန်း၍ ပင်လယ်ကြီး၏ သဘာဝတရားကို နှစ်နှစ်ခြိုက်ခြိုက် ခံစားနေဟန်ရှိပြီး ပြုံးပျော်နေသော အမျိုးသမီးကြီးတစ်ဦး ယာဘက်လက် ဆန့်ထုတ် ဝှေ့ယမ်းနေသည့် ဓာတ်ပုံကို ALP စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန Facebook စာမျက်နှာတွင် Profile အဖြစ် သုံးထားသည်။

ALP Facebook တွင် မတ် ၂၀ ရက်က တင်ထားသည့်ပုံ။

ဓာတ်ပုံပါ အမျိုးသမီးကြီးမှာ အာဏာသိမ်းစစ်ကောင်စီနှင့် တတွဲတွဲတွေ့ရလေ့ရှိသည့် ALP ဒုဥက္ကဋ္ဌ စောမြရာဇာလင်း။ ထိုဓာတ်ပုံအောက်တွင် သရော်လှောင်ပြောင်သည့် HaHa များ၊ “မော်ဒယ်တွေ သိပ်လန်းနေတာပဲ”၊ “မြင်လိုက်တယ် အန်တီစိုး၊ ကမ်းခြေမှာ ရှိုးထုတ်နေတဲ့ပုံ” စသည်ဖြင့် သရော်လှောင်ပြောင်သည့် မှတ်ချက်များစွာ တွေ့ရသည်။ 

ALP ၏ အထက်ပါ Facebook စာမျက်နှာက နောက်ထပ် ပို့စ်သုံးခု တင်ပြန်ရာ လူအများအကြား ပို၍ ပွဲကျစရာ၊ ဝေဖန်စရာ၊ ခနဲ့စရာ ဖြစ်ပြန်သည်။ ပထမပို့စ်တစ်ခုတွင် စောမြရာဇာလင်း ဥက္ကဋ္ဌတာဝန်ယူ၍ ALP ကို ပြန်လည်ဖွဲ့စည်းသည့် ကိစ္စမှာ တရားမဝင်၊ ဥက္ကဋ္ဌ ခိုင်ရဲခိုင် ဦးဆောင်သော ALP သည်သာ တရားဝင်ကြောင်း ရေးထားသည်။

နာရီပိုင်းအကြာတွင် စောမြရာဇာလင်း၏ ဓာတ်ပုံနှင့် စောမြရာဇာလင်းကို ဥက္ကဋ္ဌတင်မြှောက်၍ ALP ပြန်ဖွဲ့မှုမှာ တရားမဝင်ဟု ရေးထားသော ပို့စ်နှစ်ခုစလုံး ALP စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန Facebook စာမျက်နှာတွင် ပျောက်သွားသည်။

ထို့နောက် ညနေ ၃ နာရီခန့်တွင် မည်သူ့ကို ရည်ညွှန်းသည် မသိရသော “မိမိ” ဆိုသော အသုံးအနှုန်းကို သုံးကာ စိတ်တူကိုယ်တူ သွားလိုသည့် နိုင်ငံရေးခရီးလမ်း ဖြောင့်တန်းစွာသွားရန် ခက်ခဲလာမည်ကို မြင်သည့်အတွက် ဦးဆောင်သူ ၃၀ ဖြင့် ALP ကို ပြန်ဖွဲ့သည်ဆိုသော စာတစ်စောင်ကို လူစာရင်းနှင့်တကွ ထပ်တင်သည်။ စောမြရာဇာလင်းကို ဥက္ကဋ္ဌအဖြစ် ဖော်ပြထားသည်။

ALP Facebook တွင် မတ် ၂၀ ရက်က တင်သည့် စာအောက်ရှိ မှတ်ချက်တစ်ခု။

စာလုံးပေါင်းအမှားများစွာပါဝင်သည့် ထိုစာတွင် ALP/ALA အဖွဲ့အစည်းအတွင်း ဗိုလ်လုပွဲ မည်မျှပြင်းထန်နေသည်ကို မြင်သာနေရာ Facebook သုံးသူများအကြား ဟားစရာ၊ ပြစ်တင်ပြောဆိုစရာ ဖြစ်ခဲ့ရသည်။ “စာလုံးပေါင်းသတ်ပုံ အမှားနိုင်ဆုံးနဲ့ အဖွဲ့အစည်းအတွင်း အပြိုကွဲဆုံးတပ်မတော် ” ဟု ထိုပို့စ်အောက်တွင် တစ်ဦးက မှတ်ချက်ပြုထားသည်။

ထိုနေ့ည ၈ နာရီတွင် မသမာသူလူတစ်စု တိုက်ခိုက်ဖျက်ဆီးမှုကို ပြန်လည်ထိန်းသိမ်းလိုက်နိုင်ပြီဟု ရေးသားလိုက်ခြင်းအားဖြင့် ALP Facebook စာမျက်နှာကို စောမြရာဇာလင်းတို့အုပ်စု ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သေချာသွားစေသည်။

နိုင်ငံရေးအဖွဲ့အစည်းတစ်ခု၏ ထိပ်ပိုင်းခေါင်းဆောင်များကြား အုပ်စုကွဲနေခြင်းကို အွန်လိုင်းလူမြင်ကွင်းတွင် တွေ့ရသဖြင့် စိတ်မသက်မသာဖြစ်မိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ရှက်ဖို့ ကောင်းတယ်လို့ပဲ ပြောရပါမယ်။ မရှက်တတ်ဘူးဆိုရင်တော့ ဒီလိုပုံစံ ဆက်သွားကြလိမ့်မယ်” ဟု စစ်တွေမြို့အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခုမှ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

အများဝေဖန်စရာဖြစ်နေသည့် ယင်းအခြေအနေတို့မှာ ၁၉၆၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် သက်တမ်းရင့် ရခိုင့်တော်လှန်ရေးအဖွဲ့အစည်း ALP အတွင်း မည်မျှ အကွဲကွဲအပြဲပြဲဖြစ်နေပြီဆိုသည်ကို အထင်အရှား သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။

“ပါတီသမိုင်းအစဉ်အလာကြီးမားတာကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ပါတီထဲက ထိပ်ပိုင်းခေါင်းဆောင် အချင်ချင်းကြား မူဝါဒကွဲလွဲစွာ ရပ်တည်ကြတာကို တွေ့မြင်ရလို့ စိတ်မကောင်းဖြစ်မိတယ်” ဟု ကျောက်တော်မြို့ခံ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ခိုင်ရဲခိုင်(အလယ်)။ ALP ဒုဥက္ကဋ္ဌ စောမြရာဇာလင်းက ခိုင်ရဲခိုင်ကို ထုတ်ပယ်၍ ဥက္ကဋ္ဌရာထူး ယူလိုက်ပြီဟု မတ်လအတွင်း ကြေညာသည်။ ဓာတ်ပုံ – ALA

အဖွဲ့အစည်းတစ်ခု အုပ်စုသုံးစု

ALP ၏ အက်ကြောင်းမှာ ၂၀၁၅ ခုနှစ်တွင် စစ်တပ်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရာမှ စသည်။ ထိုအချိန်မှစ၍ ခေါင်းဆောင်အချို့ကြား အမြင်မတူမှုများ သိသိသာသာ တိုးပွားလာသည်။ နောက်ခြောက်နှစ်အကြာ၂၀၂၁ ခုနှစ် နောက်ပိုင်းမှစ၍ ALP တွင် အဖွဲ့အစည်းတစ်ခု အုပ်စုသုံးစု ပုံသဏ္ဌာန်ကို ထင်ရှားစွာ တွေ့လာရသည်။

၂၀၂၂ ဇန်နဝါရီတွင် ခိုင်ရဲခိုင်နှင့် စောမြရာဇာလင်း ပေါင်းကာ ထုတ်ပယ်လိုက်သည့် ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင် ဦးဆောင်သည့် ALP တစ်ဖွဲ့ပေါ်လာသည်။ သို့သော် ခိုင်စိုးနိုင်အောင်နှင့် ၎င်းဦးဆောင်ဖွဲ့စည်းသည်ဆိုသော ကော်မတီ၏ ခြေလှမ်းတို့မှာ အများပြည်သူမြင်ကွင်းမှ ယနေ့ထက်တိုင် ပျောက်ကွယ်သွားသည်။

ခိုင်စိုးနိုင်အောင် ထုတ်ပယ်ခံရချိန်တွင် ALP စဖွဲ့ကတည်းက ပါခဲ့ပြီး ၁၉၈၁ ခုနှစ်မှစ၍ နှစ်ပေါင်း ၄၀ ကျော် ဥက္ကဋ္ဌတာဝန်ယူခဲ့သည့် ခိုင်ရဲခိုင်က နေရာဆက်ယူသည်။ ခိုင်ရဲခိုင် ဥက္ကဋ္ဌစဖြစ်ချိန်တွင် ALP သို့ ရောက်လာသည့် စောမြရာဇာလင်းကို ဒုဥက္ကဌရာထူး ပေးသည်။

မူလပထမ နေရာလုပွဲအပြီး တစ်နှစ်ကျော်အကြာ မတ် ၂၀ ရက်တွင် ကာလရှည် ALP ဥက္ကဋ္ဌ အသက် ၈၀ အရွယ် ခိုင်ရဲခိုင်နှင့် အသက် ၆၀ ကျော် စောမြရာဇာလင်းတို့ကြား အကွဲအပြဲ လူသိထင်ရှားဖြစ်လာပြီး နှစ်ဖွဲ့ ထပ်ကွဲသည်။

အွန်လိုင်းလူမြင်ကွင်း Facebook တွင်ပါ အထက်ပါအတိုင်း သူနိုင်ကိုယ်နိုင် အပြိုင်ကြဲခဲ့ကြသည်။ အာဏာသိမ်းစစ်ကောင်စီ ကျောထောက်နောက်ခံရှိသည့် စောမြရာဇာလင်းက လူထုဆက်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်နေသည့် Facebook စာမျက်နှာကိုပါ အပိုင်စီးလိုက်နိုင်သည်။

ခိုင်ရဲခိုင်နှင့် စောမြရာဇာလင်းတို့၏ ပဋိပက္ခမှာ ယခုမှ ရုတ်တရက်ပေါ်လာခြင်းတော့ မဟုတ်ပါ။

အများပြည်သူ ပထမဆုံးသတိထားမိသည့် ဖြစ်စဉ်မှာ ၂၀၂၃ ဇန်နဝါရီ ၄ ရက်က ဖြစ်သည်။ ALA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြ၊ ဗိုလ်မှူးကြီး ခိုင်ကျော်စိုး၊ ဗိုလ်ကြီး ခိုင်သူရိန္ဒ တို့ကို စစ်တွေမြို့တွင် သေနတ်သမားများက လုပ်ကြံပြီးနောက်တွင် ဖြစ်သည်။

ထိုဖြစ်စဉ်မှာ ALP ထူထောင်ပြီး နှစ်ပေါင်း ၄၀ ကျော်မှ ပေါ်လာသည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ ရက္ခိုင့်တပ်တော် (AA) လက်ချက်ဖြစ်သည်ဟု စွပ်စွဲမှုတချို့ ရှိသော်လည်း AA ဘက်က ငြင်းထားသည်။ လက်ရှိအခြေအနေတွင် AA သည် ရာဇဝင်ထဲမှ ALP/ALA ကို ကျော်လွန်၍ ရခိုင်ပြည်နယ်အတွင်း စစ်ရေး၊ နိုင်ငံရေး ဩဇာကြီးမားနေသည့် အဖွဲ့အစည်းဖြစ်သည်။

ALA စစ်ဦးစီးချုပ် သေဆုံးပြီးနောက်တွင် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ခိုင်မင်းစိုးက တပ်ပြိုကွဲအောင် လုပ်လာနေသည်ဟု စောမြရာဇာလင်းက စွပ်စွဲသည်။ ထိုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် ခိုင်မင်းစိုးကို စစ်ဆေးရန် ခိုင်ရဲခိုင်ထံ စောမြရာဇာလင်းက စာပို့သည်။

ထိုမျှမက ယင်းနေ့တွင်ပင် စစ်ကောင်စီအကူအညီဖြင့် စောမြရာဇာလင်းက ခိုင်မင်းစိုးနှင့် စစ်သည်နှစ်ဦးကို စစ်တွေလေဆိပ်တွင် ဖမ်းသည်။ စစ်တွေမြို့ပေါ်ရှိ ALA အမှတ် (၁၀၁) အထူးတပ်ရင်းတွင် ယနေ့ထက်တိုင် ချုပ်နှောင်ထားသည်။

စောမြရာဇာလင်း၏ ထိုလုပ်ရပ်ကို ALP ဥက္ကဋ္ဌ ခိုင်ရဲခိုင်က သဘောမတူ။ ဗိုလ်မှူးချုပ် ခိုင်မင်းစိုးနှင့်အဖွဲ့မှာ သူ့ ညွှန်ကြားချက်အရ စစ်ဘက်ဆိုင်ရာကိစ္စများ စီမံရန် ခရီးထွက်ခြင်းသာဖြစ်၍ ချက်ချင်းပြန်လွှတ်ပေးရန် ခိုင်ရဲခိုင်က စောမြရာဇာလင်းထံ နေ့ချင်း အရေးဆိုသည်။ သို့သော် အကြောင်းမထူးခဲ့။

ဗိုလ်မှူးချုပ် ခိုင်မင်းစိုးကို ဖမ်းရခြင်းမှာ ရခိုင်ပြည်နယ်တွင် ရှိနေသည့် ALA တပ်ဖွဲ့ဝင်များကို စည်းရုံး၍ ကရင်ပြည်နယ် ဘားအံခရိုင်တွင် အခြေစိုက်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၇) နယ်မြေသို့ ရွှေ့ပြောင်းရန် ကြံစည်မှုကြောင့်ဖြစ်သည်ဟု စောမြရာဇာလင်းက ပြောသည်။ ထိုသို့ လုပ်ဆောင်ရန် ခိုင်ရဲခိုင်က ညွှန်ကြားခဲ့သည်ဟု သူက ဆိုသည်။

“အဲဒါကို ကျွန်မတို့က အစတုန်းက မသိဘူး။ ခိုင်မင်းစိုးက တစ်ခါလာလို့ ဆွေးနွေးဖူးတယ်။ သူ့အနေနဲ့လည်း ဒီမှာ (ရခိုင်မှာ) ဆက်လို့မနေလိုကြောင်း၊ KNU တပ်မဟာ (၇) ဘက်ကို သွားဖို့ဆိုတဲ့ အကြောင်းကို ဆွေးနွေးလာတယ်” ဟု စောမြရာဇာလင်းက ပြောသည်။ 

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ခိုင်ရဲခိုင်နှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် တပ်ဖွဲ့ဝင်အချို့။ ဓာတ်ပုံ – ALA

ဥက္ကဋ္ဌ ခိုင်ရဲခိုင်နှင့်အတူ ထုတ်ပယ်ကြောင်း ကြေညာခံရသည့် ALP အထွေထွေအတွင်းရေးမှူးကမူ စစ်ဦးစီးချုပ်ပင် လုပ်ကြံခံခဲ့ရသည့် စစ်တွေမြို့၌ လုံခြုံမှုမရှိတော့ခြင်းကြောင့် တပ်ရွှေ့ရန် စီစဉ်ရသည်ဟု ပြောသည်။

ထိုကိစ္စအပေါ် နှစ်ဖက် ညှိနှိုင်းမရ ဖြစ်ပြီးနောက်တွင် ဗိုလ်မှူးချုပ် ခိုင်မင်းစိုးကို စောမြရာဇာလင်းက ဖမ်းလိုက်ခြင်းဖြစ်သည်။ ထိုမှ တစ်လဝန်းကျင်ကြာ မတ် ၂၀ တွင် စစ်ကောင်စီကို ကျောထောက်နောက်ခံပြုထားသည့် စောမြရာဇာလင်းက ALP ထူထောင်ခါစကတည်းက ပါဝင်ခဲ့သည့် ဥက္ကဋ္ဌ ခိုင်ရဲခိုင်နှင့် ဗဟိုကော်မတီဝင်အများစုကို ထုတ်ပယ်သည့်ဖြစ်စဉ် ပေါ်ပေါက်လာသည်။

ခိုင်ရဲခိုင်နှင့် သဘောထားကွဲလွဲမှုမှာ အထက်ပါ ကိစ္စများသာမက NCA စာချုပ်ကို မည်သို့ ချဉ်းကပ် အကောင်အထည်ဖော်ကြမည်ဆိုသော နည်းလမ်းရွေးချယ်မှု မတူညီရာမှ အစပြုခဲ့ကြောင်း စောမြရာဇာလင်းက ဆိုသည်။ NCA အရ ဆွေးနွေးမှုဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စကို ဖြေရှင်းရမည်ဖြစ်သော်လည်း ခိုင်ရဲခိုင်က ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့လျှင် လွတ်လပ်ရေးနှင့် ဆိုင်သော အကြောင်းအရာ (Issue) ကို ဆွေးနွေးရန် တဖွဖွပြောနေသည်ဟု စောမြရာဇာလင်းက ဆိုသည်။

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စပြီး ဆွေးနွေးဖို့သွားတဲ့အချိန် လွတ်လပ်ရေးဆိုတဲ့စကားကို ပြောရမယ်လို့ Issue တင်တယ်။ NCA လမ်းကြောင်းနဲ့ သွားနေတာမှာ လွတ်လပ်ရေးစကားကို ပြောလို့မရ။ အဲဒါကြောင့် ဖက်ဒရယ်လမ်းစဉ်အတိုင်း သွားရမယ်လို့ ပါတီတွင်းအစည်းအဝေးမှာ သိပ်အချေအတင်ပြောခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။

၁၉၇၄ ခုနှစ်တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ တာဝန်ယူခဲ့သည့် ခိုင်မိုးလင်း။

စောမြရာဇာလင်း၏ အထက်ပါ မှတ်ချက်မှာ ALP ကို ၁၉၇၄ ခုနှစ်မှစ၍ နှစ်နှစ်ကြာ ဥက္ကဋ္ဌတာဝန်ယူခဲ့ပြီး ၁၉၇၆ ခုနှစ် စစ်တပ်နှင့် တိုက်ပွဲတွင် ဒဏ်ရာအကြီးအကျယ်ရကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသည့် ခိုင်မိုးလင်း၏ အယူအဆနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေသည်။

ခိုင်မိုးလင်း ALP ဥက္ကဋ္ဌ တာဝန်ယူချိန်တွင် “ရခိုင်ပြည်လွတ်လပ်ရေးသည် လက်နက်ကိုင်တိုက်ပွဲမှတစ်ပါး အခြားသောနည်းလမ်းမရှိ”၊  ”ရခိုင်ပြည်လွတ်လပ်ရေးသည် ရခိုင့်အမျိုးသားစည်းလုံးညီညွတ်ရေး၏ လက်ဝယ်တွင် ရှိသည်” ဟု ပြောခဲ့သည်။ ALP ထူထောင်စဉ်ကတည်းက ချမှတ်ထားသည့် ရခိုင်ပြည်နယ်လွတ်မြောက်ရေးဆိုသောမူကို မည်သို့ အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ခိုင်မိုးလင်းက လမ်းညွှန်ခဲ့ခြင်းဖြစ်သည်။

ALP ၏ မူလရည်မှန်းချက်၊ လမ်းစဉ်နှင့် လက်ရှိသွားနေသည့် လမ်းကြောင်း သွေဖည်မှုရှိမရှိနှင့် ပတ်သက်ပြီး စောမြရာဇာလင်းက မှတ်ချက်မပြုသော်လည်း စစ်တပ်နှင့် သဘောတူထားသည့် NCA မူဘောင်အတိုင်း ဆက်လျှောက်နိုင်ရေးအတွက် အမြင်မတူသူများကို လက်တွဲဖြုတ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

“ကျွန်မတို့သွားနေတဲ့ NCA လက်မှတ်ထိုးထားတဲ့ လမ်းစဉ်နဲ့ ချောချောမောမောသွားဖို့က အရေးကြီးတယ်။ အဲဒါကြောင့် စိတ်တူကိုယ်တူ အမြင်တူတဲ့သူတွေနဲ့ ကျွန်မတို့စုဖွဲ့မှုကို လုပ်ပြီးတော့၊ အဲလိုအမြင်မတူတဲ့သူတွေကို ကိုယ့်ဟာနဲ့ကိုယ် ထားခဲ့တာ ဖြစ်ပါတယ်” ဟု စောမြရာဇာလင်းက ဆိုသည်။

စောမြရာဇာလင်း ဦးဆောင်သည့် ALP က “ယခင်ဖွဲ့စည်းမှု၌ ပါဝင်ခဲ့သော ခေါင်းဆောင်တစ်ဦးဦးသည် NCA (စစ်တပ်နှင့် လက်မှတ်ထိုးထားသည့် အပစ်ရပ်စဲရေးစာချုပ်) လမ်းကြောင်းမှ သွေဖည်၍ ALP/ALA အမည်ခံကာ လုပ်ဆောင်နေပါက ဖြစ်ပေါ်လာသော ပြဿနာဟူသမျှကို မိမိတို့မှ တာဝန်ယူမည် မဟုတ်ပါ” ဟု မတ် ၅ ရက်စွဲဖြင့် စာတစ်စောင် ထုတ်ပြန်ထားပြီးဖြစ်သည်။

စောမြရာဇာလင်းက ထုတ်ပယ်လိုက်သည် ဆိုသော်လည်း ထိုလုပ်ရပ်ကို ခေါင်းဆောင်ပိုင်းအများစုက ကြိုမသိခဲ့ကြောင်း ခိုင်ရဲခိုင်အုပ်စုမှ ခိုင်ကျော်ခိုင်က ပြောသည်။ 

“ဗဟိုကော်မတီဝင် ၉၀ ရာခိုင်နှုန်းကျော်လောက်က ဘာမှ မသိခဲ့ဘူး။ တိုင်ပင်ဆွေးနွေးတာလည်း မရှိဘူး။ သူ့ဟာသူပဲ လုပ်သွားတာ။” ဟု ခိုင်ကျော်ခိုင်က ပြောသည်။ 

ခိုင်ကျော်ခိုင်မှာ ALP အထွေထွေအတွင်းရေးမှူးဖြစ်သည်။ စောမြရာဇာလင်းက ပါတီကို ပြန်ဖွဲ့သည်ဆိုရာတွင် သူ့ကိုပါ ချန်လှပ်ထားသည်။

အမည်၊ တံဆိပ်၊ အလံတို့ပါ လုကြပြီ

စစ်အုပ်စုနှင့် ပုလဲပနံသင့်သည့် စောမြရာဇာလင်း၏ မျက်မှောက်ခေတ် အာဏာသိမ်းမှုကို ခိုင်ရဲခိုင်တို့ဘက်ကလည်း အသာတကြည်လက်သင့်မခံခဲ့ပေ။ ပါတီ (ALP)၊ တပ်မတော် (ALA) ၏ အမည်၊ အမှတ်တံဆိပ်၊ အလံတို့ကို အလွဲသုံး၍ ပါတီသစ်ထူထောင်မှုမှာ တရားမဝင်ဟု ခိုင်ရဲခိုင်အုပ်စုဘက်က မတ် ၂၀ ရက်တွင် ထုတ်ပြန်သည်။

စောမြရာဇာလင်းမှာ ပါတီနှင့် မသက်ဆိုင်တော့ကြောင်း၊ ALP တရားရေးဌာန၏ ဆုံးဖြတ်ချက်အရ စစ်တပ်နှင့် ညှိနှိုင်းဆွေးနွေးနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့တွင် ပေးထားသည့် တာဝန်ကို ရပ်ဆိုင်းလိုက်ကြောင်း ခိုင်ရဲခိုင်တို့ဘက်က တစ်ပါတည်း ဆိုထားသည်။

“ကျွန်တော်တို့ ပြောချင်တာကတော့ သူနဲ့ ကျွန်တော်တို့ လုံးဝမသက်ဆိုင်တော့ဘူး။ ALP ရဲ့နာမည်၊ လိုဂို (အမှတ်တံဆိပ်) တွေကို (စောမြရာဇာလင်း) သုံးစွဲနေတာတွေဟာ တရားဝင်မှုမရှိဘူး။ သူလုပ်နေတဲ့ဟာတွေဟာ ပါတီနဲ့ လုံးဝမသက်ဆိုင်ဘူး” ဟု ခိုင်ကျော်ခိုင်က ပြောသည်။

စောမြရာဇာလင်းကမူ ALP သည် ခိုင်ရဲခိုင် မူပိုင်မဟုတ်၊ မိမိသည်လည်း ပိုင်ရှင်တစ်ဦးဖြစ်သည်၊ သူ့အဖွဲ့၊ ကိုယ့်အဖွဲ့ ရပ်တည်ကြရုံသာရှိသည်ဟု ဆိုသည်။

စောမြရာဇာလင်း။ (ALP ပါတီသမိုင်းစာအုပ်)

“ကိုယ်ပိုင်တဲ့ ALP ဘက်မှာ ရှိပါတယ်။ ကိုယ်ပိုင်တဲ့ ALP ကို ဦးဆောင်နေခြင်းဖြစ်ပါတယ်။ နောက်တစ်ခုက တံဆိပ်တုံးကို သုံးတာ (ခိုင်ရဲခိုင်ဘက်က) တရားမဝင်ဘူးတဲ့။ တံဆိပ်တုံးဆိုတာက ပညတ်တစ်ခုပဲ ဖြစ်ပါတယ်။ အဓိက လုပ်နိုင်ကိုင်နိုင်မှုအပေါ်မှာ အရေးကြီးပါတယ်။ လုပ်နိုင်ကိုယ်နိုင်အောင် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ အဲဒီတံဆိပ်တုံးလည်း ကျွန်မလုပ်ထားတဲ့ တံဆိပ်တုံးပါ” ဟု စောမြရာဇာလင်းက ပြောသည်။

သမိုင်းထဲက ALP

လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာပြည်၏ တတိယမြောက် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းထားချိန်တွင် အကွဲအပြဲများကြောင့် ALP ၏ ဂုဏ်သိက္ခာနှင့် ရခိုင်ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု ပြန်ရရန် မည်သို့ ပြန်လည်ထူထောင်မည်ကိုမူ ခိုင်ရဲခိုင်နှင့် စောမြရာဇာလင်းတို့ထံမှ မကြားရသေးပါ။

ပထမဆုံးစစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် ၁၉၆၇ ခုနှစ်၊ ဧပြီလ ၉ ရက်တွင် ရန်ကုန်မြို့၌ ရခိုင်ကျောင်းသားများ၊ ရဟန်းပျိုများ၊ အလုပ်သမားများကို စည်းရုံးကာ ခိုင်ပြည်သိမ်း ထူထောင်ခဲ့သည့် ALP ၏ သမိုင်းကြောင်းမှာ မသေးလှပေ။

ခိုင်ပြည်သိမ်းသည် ဗိုလ်ချုပ်နေဝင်း၏ ရန်ကြောင့် ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေသို့ တိမ်းရှောင်ခဲ့ရသည်။ ထိုကာလအတွင်း ALP ဗဟိုကော်မတီဝင်အများအပြားလည်း အဖမ်းခံခဲ့ရသည်။ ခိုင်ပြည်သိမ်းမှာ KNU နယ်မြေမှတစ်ဆင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အခြေစိုက်ရာ ကချင်ပြည်သို့ ပြောင်းရွှေ့သွားခဲ့ပြီးနောက် ကွယ်လွန်သည်ဟု သိရသည်။ အသေးစိတ်ကိုမူ မသိရပေ။

ထို့နောက် ခေါင်းဆောင်မှု မဲ့နေသော ALP ကို KNU အကူအညီဖြင့် ၁၉၇၀ ကျော်တွင် အကျဉ်းထောင်မှ ပြန်လွတ်လာသည့် ခိုင်မိုးလင်းက ပြန်လည်ထူထောင်သည်။ ခိုင်မိုးလင်း သေဆုံးသွားပြီးနောက် ALP တွင် ခေါင်းဆောင်မရှိ ဖြစ်ရပြန်သည်။

၁၉၈၁ မှစ၍ ခိုင်ရဲခိုင်က ဥက္ကဋ္ဌတာဝန်ယူ၍ ALP ကို တစ်ကျော့ပြန်ထူထောင်ခဲ့သည်။ သို့သော် နှစ်ပေါင်း ၄၂ နှစ်အကြာ ၂၀၂၃ တွင် ALP ၌ ခေါင်းဆောင်မှုပြဿနာ ထပ်မံပေါ်ပေါက်လာခဲ့ပြီး ခိုင်ရဲခိုင်က တစ်ဖက်၊ စောမြရာဇာလင်းက တစ်ဖက်ဖြစ်လာသည်။

၂၀၂၂ တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ပြုလုပ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အစည်းအဝေး။ ဓာတ်ပုံ-ALP

နဂိုမူလ ALP ပါတီဖွဲ့စည်းပုံအရ ရာထူး၊ တာဝန်များကို ညီလာခံဖြင့် ခန့်အပ်ရမည်ဖြစ်သည်။ သို့သော် ယခုကဲ့သို့ ပါတီတွင်း စင်ပြိုင် နှစ်ခြမ်းခွဲကြရာတွင် ALP ဖွဲ့စည်းပုံပါ မည်သည့်အချက်ကို ယူ၍ လုပ်ဆောင်သည်ကို ခိုင်ရဲခိုင်နှင့် စောမြရာဇာလင်းတို့ထံမှ ရှင်းလင်းစွာ မသိရသေးပေ။

လက်နက်ကိုင်အဖွဲ့အစည်း ALA တွင် စစ်ဦးစီးချုပ် အသတ်ခံရ၊ ဒုတိယစစ်ဦးစီးချုပ် အဖမ်းခံရပြီး မကြာမီမှာပင် နိုင်ငံရေးအဖွဲ့ ALP ကွဲသွားခြင်းဖြစ်ရာ မည်သည့်အမှုဆောင်အဖွဲ့ဘက်တွင် လက်နက်ကိုင်အင်အား မည်မျှရှိနေကြောင်းလည်း မသိရသေးပေ။

ရခိုင်-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံနယ်စပ် တြိဂံနယ်မြေတွင် ဗဟိုဌာနချုပ် တည်ထားသည့် ALP ၏ အင်အားမှာ ၂၀၀ ထက် မပိုတော့ဟု ALP ပါတီဝင်ဟောင်းများ၊ ရခိုင်နိုင်ငံရေးသမားများက ခန့်မှန်းသည်။ ထို့ပြင် ALP က အာဏာသိမ်းစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်နေခြင်း၊ နေရာလုပွဲ ဖြစ်ပေါ်နေခြင်းတို့ကြောင့် ရခိုင်လူထု၏ ယုံကြည်မှု ကျဆင်းနေပြီဟု ဆိုကြသည်။

ALP သည် စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှု များလာသည်ဟု ရခိုင် ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ဝေဖန်သည်။

“ALP ပါတီဟာ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းက ဖယ်ခွာပြီး စစ်ကောင်စီနဲ့ လက်တွဲဆောင်ရွက်မှုတွေ၊ နေရာယူမှုတွေ များလာတဲ့အတွက် ပြည်သူတွေကလည်း အမြင်မကြည်သလို သူတို့အချင်းချင်းကြားမှာလည်း ဂယက်ရိုက်ခတ်မှုတွေ၊ မကျေနပ်မှုတွေ ရှိလာတယ်လို့ မြင်တယ်” ဟု ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေချယ်ခံရဖူးသူ ဦးဖေသန်းက ပြောသည်။

ALP ၏ နောက်ဆုံးပေါ် အကွဲအပြဲတွင် ခိုင်ရဲခိုင်နှင့် စောမြရာဇာလင်း မည်သူမှန်သည်ဟု ပြောရခက်သော်လည်း စစ်ကောင်စီကမူ စောမြရာဇာလင်းဘက်ကသာ ရပ်တည်လိမ့်မည်ဟု ဦးဖေသန်းက ဆက်ပြောသည်။

“သူ (စောမြရာဇာလင်း) က ပြောထားတာလည်း ရှင်းတယ်။ စစ်အစိုးရ၊ စစ်ကောင်စီနဲ့ပဲ ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်သွားမယ်လို့ ခိုင်ခိုင်မာမာပြောထားတယ် ဆိုတော့ သူကတော့ မင်းအောင်လှိုင်အတွက် အားကိုးရတဲ့သူတစ်ယောက်ပေါ့။” ဟု ၎င်းက ဆိုသည်။

နေပြည်တော်တွင် ၂၀၂၂ ခုနှစ်က အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးနေသည့် ALP ဒုဥက္ကဋ္ဌ စောမြရာဇာလင်း။ ဓာတ်ပုံ-စစ်ကောင်စီ

ကွဲလေပြဲလေ စစ်ကောင်စီ ကြိုက်လေ

မျက်မှောက်ခေတ် ရခိုင့်နိုင်ငံရေးသမိုင်းတွင် နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ ဒုနဲ့ဒေး ပေါ်ခဲ့ဖူးသည်။ ပါတီများ ပေါင်းခဲ့၊ ကွဲခဲ့ကြဖူးသည်။ ရခိုင်ပါတီစာရင်းတွင် ၁၉၈၉ ခုနှစ်တွင် စတင်ထူထောင်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ရှိသည်။

မြန်မာ့ ဒုတိယမြောက် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စီစဉ်သည့် ၂၀၁၀ ရွေးကောက်ပွဲကို ALD မဝင်ချိန်၌ ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ပေါ်လာသည်။ ၂၀၁၄ တွင် ALD နှင့် RNDP ပေါင်း၍ ရခိုင်အမျိုးသားပါတီ (ANP) ဟူ၍ ဖြစ်လာသည်။ သို့သော် ပေါင်းစည်းမှုမှာ ကြာရှည်မခံခဲ့။ ၂၀၁၇ တွင် ALD က ANP မှ ပြန်ထွက်ကာ သီးခြားရပ်တည်သည်။ နောက်တစ်နှစ်အကြာတွင် ဒေါက်တာအေးမောင်က ANP မှ ထွက်ကာ ရခိုင့်ဦးဆောင်ပါတီ (AFP) ဟူ၍ တစ်စင်ပြန်ထောင်သည်။

အသက် ၇၈ နှစ် ရှိပြီဖြစ်သည့် ဦးအေးသာအောင် ဦးဆောင်သော ALD မှာ တတိယမြောက်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လေသံပစ်ထားပြီး မည်သည့်အချိန်အခါတွင် ကျင်းပမည်မှန်း မသိသေးသည့် ရွေးကောက်ပွဲအတွက် မှတ်ပုံပြန်မတင်ဟု ဆုံးဖြတ်ထားသည်။ ANP နှင့် AFP တို့က သီးခြားစီ ပါတီမှတ်ပုံတင်ကြသည်။

ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဘက်ကို ကြည့်လျှင်လည်း အထက်ပါ ALP/ALA, ULA/AA တို့အပြင် ၂၀၀၄ ခုနှစ်တွင် ပေါ်လာသည့် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) လက်အောက်ရှိ ရခိုင်ပြည်တပ်မတော် (AA) ဟူသည့် နောက်တစ်ဖွဲ့ရှိသည်။ ANC/AA ၏ လှုပ်ရှားမှုကို ကရင်ပြည်နယ်အတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီကြား တိုက်ပွဲအချို့တွင်သာ တွေ့ရသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ လက်နက်ကိုင်တပ်ဖွဲ့ (ALA) ဝင်အချို့။ ဓာတ်ပုံ – ပေးပို့

ရခိုင်လူထုထောက်ခံမှုကို အများအပြား ရရှိထားသည့် ULA/AA ကို မည်သို့မျှ မယှဉ်နိုင်သည့် သက်တမ်းရင့် ALP/ALA ဆက်လက်ရပ်တည်နိုင်ရန် စောမြရာဇာလင်းက ကြိုးပမ်းရာတွင် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားပြုထားသည်။ 

ထိုအခြေအနေတွင် ULA/AA က ALP/ALA တပ်ဖွဲ့ဝင်များကို မကြာခဏ ဖမ်းဆီးနေသည်။ ၂၀၂၂ သြဂုတ် ၂ ရက်က ALP/ALA ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ULA/AA ဖမ်းဆီးမှုမှာ ထင်ရှားသည်။ ခိုင်ပေါ်လင်းမှာ ယနေ့ထက်တိုင် ပြန်မလွတ်သေး။

AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ရခိုင်တွင် ၎င်းတို့အဖွဲ့ရှိလျှင် လုံလောက်ပြီဟု ဆိုသည်။

“ရခိုင်ပြည်မှာ လက်နက်ကိုင်တပ်တွေ အများကြီးမလိုအပ်ပါဘူး။ ရခိုင်တစ်မျိုးသားလုံးက ထောက်ခံတဲ့ ရက္ခိုင့်တပ်တော် (AA) ရှိရင် ရပါပြီ” ဟု ယမန်နှစ် သြဂုတ် ၁၁ တွင် ခိုင်သုခက ပြောထားသည်။

ရခိုင်၊ ကမန် စသည့် တိုင်ရင်းသားများ နေထိုင်သည့် ရခိုင်ပြည်နယ်သည် ကမ္ဘာ့အလယ်တွင် အစ္စလာမ်ဘာသာကို ကိုးကွယ်သည့် ရိုဟင်ဂျာများအရေးကိစ္စဖြင့် ထင်ရှားသည်။ ၂၀၀၇ မှစ၍ ရခိုင်ပြည်နယ်အတွင်း စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် ရိုဟင်ဂျာများ အသက်အိုးအိမ်ဆုံးရှုံးခဲ့ရပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့က မြန်မာပြည်မှ ထွက်ပြေးလာသည့် ရိုဟင်ဂျာ ၁ သန်းကျော်ကို လက်ခံထားရသည်ဟု ဆိုထားသည်။ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) ဟူသော လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ လှုပ်ရှားမှုကိုလည်း ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ရံဖန်ရံခါ တွေ့ရသည်။

သို့သော် လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း လွန်စွာတန်ခိုးထွားနေသည့် တစ်ခုတည်းသော လက်နက်ကိုင်တပ်ဖွဲ့မှာ AA သာ ဖြစ်သည်။ ထိုအခြေအနေတွင် သမိုင်းကြောင်း မသေးသည့် ALP သည် လက်ရှိတွင် ဟန်ပြသက်သက်သာ ရှိတော့သည်၊ ခိုင်ရဲခိုင်နှင့် စောမြရာဇာလင်းတို့ကြား ပေါ်ပေါက်နေသည့် ပဋိပက္ခမှာ ALP အတွက် အရှက်ရစရာဖြစ်နေသည်ဟု ရခိုင့်တော်လှန်ရေးခရီးရှည်အတွင်း စဉ်ဆက်မပြတ်ပါဝင်နေသည့် အမည်မဖော်လိုသူ အသက် ၄၀ ကျော် အမျိုးသားတစ်ဦးက ပြောသည်။

“ဒီနေ့အချိန်အခါမှာက ရက္ခိုင့်တပ်တော် (AA) ဟာ အင်နဲ့အားနဲ့ ဖြစ်လာပြီးတော့ သူတို့ (ALP) အနေနဲ့ အင်အားမရှိ၊ နည်းပညာမရှိ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ အားနည်းတယ်။ ပြီးတော့ စစ်ရေးပိုင်းအရ ကျွမ်းကျင်မှု အားနည်းတယ်။ AA ကလည်း ဘက်စုံက အင်အားကြီးလာပြီးတော့ ပြည်သူက ထောက်ခံနေတဲ့အချိန်မှာ သူတို့ (ALP) နာလန်မထူနိုင်တော့ပါဘူး” ဟု ၎င်းက ပြောသည်။

မမျှော်မှန်းနိုင်လောက်အောင် အင်အားကောင်းသည့် AA က ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီနှင့် စစ်ရေးအရှိန်ကို လိုသလို ကစားလာနိုင်ချိန်၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အခွန်ကောက်ခံရေး လုပ်ငန်းများ တိုးမြှင့်ထားနိုင်ချိန်၊ ပျော်ပွဲရွှင်ပွဲ၊ ဘာသာရေးပွဲများ ဦးစီးကျင်းပနေချိန်တွင် ALP က လူထုထောက်ခံမှုမရှိ၊ အင်အားချည့်နဲ့နေပြီဟု အထက်ပါ အမျိုးသားက ဆိုသည်။

အခြားဒေသခံတစ်ဦးကလည်း ALP အတွင်း မညီညွတ်မှုသည် အဖွဲ့၏ နိဂုံးပိုင်း ဖြစ်လာသည်ဟု သုံးသပ်သည်။

“ဒီနေ့အချိန်ခါတော့ ALP အတိုင်းအတာအရဆိုရင် ပြည်သူကလည်း လုံးဝကြည့်လို့မရတဲ့ အနေအထား။ ပြီးတော့ နောက်တစ်ခုက မရှိတဲ့အင်အားမှာ သုံးပိုင်းကွဲသွားတဲ့အနေအထားအရ သူတို့ရဲ့ ဇာတ်သိမ်းခန်းနီးပါးကို ရောက်သွားပြီ” ဟု အသက် ၂၅ နှစ်အရွယ် စစ်တွေမြို့ခံ ကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ဦးကလည်း ပြောသည်။

ဦးဖေသန်းကမူ ALP ထိုသို့ ပြိုကွဲမှုမှာ အာဏာသိမ်းစစ်ခေါင်းဆောင်အတွက် နိုင်ငံရေးအမြတ်ထုတ်ရန် အခွင့်အလမ်းကောင်း ဖြစ်လာလိမ့်မည်ဟု ရှုမြင်သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့အတွက် အန္တရာယ်ဖြစ်နိုင်ခြေမရှိသည့် စောမြရာဇာလင်း ဦးဆောင်သော ALP ကို အသုံးချ၍ ရခိုင်ပြည်နယ်လွတ်လပ်ရေး ကြိုးပမ်းမှုများကို အနှောင့်အယှက်ပေးလိမ့်မည်ဟု ဦးဖေသန်းက ယူဆသည်။

“ရခိုင်ပြည်ရဲ့ တော်လှန်ရေးကို သွေးခွဲဖို့အတွက် AA နဲ့ ALP ကြားမှာ ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် တစ်နည်းအားဖြင့် ရန်တိုက်ပေးဖို့ အခွင့်အလမ်းတစ်ခုတော့ မင်းအောင်လှိုင်ဘက်က ရသွားတာပေါ့” ဟု ဦးဖေသန်းက ဆိုလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button