ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် တိုက်ပွဲများအတွင်း စစ်ကောင်စီစခန်းတစ်ခုကို သိမ်းနိုင်သည် အထိ ရက္ခိုင့်တပ်တော် (AA)က ခြေလှမ်းသွက်နေသည်။ အုပ်ချုပ်ရေးတွင်လည်း ရက္ခိုင်ပြည်သူ့ အာဏာပိုင်အဖွဲ့ဖွဲ့၍ AA က လုပ်ဆောင်နေသည်။
ထို့အပြင် စစ်ကောင်စီကို တော်လှန်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ် ရေးတပ် (PDF)တို့နှင့် AA အကြား စစ်ရေး၊ နိုင်ငံရေး ထိတွေ့ဆက်ဆံမှု များ မြင်တွေ့နေရသည်။
ထိုအခြေအနေများနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး – တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်လာတဲ့ ရခိုင်ပြည်နယ်တွင်း လတ်တလော စစ်ရေးအခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ – စစ်ရေးအခြေအနေကတော့ တိုက်ပွဲတွေကတော့ ဆက်ပြီးတော့ ဖြစ်နေတယ်ဗျ။ အထူးသဖြင့် တော့ မောင်တောမြို့နယ်ထဲမှာ ဖြစ်တယ်။ နောက်ပြီးရင် ရသေ့တောင်မြို့နယ်ထဲမှာလည်း ဖြစ်နေတာ ရှိတယ်။ ဆိုတော့ နောက်တစ်နေရာကတော့ ပလက်ဝပေါ့နော်။ ပလက်ဝမြို့နယ်ထဲမှာလည်း ဖြစ်နေ တာရှိတယ်။ တိုက်ပွဲပြင်းထန်တာကတော့ ပလက်ဝဘက်နဲ့ မောင်တောမြို့နယ်ဘက်ပေါ့။
မောင်တောမြို့နယ်ဘက်မှာ မိုင်တိုင် ၄၀မှာ ဆိုရင် တိုက်ပွဲ အပြင်းအထန် ဖြစ်တာပေါ့နော်။ ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင် ၄၀မှာရှိတဲ့ စစ်ကောင်စီရဲ့ အထိုင်ချ အခိုင်အမာစခန်းကို ကျွန်တော်တို့ တပ်ဖွဲ့တွေကနေပြီးတော့ ဩဂုတ်လ ၃၁ရက် မနက် ၉နာရီ ၁၂မိနစ်မှာ စခန်းတစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ရှိတယ်။ အဲ့ဒီ စခန်းသိမ်းတိုက်ပွဲမှာ ရန်သူ့ဘက်ကနေ ပြီးတော့ ၁၉ ယောက် သေတာရှိတယ်။ နောက်ပြီးလို့ရှိရင် လက်နက်ခဲယမ်း အမြောက်အမြားလည်း သိမ်းဆည်းရမိခဲ့တာ ရှိတယ်။
အသက်မသေဘဲ ဒဏ်ရာပြင်းထန်တဲ့တယောက်လည်း ဖမ်းဆီးရမိတာ ရှိတယ်။ နောက်ပြီး စခန်းထဲမှာ တိုက်ပွဲပြင်းထန်တုန်းက သေဆုံးခဲ့တယ်လို့ ယူဆရတဲ့ အလောင်းတွေလည်း အများကြီး မြှုပ်နှံထား တာတွေ့ရတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အလောင်းတွေပေါ့နော်။ အဲဒါတွေလည်း တွေ့ရတယ်။
၃၁ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စခန်းက တိုက်ပွဲစဖြစ်တာကတော့ လွန်ခဲ့တဲ့ ဩဂုတ်လ ၂ ရက် နေ့ကတည်းက တိုက်ပွဲက စဖြစ်တာ။ ဒါပေမဲ့ အဲ့ဒီမှာ တောက်လျှောက်ပေါ့နော်။ မြန်မာစစ်တပ်ဘက် လနေပြီးတော့မှ လက်နက်ကြီး အလွန်အကျွံသုံးပြီးတော့မှ ပစ်ခတ်တာ ရှိတယ်။
တစ်နေ့ကို ပျဉ်းမျှအားဖြင့် အလုံး ၃၀၀ ကနေ ၄၀၀ အထိ အဲ့ဒီလို လက်နက်ကြီး တောက်လျှောက် ပစ်တာ ရှိတယ်။ လက်နက်ကြီး ပစ်ကူပေးသလို တိုက်ပွဲပြင်းထန်တဲ့နေတွေမှာ ရှိရင် မြန်မာစစ်တပ် ဘက်ကနေ ရဟတ်ယာဉ်နဲ့ လာပစ်တာလည်း ရှိတယ်။ ဂျက်ဖိုက်တာတွေနဲ့ လာပြီးတော့ ပစ်ခတ်တိုက်ခိုက်တာတွေလည်း ရှိတယ်။ ဆိုတော့ အဲ့လိုမျိုး မြန်မာစစ်တပ်ဘက်က လက်နက်ကြီးပစ်ကူတွေ၊ လေကြောင်းပစ်ကူတွေ၊ အကြီးအကျယ် ဖိပြီးတော့ တိုက်တဲ့ကြားကပဲ ကျွန်တော်တို့ တပ်ဖွဲ့တွေကလည်း အဲ့ဒီစခန်းကို မရရအောင် တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်တယ်ဗျ။
မေး – ဒီတစ်လအတွင်း စာရင်းချုပ်မယ်ဆိုရင် နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေက ဘယ်လို ရှိပါသလဲ။
ဖြေ – လောလောဆယ်တော့ အတိအကျ အသေးစိတ်ကတော့ ကျွန်တော့်ဆီမှာ မရှိတဲ့အတွက်ကြောင့် လောလောဆယ် ကိန်းဂဏန်းအတိအကျကတော့ အဆင်မပြေဘူးဗျ။
မေး – ဘင်္ဂလားဒေ့ရှ် လေပိုင်နက်ထဲအထိဝင်ပြီး စစ်တပ်ဘက်က ပစ်ခတ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် မီဒီယာတွေမှာလည်း ဖော်ပြတာရှိတော့ စစ်ကောင်စီဘက်က လေကြောင်းကို အားကိုးပြီး အဓိက တိုက်ခိုက်နေတာမျိုးလား။
ဖြေ – ရဟတ်ယာဉ်တွေကတော့ တိုက်ပွဲပြင်းထန်တဲ့ နေ့တိုင်းလိုလိုမျိုး လာပြီးတော့မှ ပစ်ခတ်တာမျိုး ရှိတယ်ဗျ။ တိုက်ပွဲအကြီးအကျယ် ပြင်းထန်တဲ့နေ့ဆိုရင်တော့ ဂျက်ဖိုက်တာတွေနဲ့ တိုက်ခိုက်တာ၊ Rocket တွေနဲ့ ပစ်ခတ်တာတွေ ရှိတယ်။
မေး – စစ်ကောင်စီ အဓိက အားကိုးအားထားပြုတဲ့ လေကြောင်းရန်ကို ဘယ်လို ကာကွယ်မလဲ။ ဒါတွေကို ဟန့်တားနိုင်မယ့် လေယာဉ်ပစ်လို လက်နက်မျိုးတွေကော AA အနေနဲ့ ပိုင်ဆိုင်ပါသလား။
ဖြေ – ဒီဟာကတော့ စစ်ဘက်ရေးရာလုံခြုံရေးနဲ့ ပတ်သက်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော့အနေနဲ့ ဖြေပေးလို့မရဘူးဗျ။ ဒါပေမယ့် ကျွန်တော်တို့ ULA/AA အနေနဲ့ကတော့ ရန်သူရဲ့ ဘယ်လိုအနေအထား မျိုးက ထိုးစစ်ကိုမဆို အကောင်းဆုံး ခုခံတိုက်ခိုက်နိုင်အောင် ပြင်ဆင်ထားတာတော့ ရှိတယ်ဗျ။
မေး – အခုဆိုရင် ရခိုင်ပြည်နယ်ထဲမှာ Mytel တို့၊ ဘီယာ၊ အရက်၊ ဆေးလိပ် စသဖြင့် စစ်တပ်ထုတ်ကုန် တွေကို သပိတ်မှောက်ဖို့ ရခိုင်လူငယ်တချို့ ဆော်ဩနေတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ AA ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။
ဖြေ – ဒီဟာကတော့ ပြည်သူတွေအနေနဲ့ သူတို့ဘာလုပ်ရမယ်ဆိုတဲ့ဟာကို သူတို့အမြင်နဲ့သူတို့ လုပ်ကြ တာကတော့ ကျွန်တော်တို့အနေနဲ့ ဘာမှ ပြောစရာ မရှိပါဘူး။ အဓိကတော့ ရန်သူကို ကိုယ်တတ်နိုင်တဲ့ နေရာကနေပြီးတော့ ပူးပေါင်းပါဝင်ပြီးတော့ တိုက်ခိုက်ဖို့ပဲ အရေးကြီးပါတယ်။
မေး – စစ်ကောင်စီရဲ့ ယန္တယားထဲမှာ ပါဝင်ပတ်သက်နေတဲ့ ရခိုင်လူမျိုး ဝန်ထမ်းတွေ အများအပြား ရှိပါတယ်။ သူတို့အနေနဲ့ CDM မလုပ်ရင်တောင် AA နဲ့ ပူးပေါင်းမယ်ဆိုရင်ကော ဘယ်လို မူဝါဒ ရှိပါသလဲ။ ဘယ်လို ပုံစံမျိုးနဲ့ ပူးပေါင်းစေချင်လဲ။
ဖြေ – ဒါကတော့ ဘယ်နေရာပဲ ရောက်နေရောက်နေ အဖိနှိပ်ခံ ပြည်သူတွေ လွတ်မြောက်ဖို့အတွက် သူတို့အနေနဲ့ ကိုယ်တတ်နိုင်တဲ့နေရာ ရောက်နေတဲ့ အနေအထားကနေပြီးတော့ တတ်နိုင်သမျှ ကူညီ လုပ်ဆောင်ပေးမယ်ဆိုရင်တော့ ဒါဟာ ကြိုဆိုရမယ့် ကိစ္စဖြစ်တာပေါ့။
မေး – အခြားသော တော်လှန်ရေးအင်အားစုတွေ၊ PDF အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေကို ဘာပြောချင်လဲ။
ဖြေ – အဖိနှိပ်ခံပြည်သူတွေဘက်က ရပ်တည်ပြီးတော့မှ ပြည်သူတွေရဲ့ လွတ်မြောက်ရေး၊ အဖိနှိပ်ခံနေရတဲ့ ဘဝတွေလွတ်မြောက်အောင် ရုန်းကန်တိုက်ခိုက်နေတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ကျွန်တော်တို့ကတော့ မိတ်ဆွေအဖြစ် သဘောထားပါတယ်။ ရင်ဘတ်ချင်းတူလို့ရှိရင်တော့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိပါတယ်။
မေး – ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း AA ရဲ့ တော်လှန်ရေးမှာ ပါဝင်မှု အခန်းကဏ္ဍကို မေးခွန်းထုတ်ခဲ့ကြတယ်။ ဒါနဲ့ပတ်သက်လို့ ဘာများတုံ့ပြန်လိုပါသလဲ။
ဖြေ – ဒီဟာကတော့ သေသေချာချာ အတွင်းကျကျ မသိတဲ့အခါကျတော့ အပြင်ပန်းကို သုံးသပ်ပြီးတော့မှ ဝေဖန်ကြတာ၊ အပြစ်တင်ကြတာတွေလည်း ရှိတာပေါ့။ ဒါကိုလည်း ကျွန်တော်တို့ဘက်က နားလည်ပေးပါတယ်။ ဘာကြောင့်လည်းဆိုရင် ကျွန်တော်တို့ကတော့ ကိုယ်လုပ်စရာရှိတာကို လုပ်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ကျွန်တော်တို့ ပြည်သူတွေအတွက် မှန်မှန်ကန်ကန် ရပ်တည်ပြီးတော့မှ လုပ်နေတယ်။ အဲ့ဒီ နည်းတူပဲ မြန်မာနိုင်ငံအတွင်းက အဖိနှိပ်ခံ ပြည်သူတွေအတွက်လည်းပဲ တိုက်ပွဲဝင်နေတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ကျွန်တော်တို့ကတော့ မိတ်ဆွေအဖြစ် သဘောထားတယ်။ တတ်နိုင်တာတွေကို ပူးပေါင်းဆောင်ရွက်ပေးမယ်။ ကျွန်တော်တို့ဘက်ကနေ ဒါမျိုး ကောင်းတဲ့အမြင်ရှိတာပေါ့နော်။
နောက်တစ်ခုရှိတာကတော့ တချို့တွေပေါ့နော်။ ဥပမာ ကျွန်တော်တို့ကို နွေဦးတော်လှန်ရေးမှာ ဘာဖြစ်လို့ မပါဝင်သလဲ ဆိုပြီးတော့မှ အပြစ်တင်ကြတဲ့သူတွေ ရှိတယ်။ ဆိုတော့ ULA/AA က နွေဦးတော်လှန်ရေး မဖြစ်ခင် စစ်အာဏာမသိမ်းခင်က ကျွန်တော်တို့က ၃နှစ်လောက် မြန်မာစစ်တပ်နဲ့ အကြိတ်အနယ် တိုက်ခဲ့ကြတာပေါ့ဗျာ။ အဲ့ဒီမှာ တစ်ဖက်နဲ့တစ်ဖက် အကျအဆုံးတွေ များပြီးတော့မှ အများကြီး တိုက်ခဲ့ကြတာ ရှိတယ်။ ပြောရမယ်ဆိုရင်တော့ နွေဦးတော်လှန်ရေး မဖြစ်ခင်ကတည်းက ULA/AA က ကျွန်တော်တို့ ချမှတ်ထားတဲ့ ရက္ခိတလမ်းစဉ်အတိုင်း ကျွန်တော်တို့က တသွေမတိမ်း ချီတက်နေတဲ့ အဖွဲ့အစည်း ဖြစ်တယ်။
အခုဆိုလို့ရှိရင် အဲ့ဒီလမ်းကြောင်းအတိုင်း ချီတက်လာလို့ ကျွန်တော်တို့က ခရီးရဲ့ သုံးပုံနှစ်ပုံလောက် အထိ ကျွန်တော်တို့ ရောက်နေပြီ။ ဆိုတော့ ကျွန်တော်တို့မှာ ကိုယ်ရဲ့ချထားတဲ့ လမ်းစဉ်လည်း ရှိသလို ပန်းတိုင်လည်း ရှိတယ်။ ဆိုတော့ အဲ့ဒီ လမ်းစဉ်အတိုင်း ချီတက်ပြီးတော့ ပန်းတိုင်လည်း တွေ့နေရတဲ့ အခြေအနေ ရောက်နေတဲ့အခါ အဲ့ဒီမှာမှပဲ နွေဦးတော်လှန်ရေးက ပေါ်လာတာ။ ဆိုတော့ ကျွန်တော်တို့ က အဲ့ဒီနွေဦးတော်လှန်ရးမှာ ပူးပေါင်းပါဝင်ဖို့က မဖြစ်နိုင်ဘူး။
ဘာကြောင့်လည်းဆိုရင် ကျွန်တော်တို့ရဲ့ ရက္ခိတလမ်းစဉ်အတိုင်း ကျွန်တော်တို့မှာ ကိုယ့်နည်းလမ်းနဲ့ကို ချီတက်လို့ ကျွန်တော်တို့ ပြည်သူနဲ့ ပူးပေါင်းပြီး တောက်လျှောက်ချီတက်ပြီး လုပ်လာတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ အဲ့ဒါကြောင့်မလို့ ဟိုဘက်လိုင်းမှာ သွားပြီးတော့ လိုင်းပူးဖို့ဆိုတာကတော့ မဖြစ်နိုင်တဲ့ ကိစ္စဖြစ်တယ်။
ဒါပေမယ့်လို့ အဖိနှိပ်ခံနေရတဲ့ မြန်မာပြည်သူတွေရဲ့ လွတ်မြောက်ရေးကြိုးပမ်းမှုကို ကျွန်တော်တို့ အနေနဲ့ လေးစားတယ်၊ အသိအမှတ်ပြုတယ်ဆိုတာလည်း လူသိရှင်ကြား ထုတ်ဖော်ပြီးတော့ ပြောကြားခဲ့တာရှိတယ်။ ဆိုတော့ အခုဆိုရင်တော့ မြန်မာပြည်သူတွေအများစုကနေပြီးတော့ ULA/AA အပေါ်မှာ သူတို့ သူတို့ရဲ့ အရင်တုန်းက ထင်မြင်တဲ့ ထင်မြင်ယူဆချက်တွေဟာ မှားတယ်ဆိုတာကို သူတို့အနေနဲ့လည်း သိနေကြပြီ။ နောက်ပြီးလို့ရှိရင် ကျွန်တော်တို့ရဲ့ စိတ်ရင်းစေတနာနဲ့ မှန်ကန်တဲ့ လုပ်ရပ်တွေကို သဘောပေါက်ကြပြီလို့ ကျွန်တော်တို့ဘက်က အပြည့်အဝ ယုံကြည်တာ ရှိတယ်။
မေး – ၂၀၂၁အာဏာသိမ်းပြီး ထွက်ပြေးလာတဲ့ ကျောင်းသားပြည်သူတွေကို ရက္ခိုင့်တပ်တော်က စစ်ပညာတွေသင်ပေးတယ်။ အခုဆို အဲ့ဒီလူတွေနဲ့ ရက္ခိုင့်တပ်တော်နဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်နေ တယ်လို့ သိရတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဘာများပြောနိုင်မလဲ။
ဖြေ – ဒါကတော့ ကျွန်တော်တို့ မူဝါဒက အဖိနှိပ်ခံ ပြည်သူတွေ လွတ်မြောက်ရေးအတွက် ကြိုးပမ်း နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို အသိအမှတ်ပြုတယ်။ အဲ့ဒီလို ကြိုးပမ်းမှုကိုလည်း လေးစားတယ်ဆိုတာ ကျွန်တော်တို့ တောက်လျှောက် ထုတ်ဖော်ပြီးတော့ ပြောခဲ့တာ ရှိတယ်။ အဲ့ဒီ အတိုင်းလည်းပဲ ကျွန်တော်တို့ တတ်နိုင်တဲ့ဟာတွေကို ဖြစ်နိုင်သမျှ နည်းလမ်းတွေကနေပြီးတော့ အကူအညီပေးနေတာ ရှိတယ်။ အဓိကတော့ ဒါပါပဲ။
မေး – ရက္ခိုင့်တပ်တော်နဲ့ NUG အစိုးရအနေနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိသလား။
ဖြေ – စစ်ရေးကိစ္စနဲ့ပတ်သက်တာကတော့ ကျွန်တော်တို့ စစ်ဘက်ရေးရာ လုံခြုံရေးနဲ့ပတ်သက်တဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့်မလို့ ကျွန်တော့အနေနဲ့ကတော့ ထုတ်ပြောဖို့တော့ မရှိဘူးဗျ။ ဒါပေမဲ့လည်း အထက်က ကျွန်တော်ပြောသလိုမျိုး NUG အပေါ်မှာပဲ ဖြစ်ဖြစ်၊ နွေဦးတော်လှန်ရေးအပေါ်မှာပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ကတော့ အဖိနှိပ်ခံ မြန်မာပြည်သူတွေရဲ့ အခုဆိုရင်တော့ ပြည်မက ဗမာ လူမျိုးတွေပေါ့ဗျာ။ ပြည်မနေ ဗမာလူမျိုးတွေရဲ့ လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြတဲ့ NUG အပါအဝင် တခြားအဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းမှုတွေကို ကျွန်တော်တို့က အသိအမှတ်ပြုတယ်။ ဒီလုပ်ရပ်တွေကိုလည်း လေးစားတန်ဖိုးထားတယ်ဆိုတာ ကျွန်တော်တို့ရဲ့ မူဝါဒကို ထုတ်ပြောထားတာ ရှိတယ်။ အခုလည်း အဲ့ဒီမူဝါဒက ဒီအတိုင်းပဲ ဆက်ပြီးတော့ ကိုင်စွဲထားတယ်။ လုံးဝ အပြောင်းအလဲတော့ မရှိပါဘူး။
မေး – စစ်ကောင်စီဟာ စစ်မျက်နှာတွေ အစုံဖွင့်ထားပြီး တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးစကားတွေ တွင်တွင်ပြောနေတယ်။ ဒီလုပ်ရပ်တွေနဲ့ပတ်သက်လို့ကော စစ်ကောင်စီကို ဘာများပြောချင်လဲ။
ဖြေ – အရင်တုန်းက ရှိခဲ့တဲ့ စစ်အစိုးရအဆက်ဆက်ကို ပြန်ကြည့်လိုက်ပါ။ ငြိမ်းချမ်းရေးကြိုးပမ်းမှု ဟာ အစိုးရအဆက်ဆက်က လုပ်ခဲ့ကြတာ ရှိတယ်။ စစ်အစိုးရတွေပဲ ဖြစ်ဖြစ်၊ NLD အစိုးရပဲ ဖြစ်ဖြစ် သူတို့ ငြိမ်းချမ်းရေးအတွက် အစိုးရအဆက်ဆက်မှာ သူတို့ လုပ်ခဲ့ကြတာ ရှိတယ်။ ဒါပေမယ့်လည် အဲ့ဒီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အခုထက်ထိ ဘာမှ ကိုင်ပြစရာ အောင်မြင်မှုဆိုတာ မရှိဘူး။ အဲ့လို ဘာကြောင့်ဖြစ်ရသလဲဆိုတာ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ကိစ္စ ဖြစ်တယ်။ အဓိကကတော့ ငြိမ်းချမ်းရေးစကား ပြောမယ်ဆိုရင် တစ်ဖက်နဲ့တစ်ဖက် ရိုးသားတဲ့ မူဝါဒရှိဖို့ တော်တော် အရေးကြီးတယ်။
အဓိကကတော့ စိတ်ရင်းစေတနာပေါ့ဗျာ။ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တစ်ဖက်နဲ့တစ်ဖက် အပေးအယူ မျှပြီးတော့မှ တရားမျှတမှုကို အခြေခံပြီးတော့ ဖြေရှင်းမယ်ဆိုတဲ့ သူတို့ရဲ့ မူဝါဒ ရှိဖို့လိုတယ်။ အခုက စစ်အစိုးရအဆက်ဆက် လုပ်ခဲ့တဲ့ လုပ်ငန်းတွေမှာ အဲ့လိုမျိုး တရားမျှတမှုကို အခြေခံတဲ့ လုပ်ငန်းစဉ်က မရှိဘူး။ ပြောမယ်ဆိုရင် တစ်ဖက်ကို ဖိနှိပ်တဲ့အချိန်မှာ တစ်ဖက်ကို ငြိမ်းချမ်းရေး လုပ်ထားတယ်။ ဟိုဘက်ကို ဖိတိုက်မယ်ဆိုရင် ဒီဘက်ကို စကားပြောထားတယ်။ အဲ့ဒီလို သံသရာနဲ့ပဲ လည်နေတာ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ပြောတာက ရိုးသားမှုမရှိတဲ့ အတွက်ကြောင့် ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ဘာမှာ မအောင်မြင်တာ။
မေး – AA က ကွန်ဖက်ဒရေးရှင်း ရည်မှန်းချက်အခြေအနေ သိပါရစေ။
ဖြေ – ULA/AA ရဲ့ မူဝါဒဟာ ကွန်ဖက်ဒရေးရှင်းကို ကျွန်တော်တို့က ပြောတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံရေးအဆင့်အတန်းဟာ ကွန်ဖက်ဒရေးရှင်းကို ကျွန်တော်တို့ ရကိုရသင့်တယ်ဆိုတာကို ကျွန်တော်တို့ အခိုင်အမာ ပြောထားတယ်။ အဲ့ဒီလို တစ်ဖက်က ကွန်ဖက်ဒရေးရှင်းကို ရကို ရသင့်တယ်လို့ ပြောပေမယ့်လည်း အဲ့ဒီဟာကို ဘယ်အစိုးရဆီကမှ ကျွန်တော်တို့ တောင်းမှာမဟုတ်ဘူး။ တောင်းနေတာလည်း မဟုတ်ဘူး။ ဆိုလိုတာက ကျွန်တော်တို့ဟာ တိုက်ယူနေတာ။
ကိုယ်လိုချင်တာကို ကျွန်တော်တို့ပြည်သူတွေနဲ့လက်တွဲပြီးတော့ မရရအောင် အကောင်အထည် ဖော်နေတာ ဖြစ်တယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ဟာ တောင်းနေတဲ့အဖွဲ့အစည်းမဟုတ်ဘူး။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ကိုယ့်ရဲ့ လမ်းစဉ်နဲ့ ကိုယ့်ရဲ့ပန်းတိုင်ကို ချီတက်နေတဲ့ အဖွဲ့အစည်းသာ ဖြစ်တယ်။ ဘယ်သူ သဘောတူတူ၊ မတူတူ ကျွန်တော်တို့ကတော့ ညှိနှိုင်းလို့ရရင်တော့ အကောင်းဆုံးပေါ့ဗျာ။
တစ်ဖက်နဲ့တစ်ဖက်က အသေအပျောက် အရင်းအနှီးနည်းတာပေါ့။ ညှိနှိုင်းလို့ရရင်တော့ ညှိနှိုင်းမယ်။ ညှိနှိုင်းလို့မရဘူးဆိုရင်တော့ ကျွန်တော်တို့က တိုက်သင့်ရင် တိုက်မယ်။ ဒါပဲ။ အဓိကကတော့ တိုက်သင့်ရင် တိုက်မယ်၊ ညှိနှိုင်းသင့်ရင် ညှိနှိုင်းမယ်။ ကျွန်တော်တို့ရဲ့ မူဝါဒကတော့ ကျွန်တော်တို့ ချမှတ်ထားတဲ့ ကျွန်တော်တို့ရဲ့ ရက္ခိတလမ်းစဉ်အတိုင်း တသွေမတိမ်း ချီတက်ပြီးတော့မှ ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ကို ကျွန်တော်တို့ ပြည်သူတွေနဲ့ မရရအောင်ကို ဘယ်လိုအရင်းအနှီးပဲ ပေးရပေးရ ကျွန်တော်တို့ ချီတက်မှာ ဖြစ်တယ်။ အဓိကတော့ ဒါပါပဲ။
မေး – စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ULA/AA မှာ မူဝါဒ ပြတ်ပြတ်သားသား ချမှတ်ထားတာ ရှိပါသလား။
ဖြေ – ရွေးကောက်ပွဲကိစ္စကို ပြောဖို့ကတော့ နည်းနည်းတော့ အချိန်စောသေးတာပေါ့။ အခု ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ကျွန်တော့အနေနဲ့ ထူးထူးခြားခြား မှတ်ချက်ပေးစရာတော့ မရှိပါဘူး။ ဒါပေမယ့် ဟိုးအရင်တုန်းက လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေကို ပြန်ကြည့်ရင်တော့ အစိုးရအဆက်ဆက်က ရွေးကောက်ပွဲတွေအများကြီး ကျွန်တော်တို့ ရခိုင်ပြည်မှာ လုပ်ခဲ့တာ ရှိတယ်။ ဒါပေမယ့်လည်း အဲ့ဒီ ရွေးကောက်ပွဲတွေရဲ့ အကျိုးဆက်ကြောင့် ကျွန်တော်တို့ ရခိုင်လူမျိုးတွေရဲ့ လူနေမှု အဆင့်အတန်း၊ နိုင်ငံရေးအဆင့်အတန်း အဲ့လို ဘဝတွေ တစ်စုံတစ်ရာ ပြောင်းလဲသွားတာ အခုအချိန်အထိ လုံးဝ မရှိဘူး။
ဒါကြောင့်မလို့ ဒီရွေးကောက်ပွဲတွေဟာ ကျွန်တော်တို့ရဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို တစ်စုံတစ်ရာ အထောက်အကူပြုမယ့် ရွေးကောက်ပွဲတွေတော့ မဟုတ်ဘူးဆိုတာကတော့ သေချာတယ်ဗျ။ ဘာကြောင့်လည်းဆိုတော့ ရွေးကောက်ပွဲတွေ အကြိမ်ကြိမ် ဖြတ်ကျော်လာခဲ့ပြီးပြီ။ မြန်မာခေါင်းဆောင်တွေရဲ့ သူတို့ အာဏာတည်မြဲဖို့အတွက် အထောက်အကူပေးလိုက်တဲ့ အနေအထားမျိုးလောက်ပဲ ဖြစ်တာပေါ့။ သူတို့ အာဏာရဖို့အတွက် ကျွန်တော်တို့ ရခိုင်ပြည်သူတွေကို အတင်းအဓမ္မ Mandate (ကိုယ်စားပြုမှု) ယူတဲ့ သဘောလောက်ပဲ ဖြစ်တာပေါ့။ ဒါကြောင့်မလို့ ရခိုင်ပြည်မှာ လာလုပ်တဲ့ ဘယ်ရွေးကောက်ပွဲမှ အခုအချိန်ထိ ရခိုင်ဒေသနေ ပြည်သူတွေရဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သူတို့ရဲ့ဘဝ ဖြစ်ပေါ်တိုးတက်ရေးအတွက် တစ်စုံတစ်ရာ အကျိုးပြုတာ မရှိဘူးဆိုတာကိုတော့ အခိုင်အမာပြောနိုင်တယ်ဗျ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)