ရခိုင်ပြည်နယ် ကျေးလက်ဒေသရှိ ပရိသတ် ထောင်နှင့်ချီ ကြည့်ရှုနေသော ဇာတ်စင်ရှေ့တွင် ရခိုင်အမျိုးသားအလံများကို လွှင့်ထူထားပြီး စင်ပေါ်တွင်လည်း အမျိုးသားရေးသီချင်းများ သီဆိုဖျော်ဖြေနေသည်။ လက်နက်ကိုင်လူငယ်များစစ်ရေးပြနေပုံကို ထည့်သွင်း တင်ဆက်သောကြောင့် ပရိတ်သတ်များလည်း အထူးအားရကြသည်။
ရခိုင်အလံကိုင်ဆောင်ပြီး သရုပ်ဖော်တင်ဆက်မှု တစ်ခုတွင် နောက်ကွယ်မှ စကားပြောသူက ဇာတိမာန် တက်ကြွစေသော စကားလုံးများကို ရွေးချယ် သုံးနှုန်းသွားသည်။
“ရခိုင်နိုင်ငံတော်အလံသည် ရခိုင်လူမျိုးများ၏ အသွေးအသား၊ အသက်၊ ရည်မှန်းချက် ဖြစ်ပါတယ်။ ရခိုင်များ၏ စိတ်ဓာတ်သည်လည်း ဘယ်တော့အခါမှ ပြိုလဲနိုင်မည်မဟုတ်ပါ” ဟု သူက ရခိုင်ဘာသာနှင့် ပြောဆိုလိုက်ရာ ဇာတ်ပွဲကြည့်ပရိသတ်များက အားပါးတရ လက်ခုပ်တီးကြသည်။
ဤသို့သောတင်ဆက်မှုမျိုး ယခင်က မရှိခဲ့ပေ။ ဇာတ်ပွဲများအတွက် လုံခြုံရေး ယူပေးသည်မှာလည်း ရက္ခိုင့်တပ်တော် (AA) ဖြစ်သည်။ AA တပ်ဖွဲ့ဝင်များသည် ပွဲအတွင်း လုံခြုံရေးစခန်းတွင် ရှိကြသလို လက်နက်ကိုင်ပြီး ပွဲခင်းထဲ သွားလာနေကြသည်ကို တွေ့ရသည်။
၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းတပ်က တစ်နိုင်ငံလုံးကို ထိန်းချုပ်လိုက်ချိန်တွင် ဒေသခံတို့ ထောက်ခံမှုအားကောင်းသော၊ ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာသော AA ၏ သြဇာ ကြီးမားသည်ထက် ကြီးမားလာကြောင်းကို ဤသို့သော ဇာတ်သဘင်တင်ဆက်မှု အပြောင်းအလဲများက သက်သေပြနေသည်။
ရခိုင်ယဉ်ကျေးမှု ပိုမိုထွန်းကားလာ
ဇာတ်စင်ပေါ်တွင် လက်ရှိ နိုင်ငံရေး၊ တော်လှန်ရေးအခြေအနေတို့ကို ထင်ဟပ်စေသော ပြဇာတ်များကိုလည်း ကပြလာကြသည်။ နာမည်ကြီးဇာတ်သဘင်တစ်ခု၏ ယခုနှစ် ဇာတ်ထုပ်တစ်ခုတွင် ရပ်ရွာထဲ ဗိုလ်ကျစိုးမိုးနေသူတစ်ဦးက စစ်ကောင်စီတပ်ကို ရွာအနားသို့ ခေါ်၍ တိုက်ပွဲဖော်ခိုင်းသဖြင့် လူငယ်တစ်ဦးက စိတ်နာပြီး AA တပ်ဖွဲ့သို့ ဝင်ရောက်သွားသည်ကို ဖော်ကျူးထားသည်။
အမျိုးသားရေး လုပ်ဆောင်ရာတွင် သစ္စာဖောက်သူ ရှိတတ်ကြောင်း တင်ဆက်ပြခြင်းဖြစ်သည်ဟု ပြဇာတ်ဒါရိုက်တာက ပြောသည်။
“ဆိုလိုရင်းကတော့ သစ္စာဖောက်တစ်ယောက်က ကိုယ့်လူမျိုးအချင်းချင်း အနိုင်ကျင့်တယ်၊ အချင်းချင်း လိမ်စားတယ်။ နောက် တော်လှန်ရေးကဏ္ဍတွေမှာ စစ်ကောင်စီနဲ့ ပေါင်းပြီးတော့ လုပ်နေတာတွေ ဖော်ပြထားတာပါ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒါရိုက်တာက ထိုပြဇာတ်အကြောင်း အကျဉ်းချုပ် ပြောပြသည်။
ယခင်က ရခိုင်ဇာတ်သဘင်များတွင် စတိတ်ရှိုးမှသည် နောက်ပိုင်းဇာတ်ထုပ်အဆုံး ဗမာစကားနှင့်သာ ပြောဆို တင်ဆက်ကြသည်။ ယခုအခါ အစ၊ အလယ်၊ အဆုံး ရခိုင်စကားပြောဆို၍သာ ကပြနေကြတော့သည်။
ဇာတ်သဘင်များတွင် အသုံးပြုနေသည့် ဘာသာစကားကို ပြောင်းလဲရန် AA အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် လမ်းညွှန်ထားသည့် အသံဖိုင်တစ်ခုလည်း ၂၀၂၂ ခုနှစ်က အွန်လှိုင်းပေါ်တွင် ပျံ့နှံခဲ့သည်။
“ဇာတ်တွေ ကတယ်ဆိုရင် ဗမာစကားတွေနဲ့ မကကြနဲ့တော့။ ပွဲတွေလုပ်ရင်လည်း ရခိုင်သီချင်းတွေကို တီးကြ။ အင်္ဂလိပ်သီချင်းတွေကို တီးကြ။ ကိုးရီးယားသီချင်းတီးမှာလား၊ ထိုင်းသီချင်းတီးမှာလား တီး။ ဗမာသီချင်းတွေနဲ့ မလုပ်ကြနဲ့” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသည်။
ဇာတ်စင်ပေါ် ကပြ တင်ဆက်သည့်အခါ ဗမာ ၃၇ မင်းနတ် ပင့်ဖိတ် ကပြသူ၊ ဗမာသီချင်း သီဆိုသူကို ဖမ်းမည်ဟုလည်း သူက သတိပေးထားသည်။
ရခိုင်သတင်းဌာန အများအပြားရှိလာချိန်တွင် AA က ယမန်နှစ်က စတင်ပြီး အွန်လိုင်းမှ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်နေရာ ရခိုင်ဘာသာနှင့်သာ ပြောဆို ဖြေကြားသည်ကို တွေ့ရသည်၊ ရခိုင်မဟုတ်သော သတင်းထောက်များက မြန်မာဘာသာနှင့် မေးမြန်းကြသည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ရခိုင်လူထုသည် AA တပ်ဖွဲ့၏ ခိုင်မာအားကောင်းပြီး စနစ်ကျသည့် ဦးဆောင်လုပ်ကိုင်မှုကို ယုံကြည်လာသည်ဟု သုံးသပ်သည်။
“အမျိုးသားရေးကို ကျွန်တော်တို့ဟာ အရှိန်မြင့်ပြီးတော့ လုပ်နိုင်တယ်၊ သီးသန့်လွတ်လပ်တဲ့ ကျွန်တော်တို့ ကြမ္မာကို ဖန်တီးဖို့အတွက် အခွင့်ကောင်းအခါကောင်းဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
ရခိုင့်အချုပ်အခြာအာဏာ ပြန်လည်ရရှိရန် ကြိုးပမ်းကြခြင်း
ရခိုင်နိုင်ငံတော်သည် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး ဟူ၍ ခေတ်ကြီးလေးခေတ်ဖြင့် မင်းဆက်ပေါင်း ၂၄၂ ဆက်၊ နန်းစံနှစ်ပေါင်း ၅၀၀၀ ကျော် တည်ရှိခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ မြောက်ဦးခေတ် ၁၇၈၄ ခုနှစ်တွင် ဗမာဘုရင် ဘိုးတော် မောင်ဝိုင်းက ရခိုင်ဘုရင့်နိုင်ငံတော်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ချိန်မှစ၍ ရခိုင်တို့ အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးခဲ့ရသည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၃၉ ခုနှစ်က ရခိုင့်နိုင်ငံတော် ဗမာဘုရင်လက်ထဲသို့ ကျရောက်မှု၊ မြောက်ဦး ရွှေနန်းတော် မီးလောင်ပြာကျခဲ့မှုတို့မှာ ရခိုင်တို့၏ ရင်ထဲတွင် လတ်လတ်ဆတ်ဆတ်ပင် ရှိနေကြသည်။ ဓညဝတီခေတ်က စန္ဒသူရိယမင်းတည်ထားကွယ်ခဲ့သော မဟာမုနိဘုရား မန္တလေးသို့ ယူဆောင်ခံရခြင်း၊ ရခိုင်နိုင်ငံတော် ကျဆုံးခြင်း အကြောင်းအရာများသည် သားချော့တေးထဲတွင်ပင် ပါဝင်နေသည်။
အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်သည့် ရခိုင်တို့သည် ဗမာအစိုးရအဆက်ဆက်ကို တော်လှန် တိုက်ခိုက်ခဲ့ကြသည်။
လက်နက်ကိုင်တော်လှန်ရေးအတွက် ပြင်ဆင်ခဲ့ကြသည့် အဖွဲ့များထဲမှ ဦးစံကျော်ထွန်း ဦးဆောင်သည့် ရခိုင့်လွတ်လပ်ရေးတပ်မတော် (AIA)၊ ဗိုလ်မှူးခိုင်မိုးလင်း ဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) တို့သည် ရခိုင်ပြည်သို့ တပ်အပြောင်းအရွေ့ ဆောင်ရွက်ရာတွင် မအောင်မြင်သောကြောင့် အမျိုးသားတော်လှန်ရေးကိစ္စများတွင် နှောင့်နှေးကြန့်ကြာခဲ့ရသည်။
သို့သော်လည်း ၂၀၀၉ ခုနှစ်တွင် တည်ထောင်လိုက်သည့် ရက္ခိုင့်တပ်တော် (AA) သည် ရခိုင်တော်လှန်ရေးသမိုင်းတွင် အောင်မြင်မှု အရှိဆုံး၊ အင်အားအကောင်းဆုံးတပ် ဖြစ်လာသည်။
AA ကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါအဝင် လူငယ် ၂၀ ကျော်က ကချင်ပြည်နယ်၊ လိုင်ဇာတွင် စတင်ဖွဲ့စည်းခဲ့သည်။
ယခုအခါ စစ်သည် သုံးသောင်းခန့်ရှိပြီး ဘိုးဘေးအစဉ်အဆက် ပိုင်ဆိုင်ခဲ့သည့်နေရာကို ပြန်သိမ်းမည်ဆိုလျှင် စစ်သည်အင်အား အနည်းဆုံး သုံးသောင်းမှ ငါးသောင်းအထိ လိုအပ်ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၂၁ ဒီဇင်ဘာတွင် ဘင်္ဂလားဒေ့ရှ်သတင်းဌာနတစ်ခုကို ပြောခဲ့သည်။
ရခိုင်ပြည်သူများ AA ကို စတင်သတိထားမိလာသည်မှာ ၂၀၁၄ ခုနှစ်အတွင်း ကျောက်ဖြူမြို့ ရခိုင်အမျိုးသားညီလာခံသို့ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက်စဉ်က ဖြစ်သည်။ ထိုအချိန်မှ စတင်ပြီး ရခိုင်လူထုကြား AA ရေပန်းစားလာသည်။
၂၀၁၅ တွင် ရှမ်းပြည်မြောက်ပိုင်းတွင် တအာင်း ပလောင် လက်နက်ကိုင်တပ်ဖွဲ့(TNLA)၊ ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (MNDAA) တို့နှင့်အတူ စစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်သလို ရခိုင်ပြည်နယ်သို့ ထိုးဖောက်ဝင်ရောက်လာကာ စစ်တပ်ကို ရင်ဆိုင်လာသည်။
ပလက်ဝ၊ ကျောက်တော် စသည့် ဒေသများတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် တိုက်ပွဲများ အရှိန်အဟုန်ဖြင့် ဖြစ်ပွားခဲ့ရာ ၂၀၂၀ မတ် ၂၃ တွင် AA ကို အကြမ်းဖက်အဖွဲ့၊ မတရားအသင်းဖွဲ့အဖြစ် သတ်မှတ်လိုက်သည်။
စစ်တပ်က ၂၀၂၁ ဇန်နဝါရီ အာဏာမသိမ်းမီ လပိုင်းအလိုတွင် AA နှင့် အပစ်ရပ်လိုက်သည်၊ အာဏာသိမ်းပြီး တစ်လကျော်အကြာတွင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ချက်ကို ပြန်လည် ရုပ်သိမ်းလိုက်သော်လည်း မတရားအသင်းဆိုသည်ကို ရုပ်သိမ်းမှု မရှိပေ။
စစ်ကောင်စီအခက်၊ AA အချက်
စစ်အာဏာသိမ်းမှုသည် တစ်နိုင်ငံလုံးပြည်သူများ၏ ဆန့်ကျင်မှုနှင့် ကြုံရသည်။ လမ်းမပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတို့ကို စစ်တပ်က ပစ်သတ်ရာမှ ပြည်သူများသည် လက်နက်ကိုင်တော်လှန်သည့်ဘက်သို့ ရောက်သွားသည်။
ကာလအတန်ကြာ စစ်မြေပြင်ဖြစ်ခဲ့သော ရခိုင်ပြည်နယ်တွင်မူ ဆန္ဒပြပွဲအနည်းငယ်သာ ပေါ်ပေါက်လာသည်။
လူထုထောက်ခံမှု အများအပြားရရှိထားသော AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သတ်ဖြတ်ခံရသည့် ပြည်သူများအတွက် အထူးစိတ်မကောင်းဖြစ်ရပြီး ကူညီသွားမည်၊ သို့သော်လည်း ရခိုင်ပြည်နယ်တွင်မူ အာဏာဖီဆန်ရေးလှုပ်ရှားမှုနှင့် လမ်းမထက် ဆန္ဒပြပွဲများကို မလိုလားကြောင်း ပြောဆိုခဲ့သည်။
“ငါတို့မှာ ရက္ခိတလမ်းစဉ်ရှိတယ်။ ငါတို့ရဲ့ ရည်မှန်းချက်ရှိတယ်။ ပီပြင်တဲ့ မျှော်မှန်းချက်နဲ့ အခိုင်အမာ လျှောက်လှမ်းချီတက်နေတဲ့အချိန်မှာ အခြားပြဿနာတွေနဲ့ ရောထွေးပြီး မဝေဝါးသွားဖို့ လိုတယ်”ဟု ဗိုလ်ချုပ်က ၁၂ နှစ်မြောက် တပ်မွေးနေ့တွင် ပြောခဲ့သည်။
“အာဏာသိမ်းတပ်ရဲ့ အာဏာသိမ်းမှုအကျိုးဆက်ကြောင့် ဖြစ်ပေါ်လာတဲ့ ရန်သူရဲ့ နိုင်ငံရေးအကျပ်အတည်းတွေ၊ သဟဇာတဖြစ်လာနိုင်တဲ့ နိုင်ငံတကာအခင်းအကျင်းတွေကို မဟာဗျူဟာမြောက်အခွင့်အလမ်းအဖြစ် မဟာမိတ်တွေနဲ့ လက်တွဲပြီး ထိရောက်စွာ အသုံးချ လုပ်ဆောင်သွားဖို့ ဖြစ်တယ်”
အာဏာသိမ်းတပ်ကို လက်နက်ကိုင် ခုခံသည့် အဖွဲ့တချို့သည် AA ထံမှ စစ်ပညာနှင့် လက်နက် အကူအညီရရှိထားသည်။
အာဏာသိမ်းမှုမတိုင်မီ တိုက်ပွဲများအတွင်း စစ်ရေးအသာရရှိခဲ့သော AA သည် ကျေးလက်ဒေသ နယ်မြေအများအပြားကို ထိန်းချုပ်နိုင်ခဲ့ပြီး တရားစီရင်ရေး၊ အုပ်ချုပ်ရေးကိစ္စရပ်များကို ဆောင်ရွက်လာသည်။ တစ်နိုင်ငံလုံးတွင် ခုခံတော်လှန်မှုနှင့်ရင်ဆိုင်နေရသော စစ်ကောင်စီက ရခိုင်ဒေသခံတို့ကို AA နှင့် ပူးပေါင်းခြင်းမပြုရန် ဖိအားပေး ခြိမ်းခြောက်နေချိန်တွင် AA ၏ သြဇာက ပိုမို ကြီးမားလာနေသည်။
AA နှင့် ယင်း၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ လုပ်နိုင်ခြေ တိုးတက်လာသည်ဟု ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။
“နယ်တွေမှာ ULA/AA ရဲ့ သြဇာအရှိန်အဝါဟာ အားလုံးကို ကြီးကြီးကျယ်ကျယ် သက်ရောက်နေတဲ့ အချိန်အခါဖြစ်တယ်။ မြို့မှာတောင်မှ တချို့မြို့တွေမှာဆိုရင် မှုခင်းတွေကို ULA/AA ကိုပဲ တိုင်ကြားလာတာတွေ တွေ့မြင်လာရတယ်။ စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတွေက ဘာမှ မလုပ်နိုင်တော့ဘူး။ အဲလိုထိန်းချုပ်လာနိုင်တာ ရှိတယ်” ဟု သူက ပြောသည်။
၂၀၂၂၊ သြဂုတ်လက ပြည်နယ်အစိုးရရုံးအနီး ၁၈ နှစ်အရွယ် အမျိုးသမီး အသတ်ခံရမှုနှင့် ပတ်သက်ပြီး တရားခံကို AA က စစ်တွေမြို့အထိ သွားရောက်ဖမ်းဆီးကာ တရားစွဲဆိုပြီး သေဒဏ်ချမှတ်ခဲ့သည်။
ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းက AA ၏ ဌာနဆိုင်ရာများသည် မြို့ပေါ်တွင် ဆိုင်းဘုတ်ထောင်မထားသော်လည်း လူထု၏ အသိအမှတ်ပြုမှုကို ရရှိနေကြောင်း မှတ်ချက်ပြုသည်။
“ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က ကျွန်တော်တို့ သတိထားမိသလောက်ဆိုရင် (မြို့ပေါ်မှာ) ရုံးစိုက်တဲ့နေရာ ရှိ၊ မရှိဆိုတာထက် သူတို့ပေးတဲ့ တရားစီရင်ရေး၊ အုပ်ချုပ်ရေးဝန်ဆောင်မှုကို ကျေကျေနပ်နပ် ခံယူနေကြတယ်။ မြို့ပေါ်မှာလည်း AA လွှမ်းမိုးတယ်လို့ ပြောလို့ရပါတယ်” ဟု ဦးဦးထွန်းဝင်းက ပြောသည်။
လက်ရှိအနေအထားအရ AA သည် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် အလယ်ပိုင်းကို ထိန်းချုပ်ထားသည်။
တောင်ပိုင်းတွင်မူ မြို့နယ်တချို့ကိုသာ AA ချုပ်ကိုင်ထားနိုင်သည်ဟု ရခိုင်ပြည်နယ်အခြေအနေကို စောင့်ကြည့်လေ့လာနေသည့် ကျောက်ဖြူဒေသခံ ကိုထွန်းကြည်က ပြောသည်။
“သံတွဲ၊ ဂွ၊ မာန်အောင်တို့ကိုကျတော့ သြဇာသက်ရောက်မှုက နည်းသေးတယ်။ ကျောက်ဖြူတို့၊ ရမ်းဗြဲတို့၊ တောင်ကုတ်တို့ အဲဒီနေရာတွေ အားလုံးမှာတော့ AA ဘက်က တရားစီရင်ရေးပိုင်းတွေ တခြားတခြား ပြဿနာတွေအများစုကိုပါ ကျေးလက်ဒေသမှာ ကိုင်တွယ်နိုင်တယ်ပေါ့” ဟု ၎င်းက ဆိုသည်။
“ထိန်းချုပ်ထားနိုင်ဖို့ဆိုရင် သံတွဲ၊ ဂွတို့မှာလည်း ရက္ခိုင့်တပ်တော်ဘက်က စစ်တပ် အခိုင်အမာချထားဖို့ လိုတယ်။ အခုချိန်ထိတော့ အဲလိုအခြေအနေမျိုး AA ဘက်က လုပ်ထားတာ မတွေ့ရသေး”
ULA/AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကလည်း ဒေသတချို့ကို ၎င်းတို့ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းဆဲဖြစ်သည်ဟု ပြောသည်။
“တောင်ကုတ်၊ သံတွဲ၊ အမ်း အစရှိတဲ့ မြို့နယ်တချို့ရဲ့ နေရာဒေသအစိတ်အပိုင်းတချို့မှာ ကျွန်တော်တို့အုပ်ချုပ်ရေး သက်ရောက်မှု အားနည်းနေပါသေးတယ်။ အားကောင်းဖို့အတွက် လိုအပ်ချက်တွေ ရှိနေပါသေးတယ်” ဟု ခိုင်သုခက ပြောသည်။
စစ်ကောင်စီကလည်း AA နှင့် ဆက်စပ်သူများကို ဖမ်းဆီးလာရာမှ နှစ်ဖက်တင်းမာလာကာ ၂၀၂၂ သြဂုတ်မှ နိုဝင်ဘာအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ စစ်မျက်နှာများစွာဖွင့်ထားသည့် စစ်ကောင်စီနှင့် ယာယီ အပစ်အခတ်ရပ်စဲပြီးနောက်တွင်လည်း AA ၏ ယန္တရားက ပိုမို ခိုင်မာလာသည်။
ရခိုင်ဒေသနှင့် စစ်ကောင်စီ၏ သြဇာ
ယခုအခါ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားသည် ၂၀၁၈-၂၀၂၀ တိုက်ပွဲကာလထက်ပင် အသက်ဝင်မှု နည်းပါးသွားပြီ။ မြေပုံ၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား စသည့် မြို့နယ်များတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအများအပြား နုတ်ထွက်သွားသဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ဖရိုဖရဲ ဖြစ်သွားခဲ့ရသည်။
AA သည် တော်လှန်ရေးအစိုးရအသွင် ဖြစ်လာသောကြောင့် အုပ်ချုပ်ရေးယန္တရား လွန်စွာ ခိုင်မာလာကြောင်း မြောက်ဦးမြို့မှ မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရက မိန့်ကြားသည်။
“ရခိုင်ပြည်ထဲမှာ စစ်ကောင်စီအုပ်ချုပ်ရေးက တော်တော်လေးကို နောက်ကို ဆုတ်သွားပြီးတော့ တရားစီရင်ရေးလည်း နောက်ကို ဆုတ်သွားပြီ” ဟု ဆရာတော်က မိန့်သည်။
“တော်လှန်ရေးအစိုးရတစ်ရပ်အနေနဲ့တော့ AA ရဲ့ အုပ်ချုပ်ရေးရယ်၊ တရားစီရင်ရေးရယ်၊ အခွန်ကောက်ခံရေးကိစ္စတွေက ကောင်းကောင်းကြီး ခိုင်မာနေပြီ”
ပွင့်လင်းရာသီကာလ ပွဲငှားရမ်းသူများက AA ကို ဇာတ်ပွဲတစ်ညအတွက် ကျပ် ၅ သိန်း ပေးဆောင်ရပြီး စားသောက်ဆိုင်၊ လောင်းကစားဝိုင်းများသည်လည်း ထိုပမာဏ ပေးသွင်းရသည်ဟု သိရသည်။
အမ်းမြို့နယ်မှ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုမျိုးလွင်ကလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ၎င်းတို့မြို့နယ်တွင်ပင် AA ၏ သြဇာကို ကြီးကြီးမားမား မြင်ရသည်ဟု ဆိုသည်။
“ပြည်သူတွေကလည်း ပူးပေါင်းဆောင်ရွက်မှုရှိကြတယ်။ ဒုစရိုက်မှုတွေဆိုလည်း အတိုင်းအတာတစ်ခုထိ ကျဆင်းသွား တယ်။ တကယ်လို့ ခိုးမှု၊ သတ်မှုတွေမှာ AA က ဖမ်းမယ်ဆိုရင်တောင် တရားခံတွေက မခုခံဘဲ၊ မထွက်ပြေးဘဲ အလွယ်တကူနဲ့ အဖမ်းခံကြတယ်” ဟု ၎င်းက ဆိုသည်။
AA ၏ အားနည်းချက်များ
အုပ်ချုပ်ရေး၊ တရားစီရင်ရေး လုပ်ငန်းများကို နယ်မြေ၊ ရပ်ကျေး၊ တိုက်နယ်၊ ဒေသ၊ ဗဟို စသဖြင့် အဆင့်အဆင့် သတ်မှတ်ဆောင်ရွက်နေသည်ဟု သိရသည်။
မျိုးစိတ်ဓာတ်ကို အခြေခံ၍ AA ထဲ ဝင်ရောက်သွားသူများထဲတွင် ဘွဲ့ရ၊ ပညာတတ် ပါဝင်မှု နည်းပါးသောကြောင့် လူ့စွမ်းအားအရင်းအမြစ် အားနည်းနေသေးသည်ဟု ဦးဖေသန်းက ဆိုသည်။
“မျိုးချစ်စိတ်ဓာတ်ကို အခြေခံပြီး ရသလို ရှိသမျှအင်အားလေးနဲ့ လုပ်ဆောင်နေတာ ဖြစ်တယ်။ ဥပမာ တရားသူကြီးဆိုရင်လည်း တကယ့်တရားသူကြီး အစစ်အမှန်မဟုတ်ဘဲ သင်တန်းတက်ထားတဲ့ တရားသူကြီးတွေ ရှေ့နေရှေ့ရပ်တွေက များတယ်” ဟု ဦးဖေသန်းက ပြောသည်။
“အခြားဌာနဆိုင်ရာတွေမှာလည်း သူ့အနေနဲ့ မပံ့ပိုးနိုင်သေး၊ လစာလည်း မပေးနိုင်သေး၊ မက်လုံးလည်း မပေးနိုင်သေး။ တော်လှန်ရေးအစိုးရ၊ ကြားကာလအစိုးရ ပုံစံမျိုးပဲ လှုပ်ရှားနေရတဲ့အတွက်ကြောင့် အစိုးရပုံသဏ္ဌာန်မျိုးကို ပြည့်ပြည့်ဝဝ ပုံမဖော်နိုင်သေးလို့ ပြောချင်တယ်”
AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကလည်း တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းစဉ်များဖြစ်သည့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှုများတွင် တာဝန်ထမ်းဆောင်နေသူများသည် ကျွမ်းကျင်ပြီးသား ပညာရှင်များ မဟုတ်သောကြောင့် အားနည်းချက်များ ရှိနေသေးသည်ဟု ၎င်းက ဖေဖော်ဝါရီ ၂၇ က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
ရခိုင်တို့၏ လိုလားချက်
ရခိုင်တို့သည် ခမ်းနားတောက်ပခဲ့သော ရခိုင့်နိုင်ငံတော်ကို ပြန်လည်တမ်းတ မက်မောနေကြပြီး လွတ်လပ်ရေးဆိုသည့်အရသာကို ခံစားလိုကြသည်။ စစ်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ရခိုင်ဒေသခံ တစ်သိန်းကျော် ရှိရာ ထိုစစ်ဘေးရှောင်များကို မည်သည့်အချိန် အိမ်ပြန်မည်လဲဟု မေးလျှင် လွတ်လပ်ရေးရချိန်မှ ပြန်မည်ဟု ပြောဆိုတတ်ကြသည်။
AA သည်လည်း “အာရက္ခပြည်သူ့အစိုးရ” ဟု သုံးစွဲနေပြီး နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရေး ကြိုးပမ်းနေကြောင်း ပြောဆိုထားသည်။
မြတန်ဆောင်းဆရာတော်ကလည်း ရခိုင်လူမျိုးများသည် ကိုယ့်ထီး၊ ကိုယ့်နန်းနှင့် နေထိုင်လာခဲ့သည့်၊ ခိုင်မာသည့် သမိုင်းကြောင်းရှိသောကြောင့် ကိုယ့်ဒေသကို အခြားလူမျိုးတစ်မျိုး၏ လက်အောက် ပြည်နယ်တစ်ခုအဖြစ် မမြင်လိုကြဟု မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရက မိန့်သည်။
“အာရက္ခနိုင်ငံတော်လို့ပဲ ခေါ်ခေါ်၊ ရခိုင်နိုင်ငံတော်လို့ပဲ ခေါ်ခေါ်၊ အာရကန်နိုင်ငံလို့ပဲ ခေါ်ခေါ်၊ ဘယ်လိုပဲ ခေါ်ခေါ် သေချာတာကတော့ ရခိုင်ဟာ ကိုယ်ပိုင်နိုင်ငံနဲ့ နေခဲ့တဲ့ လူမျိုးတစ်မျိုးဖြစ်တာကြောင့် ကိုယ်ပိုင်နိုင်ငံပဲ ပြန်ဖြစ်ချင်တယ်” ဟု ဆရာတော်က မိန့်ကြားလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)